Fri, 27 Oct 2023
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် SAC မှ ရွာသားများအား ဖမ်းဆီး၍ လူသားဒိုင်းသဖွယ်အသုံးပြုခြင်း၊ လက်နက်ကြီး များပစ်ခတ်ခြင်းနှင့် ရွာသားများ၏ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို လုယက်ခြင်း (၂၀၂၃ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း)မြို့ နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) တပ်မ (၇၇)နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့များသည် မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာ အုပ်စုရှိ က---ရွာနှင့် ခ---ကျေးရွာတွင်းသို့ ဝင်ရောက်လာပြီး ရွာသား (၂၂)ဦးကို ဖမ်းဆီးခဲ့သည်။ SAC စစ်သားများသည် တိုက်ပွဲဖြစ်ပွားမည်ဆိုပါက မိမိကိုယ်ကိုကာကွယ်ရန်အတွက် ရွာသားများကို လူသားဒိုင်းသဖွယ်အသုံးပြုရန် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် SAC စစ်သားများသည် ရွာသားများပိုင်ဆိုင်သည့်ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို လုယက်ခဲ့ သည်။ ထိုနေ့တွင် SAC စစ်သားများသည် ဒေသအတွင်းလက်နက်ကြီးများလည်းပစ်ခတ်၍ ဒရုန်းဖြင့်ဗုံးကြဲခဲ့သည်။ လက်နက်ကြီးများပစ်ခတ်မှုကြောင့် တစ်ချို့ရွာသားများ၏အိမ်များပျက်စီးခဲ့ပြီး ရွာသားများ၏နွားများသည်လည်း လက်နက်ကြီး ကျည်စများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားများအား လူသားဒိုင်းသဖွယ်အသုံးပြုခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့်လု ယက်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စု၊ က---ရွာနှင့် ခ---ရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောစ---

နော်ဒ---

နော်အ---

စောဆ---

စောဟ---

အသက်

၄၄နှစ်

၃၈နှစ်

၆နှစ်

၄၀နှစ်

၃၉နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ

ရှိ

-

မရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

ဈေးရောင်း

-

ကျဘန်း

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ခရစ်ယာန်

-

နတ်ကိုးကွယ်သူ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

-

ရွာသား

ရွာသား

နေရပ် ရွာအမည်

က---ရွာ

က---ရွာ

က---ရွာ

က---ရွာ

က---ရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

တပ်မ (၇၇)နှင့် ၎င်းပူးပေါင်း တပ်ဖွဲ့များ

နေရာအနှံ့မှ ပူးပေါင်းတပ် ဖွဲ့များ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအကြောင်းအရာနှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဖမ်းဆီးခံခဲ့ရသူ ရွာသားသုံးဦးနှင့် ဖမ်းဆီးခံခဲ့ရသူတစ်ဦး၏မိသားစုဝင်တစ်ဦးတို့အား အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်ကို မျှဝေပြောပြခဲ့သောရွာသားသုံးဦးသည် SAC မှ ဖမ်းဆီးခဲ့သော ရွာသားများဖြစ်ပြီး ဖမ်းဆီး ခံခဲ့ရသောရွာသားတစ်ဦး၏မိသားစုဝင်တစ်ဦးလည်း မျှဝေပြောပြခဲ့သည်။ (SAC မှ ဖမ်းဆီးခဲ့သော ရွာသားများအားလုံး သည် စုစုပေါင်း ၂၂ဦးရှိသည်။ သို့သော်လည်း KHRG သတင်းစုဆောင်းသူမှ ဖမ်းဆီးခံခဲ့ရသူ ရွာသားသုံးဦးနှင့် ဖမ်းဆီးခံခဲ့ ရသူ တစ်ဦး၏မိသားစုဝင်တစ်ဦးတို့ကိုသာ အင်တာဗျူးခဲ့ပါသည်။) 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက်နေ့ မနက် (၄)နာရီခွဲတွင် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စုရှိ နံ့သာကွင်းတံတားတွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် လက်နက်ကြီး များ (၈)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ အဆိုပါပစ်ခတ်လိုက်သည့်လက်နက်ကြီး (၈)လုံးအနက် (၃)လုံးသည် က---ကျေး ရွာထဲတွင်ကျပြီး အခြား (၅)လုံးမှာ က---ကျေးရွာအနီးတွင်ကျပြီးပေါက်ကွဲခဲ့သည်။ တဖန် မနက် ၅း၃၀မိနစ်ခန့်တွင် က---ကျေးရွာအရှေ့တွင်ရှိသော ရေတွင်းကုန်းတွင်အခြေစိုက်သည့် SAC စစ်သားများသည် လက်နက်ကြီးများ (၆၇)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ SAC မှ ပစ်ခတ်ခဲ့သည့်လက်နက်ကြီးများသည် ခ---ကျေးရွာထဲတွင် (၁၇)လုံး၊ ဖ---ကျေးရွာ တွင် (၁၀)လုံး၊ ခ---ကျေးရွာရှိလယ်ယာထဲတွင် အလုံး (၄၀) ကျရောက်ပြီးပေါက်ကွဲခဲ့သည်။ ထိုကဲ့သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများ၏အိမ်များ ပျက်စီးသွားခဲ့ပြီး ရွာသားများပိုင်ဆိုင်သည့်ကျွဲ၊ နွားများကိုလည်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မတ်လ ၂၀ရက်နေ့ မနက် ၁၀း၅၀မိနစ်တွင် SAC သည် ဒရုန်းကိုအသုံးပြု၍ မူးမြို့နယ်၊ မူးအထူးဒေသ၊ ပင---ကျေးရွာ တွင် ဗုံးကျည်ဆံများ သုံးကြိမ်ပစ်ချခဲ့သည်။ ဒရုန်းဖြင့် အားလုံးပေါင်းဗုံး (၆)လုံးပစ်ချခဲ့ သည်။ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးများပစ်ချခဲ့မှုကြောင့် မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စုရှိ ဒေသခံ ရွာသားများသည် အခြားနေရာသို့ ထွက်ပြေးရှောင်ခဲ့ရသည်။ လက်နက်ကြီးများပစ်ခတ်ပြီးနောက်မှသာ အဆိုပါရွာသား များသည် ၎င်းတို့ရွာသို့ပြန်လာနေထိုင်ခဲ့ကြသည်။ ထို့အပြင် SAC စစ်သားများသည် မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာ အုပ်စုတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ နော်ဌ---၏ငွေကျပ် (၇)သိန်း၊ သူမ၏ဖုန်းတစ်လုံးနှင့် သူမ၏သမီးဖုန်း တစ်လုံးကိုလည်း သိမ်းယူခဲ့သည်။

 

၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက်နေ့တွင် SAC တပ်မ (၇၇)နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့များမှ စစ်သားအင်အားများ (၅၀) မှ (၇၀)ဦးခန့်သည် မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စု၊ က---ကျေးရွာနှင့် ခ---ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့သည်။ တပ်မ (၇၇)နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့များသည် က---ကျေးရွာနှင့် ခ---ကျေးရွာထဲတွင် ဝင်ရောက်လာပြီးနောက် ရွာသား များ၏အိမ်တံခါးသော့များကိုဖြုတ်၍ အိမ်များကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် ရွာသားများစား၍ မရအောင် ရွာသားများစုဆောင်းထားသည့်ဆန်ထဲတွင် ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်များကို ရောထည့်၍ ဖျက်ဆီးခဲ့သည်။ ထို့နောက် SAC စစ်သားများသည် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် စုစုပေါင်းရွာသား (၂၂)ဦး ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့်ရွာသားများမှာ စောဟ---၊ စောင---၊ စောဂျ--- (၁၄နှစ်)၊ စောဘ--- (၁၅နှစ်)၊ စောလ---၊ စောမ---၊ စောန--- (၁၇နှစ်)၊ စောဝ---၊ စောစ---၊ စောပ---၊ စောဇ---၊ စောရ---၊ စောဆ---၊ စောတ---၊ စောဦး---၊ စောထ---၊ နော်ဒ---၊ နော်အ--- (၆နှစ်)၊ စောဃ---၊ စောဠ---နှင့် အမည်မသိရှိရသည့်အခြားရွာသားနှစ်ဦးတို့ဖြစ်ကြ သည်။ ဖမ်းဆီးထားသည့်ရွာသားများကို SAC မှ မခေါ်ဆောင်သွားမှီ ရွာသား (၆)ဦးကို ပြန်လွှတ်ခဲ့သည်။ ပြန်လွှတ်ခဲ့ သည့် ရွာသား (၆)ဦးအနက် နှစ်ဦးမှာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများဖြစ်သည်။ ထို့နောက် SAC စစ်သားများသည် ဖမ်းဆီးထားသည့်ကျန်ရှိသော ရွာသားများကို ကြိုးဖြင့်တုတ်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုရန် ၎င်းတို့အရှေ့တွင်သွားစေ ၍ ခိုင်းစေခဲ့သည်။ ထို့အပြင် SAC စစ်သားများမှ အကယ်၍ ကရင်စစ်သားများအနေဖြင့် (ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် - KNLA) ၎င်းတို့အား (SAC စစ်သား) လမ်းတွင် ပစ်ခတ်တိုက်ခိုက်မည်ဆိုပါက ဖမ်းဆီးထားသော ရွာသားများကိုသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

 

အဆိုပါရွာသားများ ဖမ်းဆီးခံရသည့်အချိန်တွင် SAC စစ်သားများသည် နော်ဒ---ကို မေးခွန်းများစွာမေးမြန်းခဲ့သည်။ အကြောင်းမှာ SAC သည် သူမ၏ဖုန်းထဲတွင် စစ်သားဝတ်စုံဖြင့်ဝတ်ဆင်ထားသော သူမ၏ခင်ပွန်းဖြစ်သူ စောယ---နှင့် ၎င်း၏သူငယ်ချင်းများနှင့်အတူ ရိုက်ယူထားသောပုံကို တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ (ထို့ကြောင့် SAC မှ သူမ၏ ခင်ပွန်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။) (နော်ဒ---သည် SAC မှ ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းအဖြစ်အသုံးပြုရန် ခိုင်းစေခံရသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။) SAC သည် နော်ဒ---ထံမှ ရွှေနားကပ်တစ်ရံနှင့် ကျပ်ငွေ (၇)သိန်းခန့် ထားရှိသည့်သေတ္တာတစ်လုံးကိုလည်း သိမ်းယူခဲ့သည်။ ထို့အပြင် SAC သည် နော်ည---ထံမှ (နော်ဒ---၏အိမ်နီးချင်းတစ်ဦး) ရွှေလက်စွပ်တစ်ကွင်းနှင့် လက်ဝတ်ရတနာကို သိမ်းယူခဲ့သည်။ အဆိုပါ သိမ်းယူခဲ့သည့် ရွှေလက်စွပ်တစ်ကွင်းနှင့် လက်ဝတ်ရတနာ၏တန်ဖိုးသည် ၂၅၀၀၀၀ ကျပ်ဝန်းကျင်ရှိသည်။

 

၂၀၂၃ခုနှစ်၊ မတ်လ ၂၁ရက်နေ့တွင် SAC စစ်သားများသည် သက်ကြီးရွယ်အိုနှစ်ဦးပြန်လွှတ်ခဲ့သော်လည်း ကျန်ရှိသော ရွာသား (၁၄)ဦးကို ပြန်မလွှတ်ပေးခဲ့ပေ။ အဆိုပါရွာသား (၁၄)ဦးအနက် သုံးဦးသည် ကလေးများဖြစ်သည်။ ထိုကလေး များသည် စောဂျ--- (၁၄နှစ်)၊ စောဘ--- (၁၅နှစ်)နှင့် စောန--- (၁၇နှစ်)ဖြစ်သည်။

 

မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စု၊ က---ကျေးရွာမှ ဖမ်းဆီးခံခဲ့ရပြီး လူသားဒိုင်းအဖြစ်ခိုင်းစေခံရသည့် ရွာသား တစ်ဦးဖြစ်သူ စောစ---မှ ယခုလိုရှင်းပြခဲ့သည်။ “ကျွန်တော်တို့ကိုဖမ်းဆီးပြီးနောက် သူတို့က ကျွန်တော် တို့လက်တွေကို ကြိုးနဲ့ချည်နှောင်ထားတယ်။ တစ်ဖွဲ့ဆိုရင် (၇)ယောက်၊ (၈)ယောက် ကြိုးနဲ့ချည်ထားတယ်။ ကျွန်တော်တို့ကို ဘယ်မှာ ခေါ်သွားမလဲ သူတို့မပြောဘူး။ သူတို့က ဒေါသတကြီးနဲ့ ကျွန်တော်တို့ကို ဆက်ဆံပြောဆိုတယ်။ အဲဒါကြောင့် ကျွန် တော်တို့ကိုဖမ်းဆီးတော့ သူတို့နောက်ကိုမလိုက်ဘူးဆိုပြီး သူတို့ကိုငြင်းဆန်လို့မရဲဘူး။ စစ်သားတွေက ဒီလိုပြောတယ်။ ‘မင်းတို့တွေ မထွက်ပြေးနဲ့။ ထွက်ပြေးရင် မင်းတို့ကိုအသေပစ်သတ်မယ်။’ သူတို့ကအဲလောက်ထိတောင် ဆိုးသွမ်း တာဆိုတော့ ကျွန်တော်တို့ဘယ်လိုလုပ်ထွက်ပြေးရဲမှာလဲ။ လှုပ်တောင် မလှုပ်ရဲဘူး။”

 

SAC စစ်သားများသည် ဖမ်းဆီးထားသောရွာသားများကို ခ---စာသင်ကျောင်းအခန်းထဲမှာထားပြီး တံခါးသော့ခတ်ထား ခဲ့သည်။ ရွာသားများသည် ထိုစာသင်ခန်းထဲတွင် (၅)ရက်တာ နေခဲ့ရသည်။ စာသင်ခန်းထဲတွင် နေရသည့်အချိန်တွင် ရွာသားများသည် အခန်းထဲတွင်သာ ထမင်းစားရပြီး အိပ်ရသည်။ စာသင်ခန်းရှိအမိုက်ပုံးကို အိမ်သာလိုသဘောထားပြီး အသုံးပြုခဲ့ရသည်။ ဖမ်းဆီးထားသောရွာသားများအနေဖြင့် ကိုယ်လက်ဆေးကြောပြီး ရေချိုးခွင့်ရရန်အတွက် SAC စစ်သားများသည် စာသင်ခန်းကို တစ်ရက်လျှင် တစ်ကြိမ်သာဖွင့်ပြီး အပြင်ထွက်ခွင့်ပေးသည်။ SAC စစ်သားများသည် ရေချိုးပြီး ၎င်းအဝတ်များကို လျှော်ဖွတ်ပြီးနောက် ဖမ်းဆီးထားသည့်ရွာသားများနေထိုင်သည့်စာသင်ခန်း၏အရှေ့တွင် အဝတ်များလှန်းခဲ့ကြသည်။ SAC စစ်သားများ သည် လျှော်ဖွတ်ထားသောအဝတ်များကို ၎င်းတို့အိပ်သည့်နေရာတွင် မလှန်းထားကြပါ။ အကြောင်းမှာ KNLA စစ်သားများ SAC စစ်သားများအား ပစ်ခတ်တိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့အ ဝတ်လှန်းထားသည့်နေရာကိုသာ ပစ်ခတ်မည်ဖြစ်သည့်အတွက်ကြောင့် အဝတ်များကို စာသင်ခန်းအရှေ့တွင်လှန်းထား ခြင်းဖြစ်သည်။ SAC စစ်သားများအနေဖြင့် ရွာသားများကို ဖမ်းဆီးရသည့်အကြောင်းရင်းမှာ KNLA စစ်သားများ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် KNLA စစ်သားများသည် ဖမ်းဆီးထား သော ရွာသားများကို ပစ်ခတ်တိုက်ခိုက်မည်မဟုတ်ပါ။

 

(၅)ရက်ကြာပြီးနောက် ၂၀၂၃ခုနှစ်၊ မတ်လ ၂၄ရက်နေ့တွင် SAC စစ်သားများသည် ဖမ်းဆီးထားသော ရွာသားများကို ကျေးရွာအပြင်ဘက်ရှိ တောထဲသို့ ခေါ်ဆောင်လာခဲ့ပြီး ရွာသားများအား ‘မင်းတို့အိမ်ပြန်လို့ရပြီး’ ဟု ပြောကြားခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ခရီးဆက်ခဲ့သည်။ သို့သော်လည်း SAC သည် ၎င်းတို့အတွက် အန္တရာယ်တစ်ခုခု ဖြစ်မည်ဆို၍ ရွာသားများအား ချည်နှောင်ထားသောကြိုးကို ပြန်မဖြေခဲ့ပေ။ ဖမ်းဆီးခံခဲ့ရသောရွာသားတစ်ဦးမှ ဤသို့ ရှင်းပြခဲ့သည်။ “အခုလိုဖမ်းဆီးခံရတော့ ကျွန်တော်တို့လည်း အရမ်းကြောက်ခဲ့ရတယ်။ ကလေးတစ်ယောက်ဆိုရင် ကြောက်လွန်းလို့ ဖျားတောင်ဖျားသွားတယ်။ ရွာကိုပြန်လာပြီးနောက်မှာ တစ်ချို့လူကြီးတွေလည်း နေမကောင်းလို့ ဆေးသောက်ခဲ့ရတယ်။”  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဖမ်းဆီးခံခဲ့ရသောရွာသားများသည် ဤသတင်းအချက်အလက်များကို ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။

Fri, 27 Oct 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင် ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်