ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ် တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၉) နှင့် (၅၆၀) တို့မှ စစ်သားများ သည် လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ က--- ကျေးရွာမှ ရွာသားတစ်ဦးကို စတိန်ကျေးရွာအုပ်စု၊ ဇ--- ကျေး ရွာရှိ SAC စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ အဆိုပါရွာသားသည် ဇ--- ကျေးရွာသို့ ဈေးသွားဝယ် ပြီးနောက် ပြန်လာသည့်အချိန်တွင် လမ်းမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ SAC စစ်သားများသည် ၎င်းအား စစ်ဆေးမေး မြန်းပြီး ၎င်း၏ဆိုင်ကယ်ကိုလည်း ရှာဖွေစစ်ဆေးခဲ့သည်။ SAC စစ်သားများသည် ၎င်းဆိုင်ကယ်ဖင်ထိုင်ခုံကိုဖွင့်၍ စစ်ဆေးရာတွင် မြင်းဆေးစိတ်ကြွဆေးပြားများနှင့် ဘိန်းများကို တွေ့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အတွက် မူးယစ်ဆေးဝါးများ ဝယ်ယူပေးနေသည်ဟုဆို၍ ၎င်းအား စွပ်စွဲခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ၎င်းအား ညှဉ်းပမ်းနှိပ်စက်ပြီး ခြိမ်းခြောက်၍ ပြန်လွတ်ပေးခဲ့သည်။ ထိုရွာသားသည် ညှဉ်းပမ်းနှိပ်စက်ခံရခြင်းကြောင့် ဒဏ်ရာများရရှိ၍ လအတော်ကြာ ခံစားခဲ့ရသည်။ အခင်းဖြစ်ပွားပြီးနောက်တွင် အဆိုပါရွာသားအပါအဝင် ၎င်းမိသားစု ဝင်များနှင့် အခြားရွာသားများအကြားတွင် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။ [1]
အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်ခြင်း
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၉) နှင့် (၅၆၀) တို့မှ စစ်သားများသည် လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ က--- ကျေးရွာမှ ရွာသားတစ်ဦး ဖြစ်သူ ကိုဟ---အား (အသက်မသိရှိရ) ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့သည်။ မျက်မြင်တွေ့ရှိသည့်အခြားရွာသားများ၏ ပြောပြချက်အရ ကိုဟ---သည် ဆိုးဆိုးရွားရွား ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသည်။
ထိုနေ့တွင် ကိုဟ---သည် ဈေးထွက်ဝယ်ယူရန်အတွက် က--- ကျေးရွာမှ ဇ--- ကျေးရွာသို့သွားခဲ့သည်။ ကိုဟ---သည် ဇ--- ကျေးရွာတွင် လိုအပ်သည့်အရာများဝယ်ယူပြီးနောက် က--- ရွာသို့ ပြန်လာခဲ့သည်။ ၎င်းပြန်လာသည့်လမ်းတွင် ဇ--- ကျေးရွာထိပ်တွင်ရှိသော ယာယီစစ်ဆေးရေးဂိတ်တစ်ခုတွင်ရှိသည့် SAC စစ်သားများသည် ၎င်းအား ခေါ်ယူရပ်ခိုင်းခဲ့ သည်။ အဆိုပါ SAC စစ်သားများသည် ခမရ (၅၅၉) နှင့်(၅၆၀) တပ်ရင်းများမှ စစ်သားများဖြစ်ကြသည်။ SAC စစ်သား များသည် ဆိုင်ကယ်စီးလာသည့်ကိုဟ---အား ရပ်ခိုင်းပြီးနောက် ၎င်းအား ဘယ်ကလာလဲ၊ ဘယ်သွားမှာလဲ၊ ဘာတွေ ဝယ်လာခဲ့လဲဟုဆို၍ စစ်ဆေးမေးမြန်းခဲ့သည်။ မျက်မြင်တွေ့ရှိသည့်ရွာသားများက ကိုဟ----၏တဝမ်းကွဲနှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်သားများဖြစ်ကြသောကြောင့် SAC စစ်သားများမှ ၎င်းအား ခေါ်ယူစစ် ဆေးမေးမြန်းရခြင်းဖြစ်သည်ဟု ယူဆခဲ့သည်။ (SAC စစ်သားများသည် ကိုဟ---၏ဖုန်းကိုဖွင့်ကြည့်၍ ကိုဟ---နှင့် PDF ယူနီဖောင်းဝတ်စုံဝတ်ထားသော ၎င်း၏တဝမ်းကွဲနှစ်ဦးတို့၏ဓာတ်ပုံကို တွေ့ရှိခဲ့သည်။)
ကိုဟ---အား စစ်ဆေးမေးမြန်းသည့်အချိန်တွင် SAC စစ်သားများသည် ၎င်း၏ဆိုင်ကယ်ဖင်ထိုင်ခုံအဖုံးကိုဖွင့်ကြည့်၍ မြင်းဆေးအပြား (၂၀)နှင့် ဘိန်းနှစ်ထုပ်ကို တွေ့ရှိခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ဘယ်သူက ဤမူးယစ် ဆေးဝါးများကို ဝယ်ခိုင်းလဲဟု ကိုဟ---အား မေးမြန်းခဲ့သည်။ ကိုဟ---ကလည်း သူအလုပ်လုပ်နိုင်ရန်အတွက် သုံးစွဲရန် မူးယစ်ဆေးဝါးကို ဝယ်ခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ကိုဟ---သည် ထိုကဲ့သို့ပြန်လည်ဖြေကြားပြီးနောက် SAC စစ်သားတစ်ဦးမှ ၎င်းလိမ်လည်ပြောဆိုပြီး ဤမူးယစ်ဆေးဝါးများကို PDF စစ်သားများအတွက် ဝယ်ပေးနေသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် SAC စစ်သားတစ်ဦးသည် ကိုဟ--- အား လမ်းဘေးမှာ ဝါးတုတ်ဖြင့်ရိုက်နက်ခဲ့သည်။ ထို့အပြင် ၎င်း၏မျက်နှာနှင့်နောက်ကျောကိုလည်း ဓားဖြင့်ခုတ်ခြစ်ခဲ့သည်။ ထိုသို့ညှဉ်းပမ်းနှိပ်စက်မှုများပြုလုပ်ပြီး နောက် SAC ဗိုလ်ကြီးတစ်ဦးက ဤကိစ္စနှင့်ပတ်သက်ပြီး မည်သူ့ကိုမှ မပြောပြရန် ကိုဟ---အား ခြိမ်းခြောက်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး အကယ်၍လူမှုကွန်ယက်လိုင်းပေါ်မှာ သတင်းတွေ့ရှိမည်ဆိုလျှင် ကိုဟ---အား သတ်ပစ်မည်ဟု SAC စစ်သားများက ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ၎င်းအား ပြန်လွတ်ပေးခဲ့သည်။
ကိုဟ---သည် အိမ်သို့ပြန်ရောက်လာပြီးနောက် အလွန်ကြောက်ရွံ့သွား၍ ရွာ၏အပြင်ဘက်သို့ ခရီးသွားလာခြင်းများ မရှိတော့ပေ။ ကိုဟ---သည် ညှဉ်းပမ်းနှိပ်စက်မှုဒဏ်မှ ရရှိခဲ့သည့်ဒဏ်ရာများကြောင့် ကြောက်ရွံ့သွားပြီး ယခုအချိန်ထိ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ) ထမင်းစားမဝင်ဘူးဖြစ်နေသည်ဟု သိရှိရသည်။ ထို့အပြင် ကိုဟ---သည် ၎င်းဒဏ်ရာများ ကြောင့် နှစ်လခွဲကျော်အထိ အလုပ်မလုပ်နိုင်သေးဘဲရှိနေသည်။ ဤသို့ဖမ်းဆီးခံရပြီး ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ကိုဟ---၏ဇနီးဖြစ်သူက ၎င်းတို့မိသားစု၏လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့နေရသည်ဟု ဒေသခံရွာသား များအား ပြောပြခဲ့သည်။
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း KHRG လက်ခံရရှိသည့်သတင်းတစ်ခုအရ ကိုဟ---၏မိသားစုသည် လုံခြုံရေးအတွက် စိုးရိမ်နေရသောကြောင့် အခြားရွာတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရှိရသည်။ ကိုဟ---၏ဦးလေးဖြစ်သူ သည် သူ့အနေဖြင့် ဤဖြစ်စဉ်ကို လူအများသိစေချင်ပြီး SAC စစ်ဆေးရေးဂိတ်များသို့သွားလာလျှင် သတိထားကြပါဟု KHRG အား တင်ပြခဲ့သည်။)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။