Fri, 12 Apr 2024
တောအူးခရိုင် ဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်-ထောတထူမြို့ နယ်တွင်လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊အရပ်သားအိုးအိမ်ပိုင်ဆိုင်မှုများမီးရှို့ဖျက်ဆီးခံရခြင်းနှင့်အခြားလူ့အခွင့်အရေးချိုးဖောက်မှုများ (၂၀၂၃ခုနှစ်၊ သြဂုတ်လမှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအထိ)

ဤဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်တွင် ၂၀၂၃ခုနှစ်၊ သြဂုတ်လမှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအထိ တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတစ်ပင်)မြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအပါအဝင် စစ်‌ရေးလှုပ်ရှားမှုများ၊ ပညာရေး၊ ဘာသာရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် စားဝတ်နေရေး စသည့်အခြေအနေများကို  ဖော်ပြထားသည်။  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်‌ကောင်စီ) တပ်သားတစ်ဦးအသတ်ခံပြီးနောက် စစ်ကောင်စီတပ်နှင့် လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား ပဋိပက္ခများ ပို၍တင်းမာလာခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်များသည် ကျေးရွာ များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အရပ်သားနေအိမ်နှင့် အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ထိုကဲ့သို့ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်သည့်အတွက် ကြောင့် ရွာသားများထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းအပြင် ၎င်းတို့ကျေးရွာများမှလည်း ထွက်ပြေးတိမ်း ရှောင်နေကြရပါသည်။ [1]

 

  

စစ်ရေးလှုပ်ရှားမှု

၂၀၂၃ခုနှစ်၊ သြဂုတ်လဒုတိယအပတ်မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) တို့သည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုတွင် နယ်မြေထိန်း ချုပ်မှုရရှိရန်အတွက် စစ်ရေးလှုပ်ရှားမှုများကို ပို၍လုပ်ဆောင်လာခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ဒေးလိုမူနူ ကျေးရွာအုပ်စုတွင်နေထိုင်ကြသောဒေသခံပြည်သူများသည် KNLA နှင့် PDF စစ်သားများအနေဖြင့် ဤကဲ့သို့စစ်ရေး လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တစ်နေ့နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိပ်တိုက်တိုက်ပွဲဖြစ် ပွားလာမည်ကို စိုးရိမ်ပူပန်ကြောက်ရွံ့နေကြပါသည်။ ရွာသားများစိုးရိမ်ပူပန်နေသည့်ကြားတွင်ပင် တိုက်ပွဲများဖြစ်ပွား ခဲ့သည်။ စစ်ကောင်စီတပ်များသည် တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင်သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့များမှ ၎င်းတို့အား ချုံခိုတိုက်ခိုက်ပြီးနောက်တွင်သော်လည်းကောင်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ အရပ်သားနေအိမ်နှင့် အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ 

ဒေးလိုမူနူကျေးရွာအုပ်စုတွင် စစ်ကောင်စီ စစ်သားတစ်ဦးအသတ်ခံရပြီးနောက် စစ်ရေးပဋိပက္ခများ တိုးပွားလာခြင်း

ဒေသခံရွာသားများ၏ပြောပြချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉)မှ စစ်သားတစ်ဦးဖြစ်သူ မောင်မင်းမင်း ထွန်းသည် အရပ်သားတစ်ဦးအနေဖြင့် ၎င်း၏မိဘရှိရာ ဒေးလိုမူနူကျေးရွာအုပ်စု၊ က---ကျေးရွာသို့ ပြန်လာနေထိုင်ပြီး KNLA နှင့် PDF တို့၏စစ်ရေးလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းရန်အတွက် အထက်အရာရှိ၏မှ ၎င်းအား အမိန့်ပေး ခိုင်းစေခဲ့သည်။ ဤအခြေအနေကို KNLA နှင့် PDF စစ်သားများက သိနေခဲ့ကြသည်။ ထို့ကြောင့် KNLA နှင့် PDF စစ်သားများသည် ထိုသို့မပြုလုပ်ရန်အတွက် မောင်မင်းမင်းထွန်းအား သတိပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မောင်မင်းမင်းထွန်းသည် က---ကျေးရွာရှိ ၎င်း၏မိဘနေအိမ်သို့ ပြန်လာ၍ KNLA နှင့် PDF စစ်သားများ၏ စစ်ရေးလှုပ်ရှားမှုအခြေအနေကို ဓာတ်ပုံရိုက်၍ မှတ်တမ်းယူခဲ့သည်။ ဤကိစ္စ ကို KNLA နှင့် PDF စစ်သားများမှ သိရှိသွားခဲ့ပြီးနောက်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မောင်မင်းမင်းထွန်း၏ မိဘအိမ် သို့သွား၍ မောင်မင်းမင်းထွန်းအား ဖမ်းဆီးခဲ့ပြီး ရွာအပြင်သို့ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် KNLA နှင့် PDF စစ်သား များသည် မောင်မင်းမင်းထွန်းအား ထိုးကြိတ်၍ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ၎င်းအား သေနတ်နှင့်ပစ်သတ်၍ ရွာ၏ အပြင်ဖက်တစ်နေရာတွင် မြေမြှုပ်ခဲ့သည်။

မောင်မင်းမင်းထွန်း၏မိသားစုများသည် ၎င်းအသတ်ခံသည့်ရသည့်ကိစ္စကိုသိရှိခဲ့ပြီးနောက် စစ်ကောင်စီ ခလရ အမှတ် (၃၉) တပ်စခန်းသို့ ချက်ချင်းသွား၍ စစ်‌ကောင်စီစစ်သားများအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့သည်။ ခလရ (၃၉) တပ်စခန်းသည် ဒေးလိုမူနူကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာတွင်တည်ရှိသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ မနက် (၆)နာရီအချိန်တွင် ဒေးလိုမူနူကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာတွင် အခြေစိုက်သော ခလရ (၃၉) တပ်ရင်း အပါအဝင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များသည် စစ်သည်အင်အားအလုံးအရင်းဖြင့် စစ်တပ်ကား(၅)စီးနှင့် သံချပ်ကား (၂)စီးတို့ဖြင့် ဒေးလိုမူနူကျေးရွာအုပ်စု၊ ခ---ကျေးရွာ၊ ဂ---ကျေးရွာနှင့် က---ကျေးရွာများထဲသို့ ရောက်ရှိလာခဲ့သည်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် ထိုရွာ (၃)ရွာတွင် အခြေချတပ်စွဲပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ထိုသို့စစ် အင်အားအလုံးအရင်းဖြင့် ကျေးရွာများထဲသို့ SAC ပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိလာသည်ကို မြင်တွေ့ကြသော ရွာသား များသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် အသက်ဘေးအန္တရာယ်မှလွတ်မြောက်ရန်အတွက် နီးစပ်ရာတောတောင်များ၊ နီးစပ်ရာသာသနာအဆောက်အအုံများ၊ နီးစပ်ရာဆွေမျိုးသားချင်းများ၏နေအိမ်များ၊ နီးစပ်ရာ မိမိတို့၏လယ်ယာများနှင့် ဥယျာဉ်ခြံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။   

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ခလရ (၃၉) တပ်ရင်းအပါအဝင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စု၊ ခ---ကျေးရွာရှိ လူနေအိမ် (၄)လုံးနှင့် ဂ---ကျေးရွာရှိ လူနေအိမ် (၇)လုံးအား မီးရှို့ဖျက်ဆီး ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်(၆)နာရီတွင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များသည် ထိုကျေးရွာများမှ ၎င်းတို့တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ စစ်ကောင်စီ စစ်သားများ ပြန်ဆုတ်ခွာလာပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် KNLA နှင့် PDF စစ်သားများသည် မောင်မင်းမင်းထွန်း၏မိဘအိမ်ကို သွားရောက်မီးရှို့ခဲ့သည်။ ဤလုပ်ရပ်များကြောင့် ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း ဒေသခံလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များတို့ကြား ပဋိပက္ခတင်းမာမှုများ ပို၍မြင့်တက်လာခဲ့သည်။

 လက်နက်ကြီးများပစ်ခတ်မှု

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့နောက်ပိုင်းတွင် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စု အတွင်း စစ်လှုပ်ရှားမှုများနှင့် ပဋိပက္ခတင်းမာမှုများ ပို၍ပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာဒေသများအတွင်းသို့ လက်နက်ကြီးများ မကြာခဏဆိုသလို ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်။ လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုအများဆုံးဖြစ်သည့်ကျေးရွာများမှာ ခ---ကျေးရွာ၊ ဂ---ကျေးရွာ၊ က---ကျေးရွာ၊ ဃ---ကျေးရွာ၊ င---ကျေးရွာ၊ စ---ကျေးရွာတို့ဖြစ်သည်။ ဤကဲ့သို့လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံရွာသား များသည် အသက်ဘေးမှလွတ် မြောက်ရန်အတွက် နီးစပ်ရာဘေးကင်းသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဒေးလိုမူနူကျေးရွာအုပ်စု၊ (၇) မိုင်စစ်တပ်စခန်းမှ စစ်ကောင်စီတပ်သား တို့သည် ကျေးရွာထဲကို လက်နက်ကြီးလှမ်းပစ်လိုက်သောကြောင့် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဂ---ကျေးရွာနေ ဦးဆ---၏ဈေးဆိုင်ကို ထိမှန်ပေါက်ကွဲပြီး ပျက်စီးသွားခဲ့သည်။ ဦးဆ---၏မိသားစုဝင်သည် စစ်ဘေးရှောင်နေရသောကြောင့် ထိခိုက်ဒဏ်ရာရခြင်းမရှိပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် (၇) မိုင်စစ်တပ်စခန်းမှ စစ်ကောင်စီတပ်သားတို့သည်  ‌ဒေးလိုမူနူကျေးရွာ အုပ်စုရှိ ကျေးရွာများထဲကို လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ဂ--- ကျေးရွာတွင် နေထိုင် သည့် ဇ---၏နေအိမ်နားရှိအုန်းပင်ကို ထိမှန်ပေါက်ကွဲသောကြောင့် ဇ---၏နွားမကြီးနှစ်ကောင်သည် လက်နက်ကြီး အစများ ထိမှန်ပြီးသေဆုံးခဲ့ပါသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း (၇) မိုင်စစ်တပ်စခန်းမှ စစ်ကောင်စီတပ်သားတို့သည် ‌ဒေးလိုမူနူကျေးရွာ အုပ်စုရှိ ကျေးရွာများထဲကို လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ င---ကျေးရွာအနီးရှိ လယ်ကွက်ထဲတွင် ကျရောက်ပေါက်ကွဲသောကြောင့် စောည---၏နွားပေါက်လေးသည် လက်နက်ကြီး စထိမှန်ပြီး သေဆုံးသွားခဲ့သည်။ စောည---၏မိသားစုဝင်တစ်ဦးပြောပြချက်အရ ထိုနွားပေါက်လေးအား လယ်ကွင်း ထဲတွင် စားကျက်လှန်ထားစဉ်  နွားနံဘေးနှင့် မလှမ်းမကမ်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသောကြောင့် လက်နက်ကြီးအစများသည် နွားကိုထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဃ---ကျေးရွာတွင်နေထိုင်သည့် ဌ---၏အိမ်ခေါင်မိုးပေါ်တွင် ကျရောက်ပေါက်ကွဲ၍ပျက်စီးရုံသာမက အိမ်နီးနားချင်းအိမ် (၃)အိမ်ကိုပါ လက်နက်ကြီးအစများ အနည်းငယ်ထိမှန်ခဲ့သည်။ အိမ်ပိုင်ရှင်များသည် စစ်ဘေးရှောင်နေရသောကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေး ရွာတွင်နေထိုင်သည့် စောဏ---၏အိမ်မီးဖိုချောင်ခေါင်မိုးပေါ်သို့ ကျရောက်ထိမှန်ပေါက်ကွဲပြီး လက်နက်ကြီး ပေါက်ကွဲစ များသည် အိမ်မခေါင်မိုးသွပ်ပြားကိုလည်း ထိမှန်ခဲ့သည်။ ထိုနေ့တွင် စောဏ---၏မိသားစုဝင်သည် စစ်ဘေးရှောင်နေရ သောကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း (ရက်အတိအကျမသိရှိရ) ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာ အုပ်စုရှိ စ---ကျေးရွာတွင်နေထိုင်သည့် နော်တ---၏နေအိမ်မကြီးအမိုးနှင့် မီးဖိုချောင်ဆောင်အမိုးအကြားတွင် လက်နက်ကြီးကျရောက်ထိမှန်ပေါက်ကွဲသောကြောင့် အိမ်မကြီးအမိုးနှင့် မီးဖိုချောင်အမိုးပျက်စီးရုံသာမက အိမ် မကြီး အခန်းတွင်းရှိ အိမ်တွင်းပရိဘောဂပစ္စည်းအများအပြားမှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ အိမ်သူအိမ်သားများသည် စစ် ဘေးရှောင်နေကြရသောကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း (ရက်အတိအကျမသိရှိရ) ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာ အုပ်စုရှိ စ---ကျေးရွာတွင်နေထိုင်သည့် စောထ---၏နေအိမ်တိုက်အိမ်ကို လက်နက်ကြီးထိမှန်ပေါက်ကွဲပြီး အိမ်မနှင့်မီးဖို ချောင်အမိုးသွပ်ပြားပျက်စီးသွားခဲ့သည်။ အိမ်ပိုင်ရှင်နှင့်သူ၏မိသားစုများသည် စစ်ဘေးရှောင်နေရသောကြောင့် ထိခိုက် မှုမရှိခဲ့ပါ။  

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း (ရက်အတိအကျမသိရှိရ) ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာ အုပ်စုရှိ စ---ကျေးရွာတွင်နေထိုင်သည့် စောဒ---၏အိမ်ခေါင်မိုးပေါ်သို့ကျရောက်ပေါက်ကွဲသဖြင့် ၎င်း၏ အိမ်ခေါင်မိုးမှာ ပျက်စီးသွားခဲ့သည်။ အိမ်ပိုင်ရှင်နှင့်သူ၏မိသားစုများသည် စစ်ဘေးရှောင်နေရသောကြောင့် ထိခိုက်မှု မရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေးရွာတွင်နေထိုင်သည့် စောဓ---၏အိမ်နားကပ်ရပ်ရှိ တပင်ထိုင်ဝါးရုံတွင်ကျရောက်ပေါက်ကွဲ၍ လက်နက်ကြီးအစ များသည် စောဓ---၏အိမ်ခေါင်မိုးသွပ်ပြားကို ထိမှန်ပျက်စီးသွားခဲ့သည်။ အိမ်ပိုင်ရှင်နှင့်သူ၏မိသားစုများသည် စစ်ဘေး ရှောင်နေရသောကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ညဘက် (၉း၀၄) မိနစ်တွင် ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ န---ကျေးရွာတွင်နေထိုင်သည့် နော်ပ---၏အိမ်နားကပ်ရပ် ရော်ဘာကိုင်းကို လက်နက်ကြီးထိမှန်‌ ပေါက်ကွဲသော‌ကြောင့် လက်နက်ကြီးအစများသည် နော်ပ---၏အိမ်ကိုဖောက်ထွင်းပြီး သူမ၏ညာဘက်လက်တံတောင် ဆစ်ကို ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ နော်ပ---အား လက်နက်ကြီအစထိမှန်သည့်အချိန်သည် သူမ၏ကလေးကို နို့တိုက် နေသည့်အချိန်ဖြစ်သည်။  ထို့နောက် နော်ပ---သည် ဖ--- ဆေးရုံသို့ ဆေးသွားကုသခဲ့သည်။

တဖန် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စု ရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကျည်တစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဗ---ကျေးရွာအနီးရှိရော်ဘာခြံထဲတွင်  ကျရောက်ပေါက်ကွဲပြီး ‌ရော်ဘာပင်များအား ထိမှန်ပျက်စီးသွားခဲ့သည်။ ဗ---ရွာသူ ရွာသားများသည် ယခုလိုမျိုး ၎င်းတို့၏ကျေးရွာအနားတွင် လက်နက်ကြီးကျရောက်‌ပေါက်ကွဲသောကြောင့် အလွန်တရာ ကြောက်ရွံ့ပူပန်ခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့တွင် ခလရ (၃၉)မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေးရွာတွင်နေထိုင်သည့် စောဘ---၏နေအိမ်နှင့်မလှမ်းမကမ်းတွင် ကျရောက်ပေါက်ကွဲပြီး နောက်ထပ်လက်နက်ကြီး တစ်လုံးသည်လည်း စောဘ---၏အိမ်နားကပ်ရပ်တွင်ရှိသည့် ဝက်တဲတိုင်လေးကို ထိမှန်ပေါက်ကွဲပြီး ပေါက်ကွဲလက် နက်ကြီးအစသည် တပင်တိုင်ဝါးရုံနှစ်ရုံကိုထိမှန်ပြီး လက်နက်ကြီးစနှစ်စသည် စောဘ---၏နေအိမ် မီးဖိုချောင်ခေါင်မိုး သွပ်ပြားကိုလည်း ထိမှန်ခဲ့သည်။ အိမ်သူအိမ်သားများသည် ပဲစိုက်ခင်းသို့ အလုပ်သွားနေခဲ့သည့်အတွက် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း (ရက်အတိအကျမသိရှိရ) ခလရ (၃၉) မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီး (၆၀) မမ တစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စု၊ င---ကျေးရွာတွင်နေထိုင်သည့် စောမ---၏အိမ်ဘေးနားရှိ လယ်ကွက်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း (ရက်အတိအကျမသိရှိရ) ခလရ (၃၉) မှ စစ်ကောင်စီတပ်သားများသည် ‌ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးနှစ်လုံးသည် ‌ဒေးလိုမူနူကျေးရွာအုပ်စု၊ င---ကျေးရွာတွင်နေထိုင်သည့် စောယ---၏နေအိမ်နှင့် စောရ---၏နေအိမ်ကြားတွင် ကျ ရောက်ခဲ့သည်။ သို့သော်လည်း ထိုလက်နက်ကြီးများသည် မပေါက်ကွဲဘဲရှိနေသည်။ အဆိုပါမပေါက်ကွဲသည့် လက်နက် ကြီးနှစ်လုံးသည် ရွာထဲတွင်ရှိနေသောကြောင့် ရွာသူရွာသားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပေါက်ကွဲသွား မည်ကို အလွန်ပင် ကြောက်ရွံ့ပူပန်နေခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ရက် မနက်ပိုင်း (၁၂း၀၃) မိနစ် နှစ်သစ်ကူးအချိန်တွင် ခလရ (၃၉) သည် ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့သည်။ ၎င်းတို့ပစ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် င---ကျေးရွာရှိ  နော်လ---၏လယ်ကွင်းထဲရှိ  သူမ၏နေအိမ်‌ကို ထိမှန်ပေါက်ကွဲသောကြောင့် အိမ်ခေါင်မိုးသွပ်ပြား၊ အိမ်ခင်းကြမ်းပြင်၊ ကြက်အိပ်တန်းနေရာ၊ လှည်းဘီး၊ ကြောင်အိမ်စသည်တို့ကို လက်နက်ကြီးအစများ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့သည်။ အိမ်ထဲတွင်အိပ်နေသည့်မိသားစုဝင် (၇)ဦးသည် ကံကောင်းထောက်မစွာဖြင့် ထိခိုက်မှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်အထိ ခလရ (၃၉)၊ (၁၃)မိုင်တပ်စခန်းရှိ စစ်ကောင်စီ စစ်သားများနှင့် ဘုရင့်နောင်တပ်မြို့မှ စစ်ကောင်စီစစ်သားများသည် ဒေးလိုမူနူကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ဖြင့် စုစုပေါင်း (၅၈)လုံး ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကျရာက်ပေါက်ကွဲမှုအများဆုံးဖြစ်သည့်ကျေးရွာများသည် စ---ကျေးရွာ၊ င---ကျေးရွာ၊ ဃ---ကျေးရွာ၊ က---ကျေးရွာ၊ ခ---ကျေးရွာ၊ ဂ---ကျေးရွာနှင့် ဝ---ကျေးရွာများ ဖြစ်ကြသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ ညနေ (၆း၀၇) မိနစ်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ လေးမိုင်ကျေးရွာတွင် အခြေစိုက်သော ခလရ (၃၉) တပ်စခန်းကို  ရှော့တိုက်ဒုံးဖြင့် သုံးလေးချက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ည (၉) နာရီဝန်းကျင်အချိန်တွင် ခလရ (၃၉) မှ စစ်ကောင်စီစစ်သားများသည်  ဒေးလိုမူနူကျေးရွာအုပ်စုရှိ‌ ဃ---ကျေးရွာနှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာလေးငါးရွာထဲသို့ လက်နက်ကြီးများ (၁၃) ချက်လှမ်းပစ်ခတ်ခဲ့သည်။ ထိုအချိန်တွင် (၇)မိုင်တပ်စခန်းမှ စစ်ကောင်စီစစ်သားများလည်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်လိုက်သောကြောင့် လက်နက်ကြီး တစ်လုံးသည် ဃ---ကျေးရွာတွင်နေထိုင်သည့် သ---၏နေအိမ်ခေါင်မိုးပေါ်တွင် ကျရောက်ပေါက်ကွဲ၍ အိမ်ခင်းကြမ်းပြင် နှင့် အိမ်ခေါင်မိုးသွပ်ပြားများ ပျက်စီးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်အထိ ဒေးလိုမူနူကျေးရွာအုပ်စုတွင် လက်နက် ကြီးများ ကျရာက်ပေါက်ကွဲမှုမရှိပါ။ KNLA နှင့် PDF စစ်သားများသော်လည်းကောင်း၊ စစ်ကောင်စီစစ်သားများသော် လည်းကောင်း တစ်ချို့ကျေးရွာများတွင် ဝင်ထွက်သွားလာလှုပ်ရှားမှုများ ပြုလုပ်နေလျှက်ရှိသည်။

‌ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း SAC မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များသည် ‌ဒေးလိုမူ နူကျေး ရွာအုပ်စုရှိ ဟ---ဒေသ၊ စ---ကျေးရွာ၊ င---ကျေးရွာ၊ ဃ---ကျေးရွာ၊ က---ကျေးရွာ၊ ခ---ကျေးရွာနှင့် ဂ---ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဟ---ဒေသတွင် နေထိုင် သည့်အမျိုးသမီးငယ်နှစ်ဦးသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာအပြင်း အထန်ရရှိကာ သူမအား ဆေးကုသရန် ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ထိုအမျိုးသမီးသုံးဦးသည် ဟ---ဒေသတွင်ရှိသည့် စစ်ကောင်စီ သံချပ်ကာ ကျောက်ထုတ်လုပ်‌ရေး၏အလုပ်သမားများ ဖြစ်ကြသည်။ တစ်ဆက်ထဲမှာပင် စစ်ကောင်စီဂျက်တိုက်လေ ယာဉ်တစ်စီးသည် ခ---ကျေးရွာထဲတွင် စက်သေနတ်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် စောအ---၏နေအိမ် ခေါင်မိုးသွပ်ပြားမှာ အနည်းငယ်ပျက်စီးသွားခဲ့သည်။ အိမ်သူအိမ်သားများသည် စစ်ဘေးရှောင်နေရသောကြောင့် ထိခိုက်မှုမရှိခဲ့ပါ။ စစ်ကောင်စီဂျက်တိုက်လေယာဉ်သည် ဂ---ကျေးရွာတွင်းသို့ ဗုံးကြဲတိုက်ခိုက်၍ စောကက---၏နေ အိမ်နှင့်မလှမ်းမကမ်းရှိ ချောင်းဘေးတစ်နေရာတွင် ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း ထိခိုက် ပျက်စီးမှု မရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် (၈) နာရီဝန်းကျင်တွင်တွင်လည်း စစ်ကောင်စီဂျက်တိုက်လေယာဉ်သည် ‌‌‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဃ---ကျေးရွာ၊ ခ---ကျေးရွာ၊ က---ကျေးရွာ၊ စ---ကျေးရွာ၊ င---ကျေးရွာ၊ ဟ---ဒေသ၊ ဂ---ကျေးရွာနှင့် ကျေးရွာအနီးပတ်ဝန်းကျင်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့သော် ထိခိုက်ပျက်စီးမှုမရှိခဲ့ပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ (၅း၃၉)မိနစ်တွင် SAC ဂျက်တိုက်လေယာဉ်သည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကခ---ကျေးရွာနှင့် ကဂ---ကျေးရွာများထဲတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှု ကြောင့် ကဂ---ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အင်္ဂလီကန်ဘုရားကျောင်းများ ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီဂျက်တိုက်လေယာဉ်မှပစ်ချလိုက်သည့်ဗုံးတစ်လုံးမှာ ပေါက်ကွဲသွား၍ ဗုံးစတစ်စသည် ကခ---ကျေးရွာတွင်နေထိုင်သည့် ကဃ---၏လက်ကိုရှမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ သို့သော်လည်း ၎င်း၏ဒဏ်ရာသည် မပြင်း ထန်သောကြောင့် ကျေးရွာတွင်သာ ဆေးကုသခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ (၃း၁၄)မိနစ်အချိန်တွင် စစ်ကောင်စီဂျက်တိုက်လေယာဉ်သည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကခ---ကျေးရွာနှင့် ကင---ကျေးရွာထဲတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကခ---ကျေးရွာတွင်နေထိုင်သည့် မောင်ကစ---၏နေအိမ်ကို ဗုံးသီးတစ်လုံးထိမှန်ခဲ့ ပြီး ဗုံးအစအနသည် မောင်ကစ---ကိုလည်း ထိမှန်ခဲ့သည်။ မောင်ကစ---၏လည်ပင်းမှာ ဗုံးစနှစ်စရှမှန်ခဲ့ပြီး လည်စေ့မှာ လည်း ဗုံးစတစ်စရှမှန်ခဲ့သည်။ ၎င်း၏လည်စေ့တွင် ရရှိသည့်ဒဏ်ရာသည် ပြင်းထန်သောကြောင့် ၎င်းအား နေပြည် တော်ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။ ထို့အပြင် ကခ---ကျေးရွာတွင် နေထိုင်သည့် အခြားရွာသားတစ်ဦးဖြစ်သူ ကဆ---၏နေအိမ်ကိုလည်း ထိမှန်သောကြောင့် အိမ်အမိုးသွပ်ပြားနှင့် အခြားအိမ်တွင်းပစ္စည်းများလည်း ပျက်စီးသွားခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ကင---ကျေးရွာရှိ ကဇ---၏နေအိမ်လည်း ထိမှန်ပေါက်ကွဲခဲ့ပြီး ကဇ---သည်လည်း နေအိမ်တွင်ရှိစဉ်ဖြစ်၍ ပေါက်ကွဲသွားသည့် လက်နက်ကြီးစနှစ်စသည် ၎င်း၏ခြေသလုံးနှစ်ဖက်ကို ထိမှန်ပြီး ၎င်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ ညနေ (၄း၀၃)မိနစ်ဝန်းကျင်တွင် စစ်ကောင်စီဂျက်တိုက်လေယာဉ်သည် ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ င---ကျေးရွာနှင့် စ---ကျေးရွာထဲတွင် လေကြောင်းတိုက်ခိုက်မှုပြလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိုရွာနှစ်ရွာရှိ လူနေအိမ် (၃)လုံး ထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် င---ကျေးရွာတွင်း ရှိ ဗြဟ္မစိုရ်ဘုရားကျောင်း ကို လည်းထိမှန်ပြီး ဘုရားကျောင်းအမိုးသွပ်ပြား၊  မျက်နှာကျက်၊ ဘုရားကျောင်းအတွင်းရှိ ကီးဘုတ်နှစ်လုံးနှင့် ဘုရားကျောင်းအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည်။ ထို့အပြင် င---ကျေးရွာတွင် နေထိုင်သည့်နော်ကည---၏နေအိမ်နှင့် စပါးကျီကြားမှာ ဗုံးတစ်လုံးကျရောက် ပေါက်ကွဲသောကြောင့် နော်ကည---၏ စပါးကျီအုတ်ခုံအိမ်အောက်ရှိ လှည်းဘီးစသည့်အရာဝတ္တများ ပျက်စီးခဲ့သည်။ လယ်သပြေကွင်းကျေးရွာတွင်နေထိုင် သည့် အခြားရွာသားတစ်ဦးဖြစ်သူ ကဌ---၏နေအိမ်တစက်မြိတ်နားကပ်လျက်တွင် ဗုံးတစ်လုံးရောက်ပေါက်ကွဲသော ကြောင့် ပေါက်ကွဲသွားသည့်ဗုံးအပိုင်း အစများသည် ကဌ---၏အိမ်တစက်မြိတ်သွပ်၊ အိမ်အုတ်ခုံ၊ အိမ်တွင်းရှိဗီရိုမှန်နှင့် အိမ်ခင်းကြမ်းပြင်တို့ကိုထိမှန်ကာ အနည်းငယ်ပျက်စီးသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်သည့်အချိန်တွင် ကဌ---၏အမျိုးသမီးသည် မီးဖိုးချောင်ထဲတွင် ထမင်းချက်နေခဲ့သည်။ သို့သော်လည်း ‌သူမသည် ကံကောင်းစွာဖြင့် ထိခိုက်မှုမရှိခဲ့ပါ။ စ--- ကျေးရွာထဲတွင်လည်း ကဏ---၏နေအိမ်ခေါင်မိုးပေါ်တွင် ဗုံးသီးကျည်ဆံတစ်လုံးကျရောက် ပေါက်ကွဲပြီး အိမ်တွင်းကြမ်းပြင်နှင့် အိမ်အတွင်း ပိုင်းခင်းပြင်၊ ခေါင်မိုးသွပ်နှင့် မီးဖိုချောင်ခေါင်မိုးသွပ်များ ပျက်ဆီးဆုံးရှုံး ခဲ့ရသည်။ အိမ်သူအိမ်သားများသည် စစ်ဘေး ရှောင်နေရသောကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ရွာသားများအား ရိုက်နက်ခိုင်းစေခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းတွင် တပ်မဟာ (၂) KNLA တပ်ရင်းအမှတ် (၅)၏အမိန့်အောက်တွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်သား (၃)ဦးသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေးရွာထဲသို့ဝင်လာပြီး စ---ရွာသား (၆)ဦးအား လေးမိုင်ကျေးရွာရှိ အကျဉ်းထောင်ဦးစီးဌာနသို့ လိုက်ပို့ ပေးရန် စေခိုင်းခဲ့သည်။ ထိုရွာသား (၆)ဦးသည် မလိုက်ပို့ရဲပါဟု PDF တပ်သားများအား ငြင်းဆိုခဲ့သည်။ ထို့နောက် PDF တပ်သားတစ်ဦးသည် ၎င်းတို့အား မလိုက်ပို့ရကောင်းစေလားဆိုပြီး ထိုရွာသား (၆)ဦးအား တုတ်ဖြင့်ရိုက်နက်ခဲ့သည်။ ထို့နောက် ရွာသားများသည် ကြောက်ရွံ့ပြီး PDF တပ်သား (၃)ဦးအား လိုက်ပို့ခဲ့ကြသည်။  လမ်းတစ်ဝက်‌ရောက်သော အခါ PDF တပ်သားများသည် “မင်းတို့မလိုက်ပို့ရဲရင် မင်းတို့ပြန်တော့” ဟု ထိုရွာသားများအား ပြောကြားခဲ့သည်။ ရွာ သား(၆)ဦးသည်လည်း ၎င်းတို့အိမ်သို့ပြန်လာခဲ့သည်။ ထို့နောက် PDF တပ်သားများသည် ရှေ့ဆက်သွားပြီး စ---ကျေးရွာတွင်နေထိုင်သည့် ကတ---၏အိမ်‌ရှေ့ရောက်သောအခါ လေးမိုင်ကျေးရွာရှိ  ခလရ (၃၉) အခြေစိုက်သည့် တပ်စခန်းသို့ M79 သေနတ်ဖြင့် (၃) ချက်လှမ်းပစ်ပြီး ထွက်ပြေးသွားခဲ့သည်။ လေးမိုင်တပ်စခန်းတွင် အခြေစိုက်သည့် ခလရ(၃၉)မှ တပ်သားများသည် လက်နက်သံကြားရာ ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေးရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ အချက်ပေါင်းများစွာ လှမ်းပြီးပစ်ခတ်ခဲ့သည်။ ဤကဲ့သို့လက်နက်ကြီး၊ လက်နက်ငယ်များ အချက် ပေါင်းများစွာ လှမ်းပစ်ခတ်သည့်အတွက်ကြောင့် စ---ကျေးရွာမှ ရွာသားများသည် ကြောက်ရွံ့ကြပြီး အများစုသည်  အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အတွက် နီးစပ်ရာသာသနာအဆောက်အအုံများ၊ နီးစပ်ရာဆွေမျိုးသားချင်း အိမ်များ၊ နီးစပ်ရာမိမိလယ်ထဲများ၊ နီးစပ်ရာဥယျာဉ်ခြံထဲများ၊ နီးစပ်ရာတောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။

အရပ်သားအိုးအိမ်ပိုင်ဆိုင်မှုများအား မီးရှို့ဖျက်ဆီးခြင်း

အထက်တွင်ဖော်ပြသည့်အတိုင်း SAC စစ်သား မောင်မင်းမင်းထွန်းအသတ်ခံရသည့်ကိစ္စကိုသိရှိပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့ မနက် (၆) နာရီအချိန်တွင် ဒေးလိုမူနူကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာတွင် အခြေစိုက်သော ခလရ (၃၉) တပ်ရင်း အပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကား (၅)စီးနှင့် သံချပ်ကာကား (၂)စီးတို့ဖြင့် ဒေးလိုမူနူကျေးရွာအုပ်စု၊ ဂ---ကျေးရွာ၊ ခ---ကျေးရွာနှင့် က--- ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် (၁၀)နာရီခန့်တွင် အဆိုပါ SAC ပူးပေါင်းတပ်ဖွဲ့များသည် ဂ---ကျေးရွာရှိ လူနေအိမ် (၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း SAC ပူးပေါင်းတပ်ဖွဲ့များသည် ခ---ကျေးရွာနှင့် ကျေးရွာရှိ လူနေအိမ် (၇) လုံးကို မီးရှို့ခဲ့ပြန်သည်။ SAC ပူးပေါင်းတပ်ဖွဲ့များမှ အဆိုပါကျေးရွာ (၂) ရွာရှိ ရွာသား အိမ်များအား မီးရှို့ခဲ့ပြီးနောက် ဂ---ကျေးရွာတွင် (၃)ရက်ကြာ နေထိုင်ခဲ့သည်။ (၃) ရက်မြောက်နေ့ဖြစ်သော စက်တင် ဘာလ ၁၆ရက်နေ့ မနက် (၆)နာရီတွင် SAC ပူးပေါင်းတပ်ဖွဲ့များသည် ဂ---ကျေးရွာမှ ဆုတ်ခွာလာ၍ ၎င်းတို့တပ် စခန်းသို့ ပြန်သွား ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် KNLA နှင့် PDF စစ်သားများသည် မောင်မင်းမင်းထွန်း၏မိဘအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေးမိုင်တပ်စခန်းတွင် အခြေစိုက်သည့် ခလရ (၃၉) သည် ဒေးလိုမူနူ ကျေးရွာအုပ်စု၊ ဃ---ကျေးရွာရှိ အရပ်သားနေအိမ်သုံးလုံးကိုမီးရှို့ခဲ့သည်။ မီးရှို့ခံရသည့်အိမ်ပိုင်ရှင်အမည်များမှာ စောကတ---၊ စောကထ---နှင့် စောကဒ---ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေးလိုမူနူအုပ်စုရှိ က---ကျေးရွာနှင့် ဃ---ကျေးရွာကြား ဆက်သွယ်သည့်လမ်းမပေါ်တွင် KNLA နှင့် PDF တပ်သားများသည် ဆွဲမိုင်းကိုအသုံးပြု၍ ခလရ (၃၉) ပူးပေါင်း တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ကြ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန်ပစ်ခတ်ကြရင်း စစ်ကောင်စီတပ်သားများသည် ဒေးလိုမူနူကျေးရွာအုပ်စု၊ ဂ---ကျေးရွာထဲရောက်သောအချိန်တွင် တိုက်ပွဲငြိမ်သက်သွား ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့ ညအချိန်တွင် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များသည် ဂ---ကျေးရွာရှိ အရပ်သားအိမ် (၉)လုံးကိုမီးရှို့ခဲ့ပြန်သည်။ မီးရှို့ခံရသည့်အိမ်ပိုင်ရှင်အမည်များမှာ စောကဓ---၊ စောကန---၊ စောကပ---၊ စောကဖ---၊ စောကဗ---၊ နော်ကဘ---၊ နော်ကမ---၊ စောကယ---နှင့် စောကရ---တို့ဖြစ်သည်။ စစ်ကောင်စီ စစ်သားများသည် ဂ---ကျေးရွာတွင် လူနေအိမ်မီးရှို့ခဲ့ပြီးနောက် ထိုရွာမှ ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ဆုတ်ခွာပြီးနောက် ဒေးလိုမူနူကျေးရွာအုပ်စုရှိ က---ကျေးရွာသို့ရောက်သောအခါ စစ်ကောင်စီစစ်သားများသည် လူနေအိမ် (၄) လုံးကိုမီးရှို့ခဲ့ ပြန်သည်။ မီးရှို့ခံရသည့် အိမ်ပိုင်ရှင်အမည်များမှာ ကလ---၊ ကဝ---၊ ကသ---နှင့် ကဟ---တို့ဖြစ်သည်။ အဆိုပါ SAC တပ်ဖွဲ့များသည် ဂ---ကျေးရွာရှိ လူနေအိမ် (၄)လုံးကို မီးရှို့ခဲ့ပြီးနောက် ၎င်းတို့နေထိုင်သည့်တပ်စခန်းသို့ ပြန်သွား ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူအုပ်စု၊ စ---ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွာသား(၄) ဦးအားဖမ်းဆီး၍ ကြိုးနှင့်တုတ်နှောင်ထားခဲ့သည်။ ထိုရွာသား(၃)ဦးမှာ ဦးကအ---၊ မောင်ခက---၊ စောခခ---နှင့် ခဂ---တို့ဖြစ်သည်။ ထို့နောက် စစ်ကောင်စီ စစ်သားများသည် စောခခ---၏ ဆိုင်ကယ်နှင့် အခြားရွာသားတစ်ဦး၏ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ တစ်ဆက်တည်းမှာပင် ရွာသားများ၏ နေအိမ် (၈)လုံးကို လည်း ဆက်လက်မီးရှို့ခဲ့ပြန်သည်။ မီးရှို့ခံရသည့်အိမ်များ၏ပိုင်ရှင်များမှာ စောခဃ---၊ စောခင---၊ စောခစ---၊ စောခဆ---၊ နော်ခဇ---၊ စောခည---၊ နော်ခဌ---နှင့် ခဏ---တို့ဖြစ်ကြသည်။ စစ်ကောင်စီစစ်သားများမှ ဖမ်းဆီးထား သည့်ရွာသား (၄) ဦးကို စစ်ဆေးမေးမြန်းပြီး ခဂ---သည် စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်းသိရှိ၍ ၎င်းအားပြန်လွှတ်ပေးခဲ့ သည်။ ထို့နောက် ကျန်ရှိသည့်ရွာသား (၃) ဦးကို ၎င်းတို့ တပ်စခန်းသို့ ပြန်ခေါ်ဆောင်သွားခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်တွင် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များသည် စ---ကျေးရွာထဲသို့  ပြန်ဝင်လာ၍ ရွာထဲတွင် ပုန်းခိုကျင်းများတူးကာ ယာယီအခြေချတပ်စွဲနေထိုင်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ဒေသခံ ရွာသားတစ်ဦး၏ပြောပြချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းတွင် ခလရ (၃၉) ပူးပေါင်း တပ်ဖွဲ့ များမှ စ---ကျေးရွာထဲတွင် ယာယီတပ်စွဲအခြေချ၍ စစ်ရေးလှုပ်ရှားနေစဉ် ရွာသူ၊ရွာသားများ၏နေအိမ်များမှ ပစ္စည်းဥစ္စာ တော်တော်များများ ပျောက်ဆုံးကုန်ကြကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များမှ စ---ကျေးရွာတွင် နေထိုင်သည့် ရွာသား (၃) ဦးဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ထဲမှာ ဦးကအ---နှင့် မောင်ခက--ကိုသာ  ပြန်လွှတ်ပေးခဲ့ သည်။ ဦးကအ---သည် ဖမ်းဆီးချုပ်နှောင်ခံရသည့်အချိန်အတွင်း SAC စစ်သားများ၏ညှဥ်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် ဆေးရုံဆေးခန်းသို့သွား ရောက်ဆေးကုသခဲ့ရသည်။ စောခခ---မှာမူ ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စ---ရွာထဲတွင် ပုန်းခိုကျင်းတူးပြီး ယာယီအခြေချတပ်စွဲထားသည့် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များသည် ၎င်းတို့၏တပ်ရင်းအခြေစိုက်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

အရပ်သားအိုးအိမ်နှင့်ဘာသာရေးဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်တွင် အင်အား (၇၀) ခန့်ရှိသည့် ခလရ (၃၉) ပူးပေါင်း တပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဂ---ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လူနေအိမ် (၁၇) လုံးကို မီးရှို့ဖျက် ဆီးခဲ့သည်။ ထို့အပြင် ကျေးရွာတွင်းရှိ အင်္ဂလီကန်ဘုရားရှိခိုးကျောင်းအတွင်းရှိ ကာလာကာ၊ အဲယားကွန်း၊ အလှဆင် ပန်းကုန်း၊ ပန်းအိုး၊ ကျမ်းစာအုပ်များစသည်တို့ကို ဘုရားရှိခိုးကျောင်းထဲတွင်ပုံပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ဘုရား ကျောင်းအဆောက်အဦးကိုမူ မီးရှို့ဖျက်ဆီးခြင်း မပြုခဲ့ပေ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၌ နေ့လယ် (၁) နာရီဝန်းကျင်တွင် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူ ကျေးရွာအုပ်စုရှိ ဃ---ကျေးရွာထဲကို ဝင်ရောက်လာပြီး လူနေအိမ် (၇)လုံးနှင့် အင်္ဂလီကန်အသင်းတြိတိသာ သနာ အဆောက်အအုံ ခန်းမဆောင်တစ်လုံးကိုလည်း မီးရှို့ခဲ့သည်။ အင်္ဂလီကန်အသင်းသားတစ်ဦး၏ပြောပြချက်အရ ခန်းမ ဆောင်အတွင်းထဲရှိ အများပိုင်ပစ္စည်းများဖြစ်သော ထမင်းပေါင်းအိုး၊ ဒယ်အိုး၊ ကုလားထိုင်၊ စားပွဲ၊ စားပွဲခင်း၊ ပန်းကန်၊ ချိုင့်စသည့်အသုံးအဆောင်ပစ္စည်းအားလုံး မီးလောင်ပျက်စီးခဲ့သည်။

ရွာသားတစ်ဦးအား စစ်ရေးရည်ရွယ်ချက်အတွက် အတင်းအဓမ္မဖမ်းဆီးခြင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်(၈)နာရီဝန်းကျင်၌ ဒေးလိုမူနူကျေးရွာအုပ်စုရှိ ခ---ကျေးရွာတွင်နေထိုင်သည့် ခတ---သည် မိသားစုစားဝတ်နေရေးအတွက် ရွာမှ (၅) မိုင်အကွာရှိကျေးရွာသို့ ဆိုင်ကယ်နှင့် ဈေးသွားဝယ်ပြီးအပြန် တွင် ခလရ (၃၉) ပူးပေါင်းတပ်ဖွဲ့များမှ ထိုရွာသားအား ဖမ်းဆီးခဲ့သည်။ ခ--- ကျေးရွာမှ ရွာသားတစ်ဦး၏ပြောပြချက် အရ စစ်‌ကောင်စီစစ်သားများမှ ခတ---အား ဖမ်းဆီး၍ လက်နောက်ပြန်ကြိုးတုတ်ထားပြီး မျက်နှာကိုအဝတ်နှင့် ပိတ်စည်း ထားကာ စစ်ရေးလုပ်ရှားမှုအတွက် ၎င်းတို့သွားသည့်နေရာတိုင်းကို ခေါ်ဆောင်သွားခဲ့သည်။ ခလရ (၃၉) ပူးပေါင်း တပ်ဖွဲ့များသည် ညနေဖက်ရောက်သည့်အချိန်တွင် ခတ--- အား ပြန်လွှတ်ပေးခဲ့သည်။ ခတ---သည် သူ၏ဆိုင်ကယ်ကို စစ်ကောင်စီစစ်သားများထံမှ ပြန်လည်တောင်းယူခဲ့ရာ စစ်သားတစ်ဦးမှ ၎င်းအား ဤသို့ပြောခဲ့သည်။ “မင်းဆိုင်ကယ်က တန်ဖိုးရှိတာလား။ မင်းအသက်က တန်ဖိုးရှိတာလား။ မင်းကြိုက်တာရွေး။” ခတ---လည်း  “ကျွန်တော့်အသက်က တန်ဖိုးရှိပါတယ်။” ဟုပြန်ဖြေကြားခဲ့သည်။ ထို့နောက် ထိုစစ်ကောင်စီစစ်သားသည် “ဒါဆိုရင် မင်းတန်းတန်းပြန်တော့။  နောက်ကိုလုံးဝပြန်လှည့်မကြည့်နဲ့” ဟုဆို ၍ ခတ---အား ပြောကြားခဲ့သည်။

ပညာရေးအခြေအနေ

တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုရှိ စာသင်ကျောင်းအများစုမှာ မြန်မာအစိုးရကျောင်းများ ဖြစ်ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းရန်ကြိုးပမ်းမှုပြီးနောက်ပိုင်းတွင် တစ်ချို့သော မြန်မာ အစိုးရကျောင်းဆရာ၊ ဆရာမများသည် CDM ထဲတွင် ပါဝင်လာကြသည်။ ထိုသို့ကျောင်းဆရာ၊ ဆရာမများ  နှုတ်ထွက် စာတင်ပြီးနှုတ်ထွက်သွားသည့်အတွက်ကြောင့် ဒေးလိုမူနူကျေးရွာအုပ်စုရှိ စာသင်ကျောင်းတိုင်းလိုလိုတွင် ဆရာ၊ဆရာမ များ လုံလောက်မှုမရှိတော့ပါ။ ထို့ကြောင့် ကျောင်းဆရာ၊ဆရာမများသည် ကျောင်းသားမိဘများထံမှ‌ ငွေကြေးကောက် ခံပြီး ကျောင်းမတက်တော့သည့် ၉ တန်းနှင့် ၁၀ တန်းကျောင်းသားများကို ငှားရမ်းပြီး လခပေး၍ စာသင်ကြားစေခဲ့ သည်။ သို့သော်လည်း ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားသည့်အချိန်တိုင်းတွင် ကျောင်းဆရာ၊ ဆရာများသည် ကျောင်းတွင်စာသွားမသင်ရဲတော့ပေ။ ထို့အတူ ကျောင်းသားမိဘများသည်လည်း ၎င်းတို့ သားသမီးများကို ကျောင်းသို့မသွားခိုင်းတော့ပေ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာအတွင်း ဒေးလိုမူနူကျေးရွာအုပ်စုတွင် စစ်ရေးပဋိပက္ခများတင်းမာလာသည့်အတွက် တစ်ချို့ စာသင်ကျောင်းများသည် ကျောင်းပိတ်ချိန်မဟုတ်သော်လည်း ကျောင်းများကို ပိတ်ခဲ့လိုက်ရသည်။ ကျောင်းပိတ်လိုက် ရသည့်ကျောင်းများမှာ ဂ---မူလတန်းလွန်စာသင်ကျောင်း၊ ခ---ကျေးရွာမူလတန်းလွန် စာသင်ကျောင်း၊ ဃ---အလယ် တန်းစာသင်ကျောင်း၊ စ---မူလတန်းလွန်စာသင်ကျောင်းနှင့် က---ကျေးရွာမူလတန်းလွန် စာသင်ကျောင်းများဖြစ်ကြ သည်။ ထိုကျောင်းများသည် ယခုအချိန်ထိ ပြန်မဖွင့်နိုင်သေးပါ။ ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျန်ရှိသော တစ်ချို့ကျောင်း များသည် ကျောင်းဆရာ၊ ဆရာမများမှ ကျောင်းသား မိဘများထံတွင် ငွေကြေးကောက်ခံပြီး ဆရာ၊ ဆရာမသစ်များအား ငှားရမ်း၍ စာသင်ပေးနေကြသည်။ တစ်ချို့စာသင်ကျောင်းများသည်လည်း ကျေးရွာကော်မတီဖွဲ့၍ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျောင်းများတွင် စာပြန်လည်သင်ကြားခြင်းရှိသော်လည်း စစ်ရေးပဋိပက္ခပေါ်မူတည်၍ စာသင်ပေးနေရပါ သည်။

လမ်းပန်းဆက်သွယ်ရေး

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ဒုတိယအပတ်မှစပြီး ဒီဇင်ဘာလကုန်အထိ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေး ရွာအုပ်စုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ရွာသားများ၏သွားလာလှုပ်ရှားမှုများကို ပို၍တင်းကြပ်မှုပြုလုပ်လာခဲ့ သည်။ ထိုစစ်ဆေးရေးဂိတ်များသည် လေးမိုင်ကျေးရွာရှိ ဘုရားခြေရင်းစစ်ဆေးရေးဂိတ်၊ (၇)မိုင် ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းစစ်ဆေးရေးဂိတ်နှင့် သိုးသောင်ကျေးရွာရှိ သိုးသောင်တံတားစစ်ဆေးရေး ဂိတ်တို့ဖြစ်ကြသည်။ ထိုဂိတ်များ တွင်ရှိသော စစ်ကောင်စီစစ်သားများသည် အများပြည်သူများသွားလာသည့် အခါများတွင် မထင်ရင်မထင်သလို သေနတ်များဖြင့်ချိန်ရွယ်ပြီး ပြည်သူများအား စစ်ဆေးမေးမြန်းလေ့ရှိသည်။ ထိုဂိတ် (၃) ဂိတ်တွင် စစ်ကောင်စီ တပ်သား များသည် အများပြည်သူများစားဝတ်နေရေးအတွက် ဆန်အပါအဝင် အခြားသောလိုအပ်ချက်မှန်သမျှကို ဝယ်ယူသည့် အချိန်တိုင်းတွင် ဆန်တစ်အိတ်ထက်ပိုမသယ်ရဆိုသည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည့်အတွက် ကြောင့် ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အဆိုပါဂိတ် (၃)ဂိတ်တွင် စစ်ကောင် စီစစ်သားများသည် အများပြည်သူများသွားလာသည့်အခါတိုင်းတွင် ကား၊ ဆိုင်ကယ်များကို စစ်ဆေးပြီး မထင်ရင် မထင်သလို အပြစ်မရှိအပြစ်ရှာကာ ငွေကြေးအတင်းအဓမ္မ တောင်းယူလေ့ရှိကြောင်း သိရှိရသည်။ ဖြစ်စဉ်တစ်ခုတွင် စစ်ကောင်စီစစ်သားများသည် ဆိုင်ကယ်မောင်းနှင်လာသောပြည်သူတစ်ဦးကို ဆိုင်ကယ်လိုင်စင် စစ်ဆေးမည်ဟုဆို၍ အပြစ်မရှိအပြစ်ရှာပြီး ဆိုင်ကယ်ပိုင်ရှင်အား ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ထို့နောက် ဆိုင်ကယ်ပိုင်ရှင်၏မိသားစုဝင် များကို ငွေသိန်းဆယ်ချီပြီး လာရောက်ရွေးခိုင်းသည့်ဖြစ်စဉ်မျိုးလည်းရှိသည်။

ဘာသာရေးဆိုင်ရာပိတ်ပင်ကန့်သတ်မှုများ

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား မောင်မင်းမင်း ထွန်းအသတ်ခံရပြီးနောက်ပိုင်း ဒေးလိုမူနူကျေးရွာအုပ်စုတွင် စစ်ကောင်စီနှင့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးပဋိပက္ခများ တင်းမာလာခဲ့သည်။ ထိုကဲ့သို့စစ်ရေးပဋိပက္ခများ တင်းမာလာခြင်းကြောင့် ၂၀၂၃ခုနှစ်၊ စက်တင် ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းတွင် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဂ---ကျေးရွာ၊ ဃ---ကျေးရွာ၊ င---ကျေးရွာ၊ စ----ကျေးရွာ၊ ခ---ကျေးရွာနှင့် က---ကျေးရွာများတွင် ကရင်လူမျိုးကိုးကွယ်သော ဥပုပ်တနင်္ဂ‌‌နွေနေ့ဘုရားကျောင်းကို ရွာသားများ တက်ရောက်ခွင့်မရှိတော့ပေ။  ရွာသားများအနေဖြင့် ခရစ်တော်မွေးဖွားသည့်ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ခရစ္စမတ်ပွဲတော်လည်း လုံးဝကျင်းပခွင့် မရှိတော့ပါ။ ထို့အပြင် မြန်မာလူမျိုးများ၊ ရှမ်းလူမျိုးများဖြစ်ကြသော ဗုဒ္ဓဘာသာဝင်များအတွက် လပြည့်လကွယ် ဥပုပ်ရက်လိုမျိုးလည်း ဥပုပ်မစောင့်ရသလို တန်ဆောင်မုန်းလ ကထိန်ပွဲတော်ကိုလည်း လုံးဝကျင်းပခွင့်မရှိတော့ပေ။ ထိုကျေးရွာ (၆) ရွာတွင် စစ်ရေးပဋိပက္ခကြောင့် ဘာသာရေးနှင့် ဆိုင်သောအခမ်းအနားများနှင့် ပွဲတော်များလည်း လုံးဝကျင်းပခွင့်မရှိတော့ပါ။ ကျန်ရှိသောကျေးရွာများတွင် ဘာသာရေး နှင့်ပတ်သတ်ပြီး ကြီးကြီးကျယ်ကျယ် ကျင်းပခွင့်မရှိသော်လည်း အကျဉ်းချုပ်ကျင်းပခွင့်ရရှိကြသည်။ တစ်ချို့ကျေးရွာ များတွင် စစ်ကောင်စီမှ ဘာသာရေးအဆောက်အုံများကို တိုက်ခိုက်ဖျက်ဆီးသည့် ဖြစ်စဉ်မျိုးလည်းရှိခဲ့ သည်။

စားဝတ်နေရေးအခြေအနေ

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်ရေးပဋိပက္ခများတင်းမာလာပြီး စစ်ကောင်စီ မှ ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် ရွာသားများ၏နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းတို့ကြောင့်  ဒေသခံများသည် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အတွက် ၎င်းတို့၏ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ဘေးရှောင်ရသည့်ကျေးရွာများမှာ ဂ---ကျေးရွာ၊ ခ---ကျေးရွာ၊ က---ကျေးရွာ၊ ဃ---ကျေးရွာ၊ င---ကျေးရွာနှင့် စ---ကျေးရွာတို့ဖြစ်ကြသည်။ ဤသို့ထွက်ပြေးတိမ်းရှောင်ကြရသောကြောင့် ရွာသူရွာသား များအတွက် စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်ကြရသည်။ ထို့ကြောင့် တစ်ချို့သောရွာသားများသည် အသက် အန္တရာယ်ကြားမှ ၎င်းတို့အိမ် သို့တိတ်တဆိတ်ပြန်သွားကြပြီး စားဝတ်နေရေးအတွက် လိုအပ်သည့် စားနပ်ရိက္ခာများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို သယ်ယူခဲ့ရကြောင်း သိရှိရသည်။  ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားတစ်ဦးမှ ၎င်း၏ခံစားချက်ကို KHRG အား ဤသို့ပြောပြခဲ့သည်။ “ဒီလိုပဲရှေ့ဆက်ပြီး ထွက်ပြေးတိမ်းရှောင်နေရမယ်ဆိုရင် ကိုယ့် အလုပ်လည်း ကိုယ်လုပ်လို့ မရတော့ဘူး။ ဝင်ငွေလည်းမရှိတော့ဘူး။ ကြာလာရင်တော့ ငတ်သေရုံပဲကျန်ပါတော့ တယ်။”    

Fri, 12 Apr 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုစုထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်