Thu, 04 Feb 2021
မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းမှုပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်

     

 

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ တပ်မတော်၏ စစ်တပ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုပ်ချပါသည်။ ကျွန်ုပ်တို့မှ ဒီမိုကရေစီလမ်းကြောင်းအရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံရေးခေါင်းဆောင်များနှင့် အရပ်သားများ အား ဖမ်းဆီးချုပ်နှောင်ခြင်းမှ ချက်ချင်းလွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်။ ဤကဲ့သို့ဒီမိုကရေစီအပေါ် ထိုးနှက် တိုက်ခိုက်ဆောင်ရွက်မှုသည် တပ်မတော်မှရရှိထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကာအကွယ်နှင့် ဆယ်စု နှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွှတ်ခွင့်များကြောင့်ဖြစ်သည်။ ၎င်းသည် နိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ခြိမ်းခြောက်သည်သာမက စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုကို ဆယ်စုနှစ်များကြာမြင့်စွာ ကြုံတွေ့ခံစားနေရ သော တိုင်းရင်းသားလူနည်းစုများကိုပါ ရှေ့လျှောက်အန္တရာယ်ဖြစ်စေသည်။ 

စစ်တပ်မှ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေငြာခွင့်အာဏာကိုခွင့်ပြုထားသောဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၄၁၇) ကို အာဏာသိမ်းရခြင်းအကြောင်းပြချက်အဖြစ်သုံးထားသည်။ သို့သော်လည်း ၂၀၂၀ ခုနှစ်ရွေးကောက် ပွဲအတွင်း ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်လည်မှု၏သက်သေအထာက်အထားကိုပြနိုင်ခြင်းမရှိပေ။ စစ်တပ်၏လုပ်ရပ် များသည် မျှတမှုမရှိသည့်အပြင်မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ်အား လုံးဝဥပေက္ခာပြုထားကြောင်း ဖော်ပြနေ သည်။ ထို့ပြင် အသစ်ဖွဲ့စည်းလိုက်သော “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ တာဝန်ယူထိန်းချုပ်ထားခြင်းဖြစ်ပြီး လမ်းကြောင်းမှန်ကန်မှုမရှိပေ။ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် (NLD) သည် စစ်တပ်နှင့်ဆက်နွယ်သောနိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို ပြည်သူလူထု၏ရွေးချယ်တင်မြှောက်မှုဖြင့် အပြတ်အသတ်အနိုင်ရရှိထားခြင်းကို လေးစားလက်ခံရန် လိုအပ်ပါ သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင်နေထိုင်ကြသူများသည် ဤသတင်းထွက်ပေါ်လာမှုကြောင့် အံ့သြတစ်ကြီး ဖြစ်ခဲ့ရကြသည်။ သို့သော်လည်း ကျွန်ုပ်တို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်အား ဒီမိုက ရေစီနည်းကျရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ အာဏာသိမ်းခွင့်ကိုပေးထားကြောင်း အမှတ်ရနေရန် လို သည်။ ယခင်နှစ်များ၌ KHRG အပါအဝင် ကုလသမဂ္ဂမစ်ရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အခြားသောအရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး အစိုးရ၏လုပ်ပိုင်ခွင့်အာ ဏာအပေါ် စစ်တပ်မှချုပ်ချယ်ခြင်းများကိုကန့်သတ်နိုင်ရန်အတွက် အကြံပြုခဲ့ကြသည်။ ဤကဲ့သို့သောပြုပြင် ပြောင်းလဲမှုအတွက် ကြိုးစားအားထုတ်မှုများကို တပ်မတော်နှင့် USDP တို့မှကန့်ကွက်ခဲ့ကြသည်။ ဤအခြေအနေ သည်အသစ်ဖွဲ့စည်းလိုက်သည့် လာမည့်စစ်အစိုးရ၏ပုံရိပ်ကိုဖော်ပြနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရတပ်မ တော်သည် နိုင်ငံတော်၏အ ရေးအပေါ်အခြေအနေကို တစ်နှစ်အတွင်းတည်ငြိမ်အောင် လုပ်ဆောင်ပေးရန်တာဝန် ရှိပြီး ရွေးကောက်ပွဲအားအသစ်ပြန်လည်ကျင်းပမည်ဟု ကတိကဝတ်ပြုထားသော်လည်း ထိုရွေးကောက်ပွဲသည် လွှတ်လပ်၍မျှတမှုရှိမည်မဟုတ်သဖြင့် တပ်မတော်ပေးထားသောကတိသည် အဓိပ္ပယ်မဲ့ကြောင်း KHRG မှ ကောက် ချက်ချပါသည်။ 

စစ်တပ်အာဏာသိမ်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကာအကွယ်ပေးထားမှုကြောင့်ဖြစ်ရသော လုပ်ရပ် တစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံအတွင်းတပ်မတော်၏ကျူးလွန်မှုများကိုပြစ်ဒဏ်မှ ကင်းလွတ်ခြင်းအစဉ်အလာကို သတိပေးခြင်းတစ်ခုလည်းဖြစ်သည်။ အထူးသဖြင့် စစ်အာဏာရှင်၏အုပ်ချုပ်မှုအောက်တွင် လူ့အခွင့်အရေးချိုး ဖောက်ခံရပြီးများစွာနစ်နာဆုံးရှုံးခဲ့ကြရသည့် တိုင်းရင်းသားလူနည်းစုများ အတွက် တပ်မတော်၏ ပြစ်ဒဏ်ကင်း လွှတ်ခွင့်သည် လက်တွေ့ခံစားနေရသော အရာတစ်ခုဖြစ်သည်။ KHRG ၏လှုပ်ရှားမှုနယ်မြေအတွင်းရှိ ရွာသားများ သည် စစ်ပွဲနှင့် တရားမျှတမှုမရှိခြင်းများအား ဆယ်စုနှစ်များစွာ ရင်ဆိုင်ကြုံတွေ့လာကြသည်။ လွန်ခဲ့သောလ အနည်းငယ်အတွင်း တပ်မတော်မှ တစ်နိုင်ငံလုံးပစ် ခတ် တိုက်ခိုက်မှုရပ်စဲရေး (NCA) ကတိကဝတ်များကို လုံးဝ ဥပေက္ခာပြုခြင်းသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို လုံးဝရပ် တန့်စေခဲ့ပြီး ပဋိပက္ခများကို ပိုမိုပြင်းထန်စေခဲ့သည်။ ကရင် ပြည်နယ်၏ အရှေ့မြောက်ဘက်အနီးအနားရှိ ကျေးရွာများတွင် တပ်မတော်မှလက်နက်ကြီးများပစ်ခတ်ခြင်းနှင့် တပ်မတော်နှင့် KNLA တို့ကြားတိုက်ပွဲ များပိုမိုပြင်းထန် လာခြင်းကြောင့် ရွာသား ၅၀၀၀ ခန့်သည်လက်ရှိထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့အပြင် အစီရင်ခံချက်များ အရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အ ပံ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများကို ထွက်ပြေးတိမ်းရှောင်သည့်နေရာများနှင့် ပြည်တွင်းရွှေ့ပြောင်းနေ ထိုင်သူ (IDP) များကိုအထောက်အပံ့ပေးရန်အတွက် သွားရာတွင် တပ်မတော်မှ ပိတ်ပင်တားဆီးထားပါသည်။

ဆယ်စုနှစ်ပေါင်းများစွာသောအတွေ့အကြုံအရ စစ်အာဏာရှင်စနစ်အောက်တွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစုများအတွက် ငြိမ်းချမ်းမှုရှိမည်မဟုတ်ကြောင်း ကိုသိနိုင်သည်။ တိုင်းပြည်ကိုလွှမ်းမိုးနေသော အကြောက်တရားများ၊ တိုင်းရင်းသားဒေသများရှိပဋိပက္ခများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေမည်သာမက ပို၍ပင်ဆိုးရွားသွားနိုင်ပါသည်။ 

KHRG မှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းအရရွေးချယ်တင်မြှောက်ထားသောအရပ်သားအစိုးရအား တပ်မ တော်မှ နဂိုမူလအတိုင်းပြန်လည်နေရာပေးအပ်ရန်နှင့် တိုင်းရင်းသားအသိုက်အဝန်းများအတွင်း ချိုးဖောက်ကျူးလွန်မှုများနှင့် ပဋိပက္ခများကိုအဆုံးသတ်ရန်နှင့် လက်ရှိဖမ်းဆီးချုပ်နှောင်ထားသူအားလုံးတို့အား လွှတ်ပေးခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ လေးစားလိုက်နာရန် တောင်းဆိုအပ်ပါသည်။

ဆက်သွယ်ရန်

နော်ထူးထူး- +66 (0) 87-205-1856
စောလင်းထက် - +66 (0) 909-487-236

Thu, 04 Feb 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်