ကရင်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်သူ ၁၇၀,၀၀၀ ကျော် ရှိဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ခန့်မှန်း

Fri, 10 Jun 2022

    

 

တိမ်းရှောင်သူအများစုမှာ နိုင်ငံတကာ သဘောတူညီစာချုပ်များအတိုင်း ဝင်ရောက်ခိုလှုံခွင့် မရဘဲ မြန်မာနိုင်ငံတွင်သာ ဆက်လက်နေထိုင်ရန် အဓမ္မ ဖိအားပေးခံနေရ

ကရင်၊ ဇွန် ၉။

အာဏာသိမ်းပြီးချိန်မှစ၍ ကရင်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်သူဦးရေမှာ ၁၇၀,၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group – KHRG) က ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်သည့် ငြင်းပယ်ခံပြည်သူများ၏ဘဝများ ဟူသည့် အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

တိမ်းရှောင်သူအများစုသည် ထိုင်းနယ်စပ်သို့ ခိုလှုံခွင့် ရရှိရန်အတွက် ထွက်ပြေးလာကြပြီး ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံတကာ သဘောတူညီစာချုပ်များအတိုင်း ဝင်ရောက်ခိုလှုံခွင့် သို့မဟုတ် အကာအကွယ် မရသည့်အပြင် မြန်မာနိုင်ငံတွင်သာ ဆက်လက်နေထိုင်ရန် အဓမ္မ ဖိအားပေးခံရပြီး စစ်ကောင်စီ၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ကန့်သတ်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ကြုံတွေ့ခံစားခဲ့ရကြောင်း KHRG က ဖော်ပြထားသည်။

တိမ်းရှောင်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ရန်ခက်ခဲသဖြင့် မြန်မာနိုင်ငံ သောင်ရင်းမြစ်တစ်လျှောက်တွင် စစ်ရှောင်စခန်းများကို ဒေသခံဘာသာရေးအဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး ကရင်လူမျိုးများ ဦးဆောင်သည့် အဖွဲ့အစည်း များ၊ နယ်စပ်အခြေစိုက် CBOs/CSOs တို့၏အားထုတ်မှုဖြင့် ဆောက်လုပ်ခဲ့ကြရသည်ဟုလည်းဆိုသည်။

ဒူးပလာယာခရိုင်၊ သောင်ရင်းမြစ်အနီးနှင့် မြစ်ကမ်းတစ်လျှောက်၌ စစ်ပြေးရှောင်စခန်းများတွင် နေထိုင်သူ ဦးရေမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ၄,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ဧပြီလတွင် ၁၁,၄၀၀ ထိ များ လာခဲ့ပြီး စခန်းအရေအတွက်မှာ ၅ ခုမှ ၈ ခု အထိ တိုးမြှင့်လာကြောင်းယင်းအစီခံစာအရ သိရသည်။

တိမ်းရှောင်သူများသည် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ လုံလောက်စွာမရရှိကြဘဲ အနီးနားရှိ သစ်တော၊ ကျောက်ဂူများ နှင့် မြစ်ကမ်းဘေးတစ်လျှောက်တွင် ပုန်းအောင်းနေကြရသဖြင့် စားဝတ်နေရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များနှင့်နယ်ခြားစောင့်တပ်စသည့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ ၅ လအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၆၀ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး - ဗဟို၏ လစဉ် ထုတ်ပြန်ချက်များကို အခြေခံကာ BAP ကတွက်ချက်ထားသည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ ၅ လ အတွင်း တိုက်ပွဲပေါင်း ၂,၀၀၀ နီးပါးဖြစ်ပွားခဲ့ပြီး အရပ်သား ၁၄၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ပုံစာ- စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုကြောင့် ရှောင်တိမ်းနေရသည့် ကရင်ဒေသခံများ

Related Readings