ကရင်ပြည်နယ် နေရာအနှံ့က စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေ

Wed, 23 Feb 2022

   

(ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များဆိုင်ရာအချက်အလက်ဖော်ပြချက်)

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ခရိုင် (၅)ခုက စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အမိုးအကာ၊ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေထံမှ သိရပါတယ်။

တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ လတ်တလောမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မိုးရွာသွန်းမှုနဲ့ ဆောင်းတွင်းအအေးဒဏ်ကြောင့် အခက်ကြုံနေခဲ့ရပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ၊ နို့မှုန့်တွေလိုအပ်ချက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

လက်ရှိမှာတော့ KNU ထိန်းချုပ်နယ်မြေတွေအတွင်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၇၀၀၀၀ ကျော်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

+++++++++++++++++++++++++++++++++++++++++

မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ခပ်စိတ်စိတ်ဖြစ်ပွားလာသော လက်နက်ကိုင်တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးလွှားနေကြရသည်။

အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်၊ သဘာဝဘေးဒဏ်ခံရသည့် နေရာများသို့ ရွေ့ပြောင်းနေထိုင်ကြရသည်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုမိုတိုးပွားလာသော ပဋိပက္ခတွေအကြား လက်ရှိတွင် မြန်မာပြည်တောင်ပိုင်းဒေသ၌ စစ်ဘေးဒုက္ခသည်များ တစ်သိန်းနှစ်သောင်းကျော်လာပြီဖြစ်သည်။

ပဲခူးတိုင်းရှိ ရွှေကျင်၊ ကျောက်ကြီးနှင့် ညောင်လေးပင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ယခုနှစ်ဆန်းပိုင်းကတည်းက စစ်ဘေးဒုက္ခသည် ၃၀၀၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

မွန်ပြည်နယ်ရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် ၃၉၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့၊ ကော့ကရိတ်နဲ့ ဖာပွန်မြို့နယ်အပြင် မြဝတီမြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် ၉၀၂၂၀ ဟာ တောတွင်းနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူစစ်ရှောင်စခန်းမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိနေခဲ့ပါတယ်။ ဆက်လက်ပြီး ကော့ကရိတ်ဒေသအတွင်းက ရွာတွေမှာလည်း တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် ထပ်ရှိလာနေပါတယ်။

တနင်္သာရီတိုင်းထဲက မြို့နယ်အချို့မှာလည်း စစ်ဘေးဒုက္ခသည် ၃၇၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲဖြစ်ပွားတာနဲ့ ဘေးကင်းရာကိုရှောင်နေရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုအဆင်ပြေပြေမရှိတာ၊ သဘာဝဘေးတွေကြုံနေရတာအပြင် ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနေပါတယ်။

သံလွင်တိုင်းမ်သတင်းဌာန

စစ်ဘေးဒုက္ခသည်များ၏ အချက်အလက်ကိုတော့ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တွေကနေတဆင့် ရယူပြုစုတာဖြစ်ပြီး မြေပြင်စာရင်းကို အခြေပြုပါတယ်။

မှတ်ချက် - မြန်မာပြည်အနှံ့အပြားတွင် စစ်ဘေးဒုက္ခသည်ပေါင်း ၉၀၀၀၀၀ ကျော်ရှိနေပြီးဖြစ်ပါတယ်။ သံလွင်တိုင်းမ်သတင်းဌာနမှ ယင်း၏အခြေပြုရာဒေသဖြစ်သော မြန်မာပြည်တောင်ပိုင်းဒေသ၏ စစ်ဘေးဒုက္ခသည်များ၏ အခြေအနေကိုသာ ဖော်ပြထားခြင်းဖြစ်ပါတယ်။

Related Readings