ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်တွင် မြန်မာစစ်တပ်သည် မက္ကသကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာကို ဒရုန်းတစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်၍ အမျိုးသမီးနှစ်ဦးထိမှန်သေဆုံး၍ ကလေးတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဈေးဆိုင်တစ်ဆိုင်နှင့်ဝက်ခြံ အား ထိမှန်ပျက်စီးသွားခဲ့သည်။ ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် ဗုံးထိမှန်သူများ၏မိသားစုဝင်များနှင့် အခြား ရွာသားများသည် အလွန်ကြောက်ရွံ့ကြ၍ ညဖက်တွင် အိမ်မှာမအိပ်ရဲတော့ပေ။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
(ဒရုန်းတိုက်ခိုက်မှု) မြန်မာစစ်တပ်၏ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာရမှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ မက္ကသကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|||
|
အမည် |
နော်အ--- |
နော်ဘ--- |
နော်ဆ--- |
|
အသက် |
၃၁ နှစ် |
၃၃ နှစ် |
၆ နှစ် |
|
ကျား/မ |
မ |
မ |
မ |
|
လူမျိုး |
ကရင် |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
ရှိ |
- |
|
အလုပ်အကိုင် |
မှီခို |
ကျပန်း |
ကျောင်းသူ |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ခရစ်ယာန် |
- |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
(ဒူးပလာယာခရိုင်၊ ကော် တရီမြို့နယ်ရှိ) အဘ---မြို့ |
ဧရာဝတီတိုင်းဒေသရှိ အဆ--- ကျေးရွာ |
ဧရာဝတီတိုင်းဒေသရှိ အဆ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|||
|
လေယာဥ်အမျိုးအစား |
ပင်မတပ် |
အခြေစိုက်သည့်နေရာဒေသ |
အထက်အရာရှိအမည် |
|
ဒရုန်း (မောင်းသူမဲ့လေယာဥ်) |
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏လေတပ် |
မသိရှိရ |
လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင် |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ဒူးပလာယာခရိုင်ရှိ ဒေသခံခေါင်းဆောင်တစ်ဦးက ကျွန်တော့်ကို (KHRG ကွင်းဆင်းလုပ်သား) ဖုန်းကနေတစ်ဆင့် လူသေဆုံးသည့်ဓာတ်ပုံများ၊ ၎င်းတို့အသက်နှင့်နာမည်များပေးပို့၍ ဤအခင်းဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ (KHRG ကွင်းဆင်းလုပ်သားသည် အခင်းဖြစ်ပွားသည့်နေရာသို့သွား၍ ဗုံးထိမှန်သူများ၏မိသားစုဝင်များအား အင်တာဗျူး၍ ထိခိုက်ပျက်စီးမှုများကိုလည်း ဓာတ်ပုံရိုက်ယူခဲ့ပါသည်။) |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ကျွန်တော့်အား (kHRG ကွင်းဆင်းလုပ်သား) ဤသတင်းဖြစ်စဉ်ကို ပြောပြသောသူများသည် ဗုံးထိမှန်သေဆုံးသူအမျိုး သမီးများ၏အမျိုးသားများဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒရုန်းဖြင့် ပေါင် (၂၀၀) ဗုံးများကို ကြဲချ၍ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။ (KHRG ကွင်းဆင်းလုပ်သားသည် ထိုသေဆုံးသူအမျိုးသမီး များ၏အမျိုးသားများကို အင်တာဗျူး၍ သတင်းအကြောင်းအရာကို အတည်ပြုခဲ့ခြင်းဖြစ်သည်။) |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ မက္ကသကျေးရွာအုပ်စုရှိ အအ--- ကျေးရွာသည် ကရင်အမျိုး သားအစည်းအရုံး (KNU) ၏ထိန်းချုပ်နယ်မြေတွင် တည်ရှိသည်။ ရွာအဝင်လမ်းမကြီးသည် (ထိုင်းနိုင်ငံ၊ အုန်းဖန်ခရိုင်ရှိ) ပန်ခလန်းကျေးရွာနှင့် (ထိုင်းနိုင်ငံ၊ ကန်ချာနာပူရီပြည်နယ်ရှိ) ဘုရားသုံးဆူနယ်စပ်သို့ ဆက်သွယ်ထားသောပတ်လမ်း တစ်လျှောက်တွင် KNU က ထိန်းချုပ်ထားသောလမ်းဖြစ်သည်။ ထိုလမ်းတစ်လျှောက်တွင် သတ္တုတွင်းလုပ်သည့်နေရာ များရှိသောကြောင့် SAC ဖက်မှ အမြဲတမ်းလိုလို လေယာဉ်ဖြင့်ဗုံးကြဲဖျက်ဆီးလေ့ရှိသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ မနက် (၁၀)နာရီအချိန်တွင် SAC သည် အအ--- ကျေးရွာရှိ လမ်းမကြီးဘေးနားတွင် ဒရုန်းတစ်စီးဖြင့်တိုက်ခိုက်ခဲ့သည်။ အဆိုပါဒရုန်းသည် ပေါင် (၂၀၀)ဗုံးနှစ်လုံးကြဲချ၍ ရွာသားနှစ်ဦးထိမှန်သေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာရရှိသည့်အပြင် ကွမ်းယာနှင့်အချိုရည်အနည်းငယ်ရောင်းချသော ဈေးဆိုင်တစ်ဆိုင်ကိုလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ (ထို့အပြင် ဗုံးအစများသည် ဝက်ခြံတစ်ခြံ၏ခေါင်မိုးကိုထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့ သည်။) နော်အ--- (၃၁ နှစ်) သည် ထိုဈေးဆိုင်၏ပိုင်ရှင်ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဗုံးအစများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် သူမကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ဗိုလ်အေဝမ်း၏ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ သို့သော်လည်း သူမသည် နာရီပိုင်းအတွင်းတွင် သေဆုံးခဲ့ပါသည်။ (ဗိုလ်အေဝမ်း၏ဆေးခန်းသည် နို့တ ကောမြို့နယ်တွင် တည်ရှိသည်။)
ထို့နောက် လက်နက်ကြီးကျရာ ကိုက် (၃၀၀)အကွာတွင်ရှိသည့်ရွာသားတစ်ဦး၏အိမ်ကို ကျည်စပ်မှန်သွားသောကြောင့် အိမ်ပိုင်ရှင်ဖြစ်သူ နော်ဘ--- (၃၃ နှစ်) အားထိမှန်သေဆုံးသည့်အပြင် သူမ၏သမီးဖြစ်သူ နော်ဆ--- (၆ နှစ်)ကိုလည်း ထိ မှန်၍ ဒဏ်ရာရရှိခဲ့သည်။ နော်ဘ---၏ဝမ်းဗိုက်ကို ကျည်စထိမှန်ကာ ဒဏ်ရာရ၍ သူမအား DKBA ဆေးခန်းသို့ ပို့ဆောင် ခဲ့သော်လည်း ဆေးကုသမှုမခံယူလိုက်ရပဲ သေဆုံးသွားခဲ့ပါသည်။ သူမ၏သမီးဖြစ် သူ နော်ဆ---သည် ဘယ်ဖက်လက် အစပ်မှန်ကာ လက်တစ်ဖက်ကျိုးသွားခဲ့သည်။ သူမကိုလည်း DKBA ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးခန်းတွင် အခမဲ့ဆေးကုသမှုကိုရရှိခဲ့ပြီး သူမ၏လက်တွင် စတီးတပ်ဆင်ခဲ့ရပါသည်။ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် လက်ခံရ ရှိသည့်သတင်းအရ) နော်ဆ---သည် ဆေးခန်းမှဆင်းလာနိုင်ပြီးဖြစ်သည်။ သို့သော်လည်း သူမအနေဖြင့် ဆေးခန်းရက် ချိန်းသွားရန် လိုအပ်နေပါသည်။
နော်ဘ---၏အမျိုးသားဖြစ်သူ စောဒ---မှ KHRG အား ယခုလိုရှင်းပြသည်။ “အခင်းဖြစ်တဲ့အချိန်မှာ သူက (နော်ဘ---) သူ့သမီးနဲ့အတူဆော့ကစားနေတယ်။ (…) ကျွန်တော်လည်း ကလေးတွေကို ကြည့်ရှုစောင့်ရှောက် ရတယ်။အဲဒါကြောင့် သူတို့အမေကို (ဒဏ်ရာရရှိသည့်အချိန်တွင်) မကြည့်ပေးနိုင်ခဲ့ဘူး။ သမီးလည်း (နော်ဆ---) လက်မှာဒဏ်ရာရသွား တယ်။ ကျွန်တော့်ဆီကို သူပြေးလာတယ်။ ကျွန်တော်လည်း သူ့ကိုချီလိုက်တယ်။ သူ့အမေကတော့ သွေးတွေနဲ့ဒဏ်ရာ ရနေတာကိုတွေ့ခဲ့တယ်။ ကျွန်တော့်သားက သူ့အမေဆီကိုပြေးလာတယ်။ ဒါပေမဲ့ သူ့အမေဒဏ်ရာရတာကိုတွေ့တဲ့ အချိန်မှာ ကျွန်တော့်ဆီကိုပြန်ပြေးလာတယ်။ သူတို့တွေ (သားနှင့်သမီး) ငိုနေတာကိုတွေ့တော့ ကျွန်တော်ဘာပြော ရမှန်းမသိတော့ဘူး။ အခြားသူတွေဆီက ကြိုးစားပြီးအကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့ လူတွေအားလုံးလည်း ပြေးကုန် ကြပြီးလေ။ (မိန်းမဖြစ်သူကို ဆေးခန်းပို့ဖို့အတွက်) ကျွန်တော်လည်း ကားတစ်စီးလိုက်ရှာကြည့်တယ်။ မနက် (၁၁) နာရီခန့်မှာ သူတို့တွေကို (ဗုံးထိမှန်သူများ) ဆေးခန်းလိုက်ပို့ပေးခဲ့တယ်။”
ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် ဗုံးထိမှန်သူများ၏မိသားစုဝင်များသည် ညဖက်တွင် အိမ်တွင်မအိပ်ရဲကြတော့ ပေ။ အကြောင်းမှာ ၎င်းတို့သည် ထိုသို့သောဖြစ်စဉ်မျိုးကို တစ်ခါမှမကြုံဖူးသောကြောင့် ယခုလိုကြုံတွေ့ခဲ့သည့်အ တွက် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လေယာဉ်ရန်မှလွတ်မြောက်ရန်အတွက် အိမ်နောက် ဖေးရှိ မြောင်းထဲတွင် ပုန်းအိပ်ခဲ့ရသည်။ ထို့အတူ အခြားရွာသားများလည်း ညအချိန်တွင် အိမ်တွင်မအိပ်ရဲတော့ပဲ အိမ် နှင့်ဝေးရာအရပ်တွင် သွားပုန်းအိပ်ခဲ့ရသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
(KHRG ကွင်းဆင်းလုပ်သားသည်) ကျူးလွန်ခံရသူမိသားစုများထံမှ ခွင့်ပြုချက်တောင်းပြီး ဤသတင်းအကြောင်းအရာ များကို KHRG အား အသုံးပြုခွင့်ပေးပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-114-I1 ၊ #26-114-A1-I1 နှင့် #26-114-A2-I1 တို့ဖြစ်သည်။
