Fri, 22 Mar 2024
ဘိတ်-ထားဝယ်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကစယ်ဒိုမြို့နယ်တွင် SAC မှ ရွာသားတစ်ဦးအား အဓမ္မဖမ်းဆီးပြီး သတ်ဖြတ်ခြင်း (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် တွင်ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းကို ဖော်ပြထားသည်။ အောက်တိုဘာလ ၂၅ရက်နေ့တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃)သည် ကစယ်ဒိုမြို့နယ်၊ ကစယ်ခလယ် ဒေသရှိ ကျေးရွာတစ်ရွာတွင် စစ်ကြောင်းထိုးလာသည့်အချိန်၌ ရွာသားတစ်ဦးကို အဓမ္မဖမ်းဆီးခဲ့သည်။ ထိုရွာသား၏ အမည်သည် ကိုက---ဖြစ်ပြီး အသက် (၃၁)နှစ်ရှိပြီးဖြစ်သည်။ ကိုက---အား မည်သည့်အကြောင်းကြောင့် ဖမ်ဆီးရ သည်ကို မသိရှိရပေ။ အခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံရွာသားများသည် ကျေးရွာအနီးနားတွင် သေဆုံးနေသော ကိုက---၏အလောင်းကို မြှုပ်နှံထားကြောင်းတွေ့ရှိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ရွာသားများကြားတွင် မလုံခြုံမှုများနှင့် အကြောက်တရားများအား ဖြစ်ပေါ်စေခဲ့သည်။ တစ်ချို့ရွာသားများသည်လည်း ဤကဲ့သို့ဖြစ်စဉ်မျိုးအားရှောင်ရှားရန် အတွက် နီးစပ်ရာကျေးရွာများ သို့မဟုတ် မြို့များသို့တိမ်းရှောင်၍ ခိုလှုံနေထိုင်ကြသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားတစ်ဦးအား အဓမ္မဖမ်းဆီး၍ သတ်ဖြတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်၊ ကစယ်ခလယ်ဒေသ၊ ဘ---ကျေးရွာနှင့် စ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ကိုက---

အသက်

၃၁ နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာလူမျိုး

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်မရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

မသိရှိရ

နေရပ် ရွာအမည်

ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ကစယ်ခလယ်ဒေသ၊ ဘ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃)

သရက်ချောင်းတပ်စခန်း

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ဤဖြစ်စဉ်ကို လူမှုကွန်ယက်စာမျက်နှာတွင် ဖတ်ရှုခဲ့ရပြီးနောက် သတင်းအ ချက်အလက်အသေးစိတ်များသိရှိရန်အတွက် ဒေသခံအာဏာပိုင်များကို ဆက်သွယ်မေးမြန်းခဲ့သည်။ ထို့အပြင် ကိုက---၏ရုပ်အလောင်းကို ကူညီသယ်ဆောင်ပေးခဲ့သည့် ရွာသားတစ်ဦးဖြစ်သူ ကိုခ---ကိုလည်း အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားမှ အင်တာဗျူးခဲ့သော ကိုခ---သည် ဤဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူဖြစ်ပြီး ကိုက--- ၏ရုပ် အလောင်းကို ကိုယ်တိုင်တူးဖော်ပေးခဲ့သူဖြစ်သည့်အတွက်ကြောင့် ဤသတင်းအကြောင်းအရာသည် မှန်ကန်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်နေ့၌ ကစယ်ဒို (သရက်ချောင်း)မြို့တွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃) သည် ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ကစယ်ခ လယ်ဒေသရှိ အ---ကျေးရွာသို့ လာရောက်စစ်ကြောင်းထိုးခဲ့သည်။ စစ်ကြောင်းထိုးလာသည့်လမ်းတွင် SAC စစ်သားများ သည် ကစယ်ခလယ်ဒေသရှိ ဘ---ကျေးရွာကိုဖြတ်သန်းလာသည့်အချိန်တွင် အသက် (၃၁)နှစ်အရွယ်ရှိသော ရွာသား တစ်ဦးဖြစ်သူ ကိုက---အား ဖမ်းဆီးခဲ့သည်။ ကိုက---အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ကို မသိရှိရပေ။

 

ထိုနေ့နောက်ပိုင်းတွင် SAC စစ်သားများသည် ထိုကျေးရွာမှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ဒေသခံရွာသားများသည် ကိုက---အား လိုက်လံရှာဖွေခဲ့သည်။ ရွာသားများသည် SAC စစ်သားများမှ ကိုက---အား ဖမ်းဆီးခဲ့သည်ကို မြင်တွေ့ခဲ့ ခြင်းဖြစ်သည်။ ရွာသားများသည် (၅)ယောက်တစ်ဖွဲ့ဖြစ်စေ၊ (၇)ယောက်တစ်ဖွဲ့ဖြစ်စေ လူစုခွဲပြီး ကိုက---အား ရှာဖွေခဲ့ သည်။ ရွာသားများသည် ကိုက---အား ကျေးရွာအနီးဒေသများနှင့် ကျေးရွာရှိနေရာတိုင်းတွင် လိုက်ရှာခဲ့သည်။ ရွာသား များသည် လိုက်ရှာရင်း ကစယ်ခလယ်ဒေသရှိ စ---ကျေးရွာသို့ရောက်ရှိသောအခါ မကြာမီက တူးထားသည့်မြေကြီး များကို တွေ့ရှိခဲ့ပြီး လူသေအနံ့ကို ခံစားမိကြသည်။ ထို့နောက် ရွာသားများသည် မြေကြီးထဲတွင်မြှုပ်နှံထားသည့်ကိုက---၏ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ကိုက---၏လက်ကိုကြိုးနှင့် နောက်ပြန်တုတ်ထားပြီး ၎င်း၏လည်ပင်းကိုလည်း ကြိုးနှင့်ချည်ထားကြောင်း တွေ့ရှိခဲ့သည်။ ရွာသားများသည် ကိုက---၏ရုပ်အလောင်းကို တူးဖော်ခဲ့ပြီး အသုဘအခမ်း အနားပြုလုပ်ပေးခဲ့သည်။

 

SAC မှ ကိုက---အား ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကြောင့် ရွာသားများသည် ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ရွာသားများအနေဖြင့် ၎င်းတို့ကျေးရွာအနီးတွင် SAC မှ စစ်ကြောင်းထိုးလာသည့်အကြောင်းကို ကြားသိရှိရလျှင် နီးစပ် ရာကျေးရွာများ သို့မဟုတ် မြို့များသို့တိမ်းရှောင်၍ ခိုလှုံနေထိုင်လေ့ရှိသည်။       

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အင်တာဗျူးခံရသော ရွာသားတစ်ဦးသည် ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန်အတွက် ခွင့်ပြုချက် ပေးထားပါသည်။

Fri, 22 Mar 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဘိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်