လေးကေ့ကော် ဒုက္ခသည်တွေ ယာယီတဲ အမိုးအကာတွေ အရေးပေါ်လိုအပ်နေ

Tue, 22 Mar 2022

   

 

မတ်လ ၂ဝရက်နေ့ညနေက လေပြင်းတိုက်ပြီး မိုးကြီးခဲ့တာကြောင့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးက လေးကေ့ကော် ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲတွေမှာ အမိုးအကာတွေ ပျက်စီးသွားလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ နော်ထူးထူးက မိုးဒဏ် လေဒဏ်ခံနိုင်တဲ့ အမိုးအကာတွေ အခင်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

“မုန်တိုင်းကြောင့် မိုးက သာမန်လိုမျိုးမဟုတ်ဘဲ မိုးတအားကြီးတာ၊ လေလည်း တအားပြင်းတာ၊ ရေက အကုန်လုံး သူတို့နေတဲ့ တာလပတ်ခင်းထားတဲ့အထဲကို အကုန်ဝင်သွားတယ်၊ တာလပတ်တွေလည်း စုတ်ပြတ်သွားတယ်၊ အမိုးတွေ မရှိသလောက်ဖြစ်သွားတယ်၊ သူတို့အနေနဲ့ ခက်ခဲတာပေါ့နော်။ ရာသီဥတုကလည်း ဆိုးဝါး၊ နောက်ပြီး တိုက်ပွဲသတင်းတွေကလည်း နေ့တိုင်းပဲဆိုတော့ သူတို့မှာ ကြောက်လည်းကြောက်ရတယ်၊ ပြေးစရာနေရာကို မရှိတာ၊ ထိုင်းဘက်ကို ပြေးလို့လည်းမရ၊ ဟိုအထဲကိုလည်း ပြေးမယ့်မြေမရှိ၊ ရာသီဥတုကလည်း ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ပုံစံမျိုးပေါက်နေတာပေါ့နော်၊ သူတို့ခမျာ ဘာလုံခြုံမှုမှ မရှိဘူး၊ တိုက်ပွဲကြောင့် မလုံခြုံတာက တစ်မျိုး၊ ရာသီဥတုဒဏ်ကိုလည်း ခံရတာက တစ်မျိုး၊ စစ်ဘေးရှောင်တွေက အထပ်ထပ်ခံနေရတယ်။ သူတို့ဘယ်လောက်အထိ ဒုက္ခရောက်နေမလဲဆိုတာ။”

သောင်ရင်းမြစ်တစ်လျှောက်မှာ စစ်ရှောင်နေတဲ့ လေးကေ့ကော်ဒေသက ဒုက္ခသည် နှစ်သောင်းကျော် ရှိတယ်လို့ KHRG စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ ဝါးအခင်းတွေ၊ မိုးလေဒဏ်ခံနိုင်တဲ့ တာလပတ်တွေနဲ့ နေရတဲ့ ဒုက္ခသည်တွေ ရှိသလို မိုးလေဒဏ်မခံနိုင်တဲ့ တာလပတ်တွေနဲ့သာနေရတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ဒီဒုက္ခသည်တွေထဲမှာ ကျန်းမာရေးမကောင်းသူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေလည်း ပါဝင်ပါတယ်။

လေးကေ့ကော်ဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့လို့ ဒေသခံတွေဟာ သောင်ရင်းမြစ်ဘေးတစ်လျှောက်မှာ ယာယီတဲတွေထိုးပြီး နေကြသူတွေရှိသလို ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေကြသူတွေလည်း ရှိပါတယ်။

Related Readings