မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှစ်ဆနီးပါးတိုးလာ

Sat, 06 Apr 2024

  

 

နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းသုံးနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှစ်ဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အရေ အတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်အတွင်း ၁၇၂၆ ဦးအထိ ရှစ်ဆနီးပါး တိုးမြင့်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် အရပ် သားထိခိုက်သေဆုံးမှု အရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ၂၈၄ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉၀ ဦး ၊ ၂၀၂၃ ခုနှစ်မှာတော့ ၁၀၅၂ ဦးအထိ တိုးလာခဲ့တာပါ။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဒဏ်ကို စစ်ကိုင်းတိုင်းက ၃၅ ရာခိုင်နှုန်းနဲ့ အများဆုံးခံစားခဲ့ရတာဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ ၆၅ ရာခိုင်နှုန်း ရှိနေတယ်လို့ UNICEF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံဆော်ရေးတာဝန်ခံ စောနန္ဒဆူးက အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း မြေမြှုပ်မိုင်းနဲ့အတူ မပေါက်ကွဲသေးဘဲ ကျန်ရှိတဲ့စစ်လက်နက်ပစ္စည်းအန္တရာယ် ပိုမိုကြီးထွားလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြေမြှုပ်မိုင်းတင်မဟုတ်ဘဲနဲ့ ဒီအာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်းမှာ မြေမြှုပ်မိုင်းအပြင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သော်လည်းကောင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံတွေ၊ ဗုံးသီးတွေပေါ့နော်။ ပေါက်ကွဲမှုပြင်းအား အကြီးစားလေယာဉ်ကနေပစ်ချတဲ့ ဗုံးသီးတွေ အများအပြားကျန်ရှိနေတယ်။ ဒါတွေကလည်း မြေမြှုပ်မိုင်းနည်းတူ အင်မတန်မှ အန္တရာယ်များတဲ့အရာတွေဖြစ်တယ်”လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှုတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် အပြစ်မဲ့အရပ် သားပြည်သူတွေ ထိခိုက်သေဆုံးကြသလို သူတို့ရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နဲ့ အသက်မွေးဝမ်းကြောင်းပြုခွင့်စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က မြေမြှုပ်မိုင်းကြောင့် အ ရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေဟာ စစ်ကောင်စီလက်ချက်ဖြစ်ကြောင်းနဲ့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ နှစ် နှိုင်းယှဉ်ရင် သုံးဆကျော် မြင့်တက်လာတယ်လို့ ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်သူတွေရဲ့ ထိခိုက်ဆုံးရှုံးရတဲ့ အသက်သေကြေတာ၊ ဒဏ်ရာရတာ၊ ကြီးမားစွာဖြစ်ပေါ်နေတာမှာ ဒီမြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာဆို မြေမြှုပ်မိုင်းတွေကြောင့် သေကြေအသက်ဆုံးရှုံး ဒဏ်ရာရတာဟာ ၂၀၂၂ ခုနှစ်ကထက် သုံးဆကျော်ကျော် ပိုများလာတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေနဲ့ မြေမြှုပ်မိုင်းအန္တရယ် ကင်းရှင်းရေး အသိပညာပေး ပညာစောင်တွေ ဖြန့်ဝေတာ၊ အသိပညာပေး ဟောပြောပွဲတာတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရတဲ့ အရပ်သားပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

အာဏာမသိမ်းမီ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၁၀၀ လောက်မှာသာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ကြုံတွေ့ နေရပြီး ၂၀၂၂ ခုနှစ်မှာတော့ ၁၆၈ မြိုနယ်အထိ မြေမြုပ်မိုင်း အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ မြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေးသဘောတူစာချုပ်ဟာ ၁၉၉၇ ခုနှစ်က ပြဌာန်းထားပြီး အဲ့ဒီစာချုပ်မှာ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက လက်မှတ်ရေးထိုးထားပြီး မြန်မာနဲ့ ရုရှားကတော့ လက်မှတ်ရေးထိုးထားတာ မရှိတဲ့အပြင် မြေမြှုပ်မိုင်းကို ပိုမိုအသုံးပြုလာတယ်လို့ Landmine Monitor အဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Related Readings