Tue, 02 Jun 2026
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်မှ ကရူတူးမြို့ နယ်အတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦးထိမှန်ဒဏ်ရာရရှိပြီး လူနေ အိမ်များထိခိုက်ပျက်စီးမှု (၂၀၂၆ ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် မြန်မာစစ်တပ်သည် သလွဲထော်ကျေးရွာအုပ်စုရှိ အအ---ကျေးရွာတွင်းသို့ လက်နက်ကြီး (၁၂၀) မမနှစ်လုံးပစ်ခတ်၍ ရွာ သားတစ်ဦးထိမှန်ဒဏ်ရာရရှိပြီး ၎င်း၏နေအိမ်နှင့်အခြားအိမ် (၃)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွာသားများသည် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေကြသည်။ ညအချိန်တွင် တစ်ချို့ရွာသားများသည် ၎င်းတို့နေအိမ်တွင်မအိပ်ရဲတော့ပဲ ကျေးရွာဘုန်းကြီးကျောင်းတွင် ပုန်းရှောင်အိပ်ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လက်နက်ကြီးပစ်ခတ်မှု) SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) သည် လက် နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦးဒဏ်ရာရရှိပြီး လူနေအိမ်များထိခိုက်ပျက်စီးမှု (SAC ကို မြန်မာစစ်တပ်ဟုလည်း သိကြသည်)

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ သလွဲထော်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

အသက်

၁၉ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ သလွဲထော်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

(မြန်မာစစ်တပ်) ခမရ (ခြေမြန် တပ်ရင်း) အမှတ် (၂၃၀)

(ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့အနီး ရှိ) လှိုင်ဝတပ်စခန်း

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ကရူတူးမြို့နယ်မှ ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) တာ ဝန်ခံတစ်ဦးနှင့်စကားပြောရင်း မြန်မာစစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို သိရှိခွင့်ရခဲ့သည်။ (KHRG ကွင်း ဆင်းလုပ်သားသည် အခင်းဖြစ်သည့်နေရာသို့သွားရောက်၍ လက်နက်ကြီးထိမှန်ဒဏ်ရာရသည့်ရွာသားနှင့်၎င်း၏အဖိုး ဖြစ်သူတို့အား တွေ့ဆုံပြီးအင်တာဗျူးခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသည့်နေရာကိုလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

(KHRG ကွင်းဆင်းလုပ်သားသည်) လက်နက်ကြီးထိမှန်ဒဏ်ရာရသည့် စောအ---နှင့်၎င်း၏အဖိုးတို့ကို အင်တာဗျူးခဲ့ပါ သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ သလွဲထော်ကျေးရွာအုပ်စု၊ အအ---ကျေးရွာသည် KNU (ကရင်အမျိုးသား အစည်းအရုံး) ထိန်းချုပ်နယ်မြေအောက်တွင်တည်ရှိသည်။ SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အနေဖြင့် ၂၀၂၁ ခုနှစ်အာဏာသိမ်းအချိန်မှစ၍ ၂၀၂၆ ခုနှစ်ရောက်သည့်အထိတွင် ဤနယ်မြေဒေသကို ထိန်းချုပ်စိုးမိုးမှုမလုပ်နိုင်ခဲ့ပါ။ ထိုသို့ SAC စစ်သားများသည် ဤနယ်မြေဒေသတွင် မရောက်ရှိနိုင်သော်လည်း ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၃၀) သည် ထိုကျေးရွာတွင်းသို့ လက်နက်ကြီး (၁၂၀) မမများ မကြာခဏပစ်ခတ်လေ့ရှိသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ညနေသုံး၊ လေးနာရီလောက်တွင် SAC သည် အအ---ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၂၀) မမနှစ်လုံးပစ်ခတ်၍ ရွာသားတစ်ဦးဖြစ်သူ စောအ--- (၁၉နှစ်) အား ထိမှန်ဒဏ်ရာရရှိပြီး ၎င်း၏နေအိမ်လည်းထိမှန်ကာ အဝတ်အစားများ၊ မီးဖိုချောင်သုံးပစ္စည်းများအားလုံး မီးလောင်ပျက်စီးသွားခဲ့သည်။ ဤသို့၎င်း၏အိမ်မီးလောင်သွားသော ကြောင့် အိမ်နီးနားရှိရွာသားများသည် လာရောက်ရေဖြန်း၍ မီးငြိမ်းသတ်ခဲ့သည်။ လက်နက်ကြီးကျရာနေရာသည် စောအ---နှင့်အလွန်နီးသောကြောင့် ၎င်း၏နားစည်များထိခိုက်၍ (၃)ရက်လောက်ကြာမှ နားပြန်ကြားခဲ့ရသည်။ လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် ကျေးရွာထဲတွင် မည်သည့်လက်နက်ကိုင်စစ်သားများမရှိကြပါ။ ထိုဒေသတွင် လည်း တိုက်ပွဲများမဖြစ်ပွားခဲ့ပါ။ စောအ---သည် ဒဏ်ရာရရှိပြီးနောက် (ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန - KDHW မှ) မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများသည် ၎င်းကို ကရူတူးမြို့နယ်၊ ဝင်းကကျေးရွာအုပ်စုရှိ အဘ---ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ (အဘ--- ဆေးခန်းသည် KDHW စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။ စောအ---သည် ထိုဆေးခန်းတွင် ဆေးကုသမှုအတွက် ငွေပေးစရာမလိုအပ်ပေ။)

 

(လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင်) စောအ---နှင့်၎င်းဖခင်သည် အိမ်အသစ်တစ်လုံးဆောက်လုပ်နေသည့်အချိန် ဖြစ်ကြောင်း ၎င်းက KHRG အား ရှင်းပြခဲ့သည်။ ပထမလက်နက်ကြီးတစ်လုံးက ကျေးရွာအလယ်တွင် ကျရောက်ပေါက် ကွဲသည့်အချိန်တွင် ၎င်းတို့နှစ်ဦးသည် အိမ်ခေါင်မိုးပေါ်တွင် ခေါင်မိုးဆောက်လုပ်နေခဲ့သည်။ ပထမလက်နက်ကြီးတစ် လုံးကျရာတွင် (အခြားရွာသားတစ်ဦး၏) နေအိမ်ကိုထိမှန်၍ ပျက်စီးသွားခဲ့သည်။ စောအ---နှင့်၎င်းဖခင်သည် လက်နက် ကြီးအသံကြားရပြီးနောက် အိမ်ခေါင်မိုးပေါ်ကနေ ဆင်းလာပြီး သူတို့၏အိမ်ဟောင်းဆီသို့ အမြန်ပြေးပုန်းခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် အိမ်ဟောင်းဆီသို့ရောက်ခါနီးတွင် ဒုတိယလက်နက်ကြီးတစ်လုံးသည် ၎င်းတို့နှင့်(၁၀)ကိုက်အကွာ တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစများသည် စောအ---၏မျက်နှာနှင့်ပေါင်ကိုထိမှန်၍ ဒဏ်ရာရရှိပြီး ၎င်းတို့အိမ်ဟောင်းတစ်လုံးကိုထိမှန်၍ မီးလောင်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ၎င်း၏အဖွားအိမ်နှင့်ဦးလေးအိမ်ကို လည်းထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။

 

စောအ---၏အိမ်မီးလောင်ပျက်စီးသွားသောကြောင့် သူနှင့်သူ၏မိသားစုတို့သည် အဖွားဖြစ်သူ၏နေအိမ်တွင် ယာယီရွှေ့ ပြောင်းနေထိုင်ခဲ့ရသည်။ အခင်းဖြစ်ပွားပြီးနောက်တွင် ရွာသားများသည် စိုးရိမ်ကြောက်လန့်၍ ညအချိန်မှာ ကျေးရွာ ဘုန်းကြီးကျောင်းသို့ ပုန်းရှောင်အိပ်ခဲ့ရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းကို အသုံးပြုနိုင်ပါသည်။ သက်ဆိုင်ရာ နိုင်ငံတကာတာဝန်ရှိသူများအနေဖြင့် စစ်ကောင်စီမှ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုများမပြုလုပ်ရန်အတွက်ပြောပေးကြရန် ရွာသားများက တင်ပြခဲ့သည်။ (စောအ---နှင့်၎င်း၏ အဖိုးသည် ဤသတင်းကို အသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးထားပါသည်။)

Tue, 02 Jun 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင် ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-118-I1 ၊ #26-118-A1-I1 နှင့် #26-118-A2-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်