Thu, 31 Mar 2022
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - SAC စစ်သားများမှ ရွာ သားများအား သတ်ဖြတ်ခြင်း၊ ရွာသားများ၏ပိုင်ဆိုင်မှုများနှင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားဒေသအတွင်း လက်နက် ကြီးများပစ်ခတ်ခြင်းနှင့် နေရပ်ရွှေ့ပြောင်းခံရမှုများ

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ဒေါ့ဖာခို့ (သံတောင် ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ မတ်လအစောပိုင်းတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တို့ကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့ သည်။ ပြန်လည်တုန့်ပြန်သည့်အနေဖြင့် SAC သည် အရပ်သားဒေသများတွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ကြောက်ရွံ့၍ ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် SAC မှ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်တစ်လုံးနှင့် ဆိုင်တစ်လုံးအပါအဝင် ရွာသားများ၏ပိုင်ဆိုင်မှု များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုမျှမက SAC စစ်သားတစ်ဦးမှ ရွာသားတစ်ဦးကို ၎င်း၏အိမ်ထဲတွင် သေနတ်ဖြင့်ပစ် သတ်ခဲ့ပြီး ထိုရွာသား ကို တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ တစ်ရွတ်တိုက်ဆွဲ၍ ပစ်ထားခဲ့သည်။ [1]

 

 

၂၀၂၂ခုနှစ်၊ မတ်လ ၇ရက်နေ့ ညနေ (၃း၁၅) မိနစ်တွင် တောအူး (တောင်ငူ)ခရိုင်၊ ဒေါ့ဖာခို့ (သံတောင်ကြီး) မြို့နယ်၊ ချစ်သူစောကျေးရွာအုပ်စု၊ အ---ကျေးရွာအနီး တပ်မဟာ (၂)မှ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းအမှတ် (၅)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၆၀၄) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ SAC ခမရ (၆၀၄) သည် အ---ကျေးရွာအနီးရှိ ဒေဒါးခိုတပ်စခန်းတွင် အခြေစိုက်သည်။ (ခမရ (၆၀၄) သည် ဒေါ့ဖာခို့မြို့နယ်၊ ကလေခို့ကျေးရွာအုပ်စု၊ ဒ---ကျေးရွာတွင်လည်း အခြေစိုက်သည်။) (ဒေဒါးခိုတပ်စခန်းတွင်အခြေစိုက်နေထိုင်သော) တပ်ရင်းမှူးဟိန်းစံ ထွန်းမှ SAC ခမရ (၆၀၄)ကို ဦးဆောင်သည်။ တိုက်ပွဲဖြစ်ပြီးနောက် ဒေဒါးခိုတပ်စခန်းတွင်အခြေစိုက်သော SAC ခမရ (၆၀၄)မှ ကျေးရွာများအနီးတွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ဒေသခံရွာသားများသည် လက်နက်ကြီးများ ထိမှန်မိမည်ကို စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ ရွာသားတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိ ခဲ့ပေ။ သို့သော်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများပိုင်ဆိုင်သည့် ဖာလာခြံ၊ နံနွင်းခြံနှင့် ကော်ဖီခြံများ ပျက်စီးခဲ့သည်။

၂၀၂၂ခုနှစ်၊ မတ်လ ၈ရက်နေ့ မနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထောက်ပို့ရေးတပ်ဖွဲ့အမှတ် (၉၃၀) သည် ဒေါ့ဖာခို့မြို့နယ်ရှိ တာဘွဲကလိုတပ်စခန်းနှင့် သောက်ရေခပ်တပ်စခန်းသို့ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်ပြီးနောက် တောင်ငူမြို့သို့ပြန်လာခဲ့သည်။ ၎င်းတို့ပြန်လာသည့်လမ်းတွင် ဒေသ ခံ KNLA စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံ၍ မနက် (၇း၄၅) မိနစ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း SAC စစ်သားငါးဦးထက်မနည်း သေဆုံးခဲ့ပြီး SAC စစ်ကားတစ်စီးလည်း ပျက်စီးခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဒေါ့ဖာခို့မြို့နယ်၊ ကွဲပလိုကျေးရွာအုပ်စု၊ ဘ---ကျေးရွာနှင့် စ---ကျေးရွာ ကြားတွင် ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေါ့ဖာခို့မြို့နယ်၊ ကလေခိုကျေးရွာအုပ်စု၊ ဒ---ကျေးရွာတွင် အခြေစိုက်သည့် (တိုက်ပွဲဖြစ်သည့်နေရာနှင့် ဆယ်မိုင်ခန့်ကွာဝေးသည်) SAC ခမရ (၆၀၄)သည် ၎င်းတို့တပ် စခန်းမှနေ၍  ဒ---၊ စ---၊ အ---နှင့် ထ---ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကြီး (၁၅)လုံး ပစ်ခတ် ခဲ့သည်။ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွာသားများ၏စိုက်ပျိုးခြံများ ပျက်စီးခဲ့သည်။ လက်နက်ကြီး ပေါက်ကွဲမှုအရှိန်ကြောင့် ရွာသားများ၏အိမ်များတုန်ခါသွားပြီး ၎င်းတို့ကြောက်ရွံ့နေကြ၍ ရွာမှထွက်ပြေး တိမ်းရှောင်ခဲ့သည်။

ဒေသခံရွာသားများ၏ပြောပြချက်များအရ ၂၀၂၂ခုနှစ်၊ မတ်လ ၈ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်တွင် SAC ခမရ (၆၀၄) စစ်သားတစ်ဦးသည် ဘ---ကျေးရွာရှိ စောအောင်အောင်၏အိမ်တွင်ဝင်၍ ၎င်းအား သေနတ်ဖြင့် ငါးချက်ပစ်သတ်ခဲ့သည်။ (ဒေသခံများမှ စောအောင်အောင်၏ကိုယ်တွင် ကျည်ဆံငါးလုံးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။) စောအောင်အောင်သည် အသက် (၃၀) နှစ်ခန့်ရှိပြီး ၎င်းမှာ သားတစ်ဦးရှိသည်။ စောအောင်အောင်အား ပစ်သတ်ရန် အမိန့်ပေးခဲ့သူမှာ တပ်ရင်းမှူးဟိန်းစံထွန်းဖြစ်သည်။ စောအောင်အောင် သေဆုံးဖြစ်နောက် SAC စစ်သားများမှ ၎င်း၏ကိုယ်တွင်ရှိသော ပိုက်ဆံနှင့်ဖုန်းတစ်လုံးကို သိမ်းယူခဲ့သည်။ ထို့နောက် SAC စစ်သားများသည် စောအောင်အောင်၏အလောင်းကို လမ်းမပေါ်တွင် ဒရွတ်တိုက်ဆွဲ၍ ဘ---ကျေးရွာမှ ယခင်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ သယ်ဆောင်လာခဲ့သည်။ (ယင်းလုပ်ရပ်ကိုကြည့် ခြင်းအားဖြင့် စောအောင်အောင်သည် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့်ပုံစံမျိုး ဖန်တီးလုပ်ဆောင်နေသည် မှာ ဖြစ်နိုင်ချေများသည်။) ၂၀၂၂ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဒေသခံရွာသားများက စောအောင်အောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ၎င်း၏ရုပ်အလောင်းမှာ အနံ့ထွက်၍ ပုပ်ပွနေပြီးဖြစ်သည်။

၂၀၂၂ခုနှစ်၊ မတ်လ ၉ရက်နေ့ ညနေ (၆း၃၀) မိနစ်တွင် တပ်ရင်းမှူးဟိန်းစံထွန်းဦးဆောင်သော SAC ခမရ (၆၀၄)မှ တပ်သား (၂၀)ခန့်သည် ဒေါ့ဖာခို့မြို့နယ်၊ ကလေခို့ကျေးရွာအုပ်စု၊ ဒ---ကျေးရွာတွင် ဝင်ရောက် လာခဲ့သည်။ ထို့နောက် ၎င်းတို့သည် (SAC) ဒေါ့ဖာခို့မြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ ဖ---ရွာနှင့် ဒ---ရွာကြားရှိ ရွာသားများပိုင်ဆိုင်သော စိုက်ပျိုးခြံများထဲသို့ လက်နက်ကြီး (၆)လုံးနှင့် လက်နက်ငယ်ဖြင့် အချက်ပေါင်း (၁၀၀)ခန့် ပစ်ခတ်ခဲ့သည်။ ဖ---ရွာ၊ ဒ---ရွာတို့နှင့် စိုက်ပျိုးခြံထဲတွင်နေထိုင်ကြသော ရွာသားများသည် ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ လက်နက်ကြီး၊ ငယ်များ ပစ်ခတ်ပြီးနောက် ည (၇း၃၀) မိနစ်ဝန်းကျင်ခန့်တွင် တပ်ရင်းမှူးဟိန်းစံထွန်းသည် ၎င်း၏တပ်သား (၁၁)ဦးနှင့်အတူ ဒ--- ရွာ တွင်ရှိသော ရပ်ကွက် (၃)အုပ်ချုပ်ရေးမှူးအိမ်သို့ သွားရောက်ခဲ့သည်။ သို့သော် အိမ်တွင် အုပ်ချုပ်ရေးမှူး မရှိခဲ့ပေ။ ထိုအချိန်တွင် ၎င်း၏အမျိုးသမီးသာ အိမ်တွင် ရှိနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့ (SAC တပ်ရင်း မှူးနှင့် သူ၏တပ်သားများ) သည် အုပ်ချုပ်ရေးမှူး၏အအမျိုးသမီးကို စကားပြောဆို၍ ရွာထဲတွင်ရှိသော KNU အဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုများအကြောင်းကို မေးမြန်းခဲ့သည်။ သူမက KNU အဖွဲ့ဝင်များ ကိုမသိ သည့်အကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် SAC တပ်သားများမှ သူမအား သေနတ်ဖြင့်ချိန်၍ ၎င်းတို့အား KNU အဖွဲ့ဝင်များ၏အိမ်များကို လိုက်လံပြပေးရန် အမိန့်ပေးခဲ့သည်။ (ကြောင်ရွံ့မှုများကြောင့်) သူမလည်း (ဘာမှမသိရှိရဘဲ) SAC တပ်သားများအား အိမ်တစ်အိမ်ကို ထိုးပြခဲ့သည်။ ထို့နောက် SAC တပ်သားများသည် ထိုအိမ်တွင်ရှိသော အစားအစာများ၊ အဝတ်အစားများ၊ အိမ်သုံးပစ္စည်းများ၊ အိုးခွက် ပန်ကန်များနှင့် နနွင်းခြောက် ပိဿာ (၃၀၀)ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ (ရွာသားများသည် ၎င်းတို့၏စား ဝတ်နေရေးအတွက် နနွင်းခြောက်ကိုရောင်း၍ ဝင်ငွေရှာနေရသည်။) ထို့အပြင် SAC တပ်သားများသည် ထိုအိမ်တွင်ရှိသော စမတ်ဖုန်းတစ်လုံးကိုလည်း သိမ်းယူခဲ့သည်။

၂၀၂၂ခုနှစ်၊ မတ်လ ၉ရက်နေ့ ည (၈း၃၀) မိနစ်တွင် SAC ခမရ (၆၀၄) သည် ဒေသခံရွာသားများအား ၎င်းတို့ ရွာမှ ထွက်ခွာပေးရန်အတွက် ကျေးရွာအနီးတွင် လက်နက်ကြီးများပစ်ဖောက်၍ သတိပေးခဲ့သည်။ ခမရ (၆၀၄)မှ SAC စစ်သားများသည်  ရွာသားများအား ၎င်းတို့ပိုင်ဆိုင်မှုပစ္စည်းများကို သယ်ဆောင်၍ ၂၀၂၂ခုနှစ်၊ မတ်လ ၁၀ရက်နေ့ မနက် (၁၀) နာရီတွင် အခြားနေရာများသို့ ပြောင်းရွှေ့ပေးရန် ပြောခဲ့သည်။ အဘယ် ကြောင့်ဆိုသော် SAC သည် မတ်လ ၁၀ရက်နေ့ မနက် (၁၀) နာရီနောက်ပိုင်းတွင် နယ်မြေရှင်းလင်း ရန်အတွက် ဒ---ကျေးရွာရှိ ရပ်ကွက် (၃)တွင် လက်နက်ကြီးများပစ်ခတ်မည်ဟု ပြောကြားခဲ့သည်။ ၂၀၂၂ခုနှစ်၊ မတ်လ ၁၀ရက်နေ့ မနက်စောစောတွင် အချို့သောရွာသားများက ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း လုံခြုံသောနေရာများသို့ သွားရောက်တိမ်းရှောင်ခဲ့သည်။ အချို့လည်း ခြေကျင် ဖြင့်လမ်းလျှောက်၍ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ရွာသားများသည် မနက်စာကိုပင်ချက် မစားရသေးပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၂ခုနှစ်၊ မတ်လ ၁၁ရက်နေ့ မနက် (၁၁)နာရီတွင် SAC ခမရ (၆၀၄)သည် ဒေါ့ဖာခို့မြို့နယ်၊ ကွဲပလိုကျေးရွာ အုပ်စု၊ ဘ---ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးပိုင်ဆိုင်သည့်ဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဆိုင်၏တန်ဖိုးမှာ ကျပ်သိန်းသုံးဆယ်ကျော်ရှိသည်။ SAC မှ ဆိုင်ကို မီးရှို့ဖျက်ဆီးပြီးနောက် ဘ---ကျေးရွာသားများသည် ရှေ့ဆက်ကြုံတွေ့ရမည့်အကြမ်းဖက်ခံရမှုကို ရှောင်ရှားရန်အတွက် အနီးအနားရှိ တောထဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွာသားများသည် SAC လုပ်ရပ်များကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ဘ---ရွာသည် (၂၀၂၂ခုနှစ်၊ မတ်လ ၈ရက်နေ့တွင်) KNLA နှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးတွင် တည်ရှိသည်။ ထို့အပြင် SAC စစ်သားများသည် မည်သည့် ရွာသားကိုမျှ ရွာအပြင်သို့ မပေးထွက်ဘဲ ရွာသားများ၏သွားလာလှုပ်ရှားမှုကို ပိတ်ပင်ကန့်သတ်ခဲ့သည်။ (တစ်ချို့ရွာသားများသည် တိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပြီးဖြစ်သည်။) ထိုနောက်ပိုင်းတွင် SAC မှ ရွာသားများအား ရွာအပြင်သို့ သွားလာခွင့်ပြုခဲ့သည်။ သို့သော် ရွာသားများအားလုံးနီးပါးသည် ကျေးရွာအနီးတွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ရွာမှ တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်နေပြီးဖြစ်သည်။ ထို့အပြင် ၂၀၂၂ခုနှစ်၊ မတ်လ ၉ရက်နေ့တွင် ခမရ (၆၀၄)မှ ဒေါ့ဖာ ခို့မြို့နယ်၊ ကလေခိုကျေးရွာအုပ်စု၊ ဒ---ကျေးရွာအနီးရှိ ကိုဗစ်-၁၉စစ်ဆေးရေးဂိတ်တစ်လုံးကို မီးရှို့ဖျက် ဆီးခဲ့သည်။

Thu, 31 Mar 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ မတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်