Mon, 23 Nov 2020
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: နို့တကောမြို့နယ်တွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (မုဒိန်းမှု) (၂၀၂ဝခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ၊ ၂၆ရက်နေ့၌ ဒူးပလာယာခရိုင်၊ နို့တကော (ကြာ အင်းဆိပ်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတစ်ခုကို ဖော်ပြထားပါသည်။ ဦးမောင်ငြိမ်းမှ အသက် ၂၁နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ဖြစ်သူ နော်က---အား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့သည်။ သို့သော် ဦးမောင်ငြိမ်းက နော်က---အား အဓမ္မပြုကျင့်ခဲ့ကြောင်းကို ငြင်းဆိုခဲ့သည်။ ဦးမောင်ငြိမ်းမှ နော်က---အား အဓမ္မပြု ကျင့်ပြီးနောက်တွင် နော်က---သည် သူမ၏ အိမ်သို့ပြန်လာခဲ့ပြီး ၎င်းကိစ္စရပ်ကို သူမ၏အမျိုးသားအား ပြန်လည် ပြောပြခဲ့သည်။ ထို့နောက် သူမ၏အမျိုးသားက သူမ၏မျက်နှာကို နှစ်ချက်ထိုးနှက်ခဲ့သည်။ ၎င်းအမှုကို အရေးယူဆောင် ရွက်ပေးခြင်းမရှိသေးပေ။ ဤအမှုကို အရေးယူဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ချက်မချနိုင်မှီ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ စုံစမ်းစစ်ဆေးမှုများအား လုပ်ဆောင်ရန် လိုအပ်ပါသည်။[1] 

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂ဝ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တာဃေါ်ကျေးရွာအုပ်စု၊ ခ---ကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်က---

အသက်

၂၁ နှစ်

ကျား/မ

မ  

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

စိုက်ပျိုးခြံ   

ကိုးကွယ်သည့်ဘာသာ

ခရစ်ယာန်

ရာထူး

ရွာသား

နေရပ် ရွာအမည်

ခ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

ကျေးရွာ

ဦးမောင်ငြိမ်း

----

ခ---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

နို့တာဃေါ်ကျေးရွာသားတစ်ဦးမှ ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွန်တော့်အား အကြောင်းကြားခဲ့သည်။ ၎င်းကိစ္စကို ကြားသိရှိပြီးနောက်တွင် ကျွန်တော်သည် နို့တာဃေါ်ကျေးရွာခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် အဓမ္မပြုကျင့်ခံရသူနှင့်လည်း ကိုယ်တိုင်တွေ့ဆုံခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်အား သိရှိထားသောသူများနှင့် ကျွန်တော့်အား သတင်းအကြောင်းအရာပေးသောသူများသည် ဒေသခံကျေးရွာ ခေါင်းဆောင်များနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များဖြစ်ကြသည်။ ဤအခင်းဖြစ်ပွားပြီး နောက်ပိုင်းတွင် နော်က---မှ သူမကိုယ်တိုင်ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များကို ဒေသခံကျေးရွာခေါင်း ဆောင်များအား တင်ပြခဲ့သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို နော်က---မှ ဤသို့ရှင်းပြခဲ့သည်။ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့ ညနေ ၆း၃၀ မိနစ်တွင် နော်က---သည် အလေးသွားရန် အပြင်သို့ထွက်လာခဲ့သည်။ (အိမ်သာမရှိသည့်အ တွက် သူမသည် ချုံပင်ကြားတွင်သာ အလေးသွားခဲ့သည်။) သူမ၏အိမ်အနီးနားရှိ သစ်ပင်တစ်ပင်နားတွင် အလေးသွားနေစဉ်အတွင်း  သူမ၏အနောက်တွင် သစ်ကိုင်းကျိုးသွားသည့်အသံကိုကြားခဲ့ပြီး အနောက်သို့ လှည့်ကြည့်သည့်အချိန်တွင် သူမအနားတွင် ဦးမောင်ငြိမ်းရောက်ရှိလာသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် ဦးမောင်ငြိမ်းသည် သူမအား သစ်ပင်နှင့်ဖိပြီး အတင်းဆွဲယူခဲ့သည်။ သူမသည် အကူအညီတောင်းရန် အတွက် အော်ဟစ်ရန်ကြိုးစားနေချိန်တွင် ဦးမောင်ငြိမ်းမှ သူမ၏လည်ပင်းကိုညှစ်၍ ဤကဲ့သို့ ခြိမ်းခြောက်ခဲ့ သည်။ “မအော်နဲ့နော်။ မင်းအော်ရင် ငါမင်းကိုသတ်မယ်။”  ထိုသစ်ပင်အနားတွင်ရှိသော ခြံစည်းရိုးများကို သံဆူးကြိုးနှင့်ပြုလုပ်ထားသည့်အတွက် နော်က---သည် အသတ်ခံရမည်ကို ကြောက်ရွံ့နေသောကြောင့် သူမသည် အော်ဟစ်အကူအညီတောင်းရန် မပြုလုပ်ခဲ့ပေ။ နော်က---၏ပြောပြချက်အရ ဦးမောင်ငြိမ်းမှ သူမအား အတင်းအဓမ္မပြုကျင့်ခဲ့သည်။ သူမအား အဓမ္မပြုကျင့်ပြီးနောက်တွင် ဦးမောင်ငြိမ်းသည် သူမအား ထွက်သွားခွင့်မပြုခဲ့ပေ။ ထို့နောက် ဦးမောင်ငြိမ်းသည် သူမအား နာကျင်စေရန်အတွက် အရာဝတ္တုတစ်စုံ တစ်ခုကို လိုက်လံရှာဖွေခဲ့သည်။ ထိုအချိန်တွင် နော်က---သည် ဦးမောင်ငြိမ်းအား တွန်း၍ သူမအိမ်ဆီသို့ အမြန်ထွက်ပြေးလာခဲ့သည်။ 

 

ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး နော်က---သည် သူမ၏အမျိုးသားအား ပြောပြခဲ့သည်။ သူမ၏ အမျိုးသားသည် စိတ်ဆိုး၍ သူမ၏မျက်နှာကို နှစ်ချက်ထိုးနှက်ခဲ့သည်။ ထိုတစ်နေ့ညနေပိုင်းတွင် နော်က---သည် ၎င်းဖြစ်စဉ် နှင့်ပတ်သက်ပြီး ဒေသခံကျေးရွာခေါင်းဆောင်များထံသို့ တင်ပြခဲ့သည်။ ထို့နောက် ကျေးရွာခေါင်းဆောင် များက ဦးမောင်ငြိမ်းကို ဖမ်းဆီးခဲ့သည်။ သို့သော် ဦးမောင်ငြိမ်းသည် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံခြင်းမရှိ ခဲ့ပေ။ နောက်တစ်နေ့တွင် ဦးမောင်ငြိမ်းအား နို့တကောမြို့နယ်ရှိ ကရင်အမျိုးသား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့ သည်။ ရဲအရာရှိများသည် ၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့တွင် နော်က---နှင့်တွေ့ဆုံ၍ အမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။ သို့သော် တိကျသည့်အချက်အလက်များ မရရှိခဲ့သည့်အတွက် ကြောင့် ၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ရဲအရာရှိများမှ နောက်တစ်ကြိမ် စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ခဲ့သည်။ ရဲအရာရှိများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဦးမောင်ငြိမ်းက ၎င်း သည် နော်က---အား အဓမ္မပြုကျင့်ခဲ့ကြောင်းကို  ငြင်းဆိုခဲ့သည်။ ဆက်လက်၍ ဦးမောင်ငြိမ်းမှ နော်က---သည် သူနှင့်လိင်ဆက်ဆံရန် သဘောတူခဲ့ကြောင်း ပြောဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး ကြားတွင် ဆက်ဆံရေးတစ်စုံတစ်ရာရှိနေသောကြောင့် သူမသည် ၎င်းနှင့်လိင်ဆက်ဆံရန်သဘောတူ၍ ထိုညနေတွင် သူမက ၎င်းနှင့်လာရောက်တွေ့ဆုံရန် သဘောတူခဲ့ကြောင်း ဦးမောင်ငြိမ်းမှ ဖွင့်ပြောခဲ့သည်။ ဦးမောင်ငြိမ်းသည် သူမနှင့်အတူ သုံးကြိမ်တိတိ လိင်ဆက်ဆံခဲ့ပြီးဖြစ်၍ သူမသည် ၎င်းအား လိင်ဆက်ဆံ ရန်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

 

၎င်းကိစ္စနှင့်ပတ်သက်ပြီး နော်က---မှ ဤကဲ့သို့ ပြန်လည်တင်ပြခဲ့သည်။ “ကျွန်မ ရှင်နဲ့ လိင်ဆက်ဆံခဲ့ တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ရှင်ကျွန်မကို အဓမ္မပြုကျင့်ခဲ့တာ တစ်ကြိမ်ပဲရှိတယ်။”  ပြစ်မှုကျူး လွန်သူနှင့် စော်ကားခံရသူတို့မှ မတူညီသည့်ထွက်ဆိုချက်များ တင်ပြခဲ့သောကြောင့် ဤအမှုကို အရေးယူ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း မရှိခဲ့ပေ။ ကျေးရွာခေါင်းဆောင်နှင့် ဒေသခံကရင်အမျိုးသမီး အဖွဲ့အစည်း (KWO) မှ ဝန်ထမ်းများတို့သည် နော်က---အား ၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့ တွင် ဒူးပလာယာခရိုင်ရှိ KWO ၏လုံခြုံစိတ်ချမှုရှိသော အိမ်တွင် ပို့ဆောင်၍ နေထိုင်စေခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ပတ်ဝန်းကျင်မှ သူမအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ဝေဖန်ကဲ့ရဲ့ခြင်းတို့ကြောင့် သူမ၏ရွာ တွင် နေထိုင်ရန်အဆင်မပြေကြောင်း နော်က---မှ တင်ပြခဲ့သည်။ ဤအမှုအား အရေးယူဆောင်ရွက်ရန် လုပ်ဆောင်ခြင်းများ မရှိသေးပေ။ ကရင်အမျိုးသားရဲတပ်ဖွဲ့၏ပြောပြချက်အရ ဤအမှုကို ကိုင်တွယ်ဖြေရှင်း ရန်အတွက် နောက်မှသာ (၎င်းတို့မှ ထပ်မံ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာလျှင်) ဆုံးဖြတ်ချက်ချ မှတ်မည်ဖြစ်သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

 ဤသတင်းအကြောင်းအရာများကို လိုအပ်သလို အသုံးပြုနိုင်ကြောင်း နော်က---မှ ခွင့်ပြုချက်ပေးထားပါ သည်။ 

Mon, 23 Nov 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ အောက်တိုဘာတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်