Thu, 30 May 2024
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ကော်တရီမြို့နယ်တွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ (၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ဒူးပလာယာ ခရိုင်၊ ကော်တရီ (ကော့ကရိတ်)မြို့နယ်တွင်  လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် နှစ်ခုကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ  ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့၊ က---ရပ် ကွက်တွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသက် (၁၁) နှစ်အရွယ် ယောက်ျားလေးတစ်‌ယောက်ဖြစ်သူ စော ခ---သည် ၎င်းအိမ်နားရှိနေစဉ် ဗုံးကျည်စထိမှန်ပြီး သူ၏ခြေထောက်တစ်ဖက်  ဒဏ်ရာရရှိခဲ့သည်။ ထိုကလေးကို သူ၏မိဘများက ဆေးကုသမှုခံယူရန်အတွက် ၎င်းအား ဘားအံမြို့တွင်ရှိသော ဆေးရုံ သို့  ချက်ခြင်းပို့ဆောင်ခဲ့သည်။ ထို့နောက် အဆိုပါကလေးကို ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်၊ နောကဝေါ် အုပ်စု၊ ဂ---ဆေးခန်းသို့လွှဲပြောင်းပေးခဲ့သည်။  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၈း၀၀  နာရီတွင် SACသည်  ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့၊ ဃ---ရပ်ကွက်တွင် ပေါင် (၅၀၀) ဗုံးတစ်လုံးပစ်ချခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သော  မင--- အား ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ မင---၏ခင်ပွန်းသည် သူမအား ဘားအံ ခရိုင်၊ တနေးဆါး(နဘူး)မြို့နယ် ရှိ စ---ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ သို့သော်  သူမအား နောကဝေါ်အုပ်စု၊ ဂ---ဆေးခန်း သို့လွှဲပြောင်းခဲ့သည်။  အကြောင်းမှာ ဂ---ဆေးခန်းတွင် ပို၍ကောင်းမွန်သည့်ဆေးဝါးကိရိယာများ ရှိသောကြောင့်ဖြစ် သည်။[1]

 

 

အပိုင်း ၁ -  မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လေကြောင်းတိုက်ခိုက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့၊ က---ရပ်ကွက် နှင့် ဃ---ရပ်ကွက်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောခ---

မင---

အသက်

၁၁ နှစ်

၃၂ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မူဆလင်

အိမ်ထောင် ရှိ/မရှိ   

_

ရှိ

အလုပ်အကိုင်

ကျောင်းသား

ကျပန်း

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓ

အစ္စလာမ်

ရာထူးအဆင့်

အရပ်သားပြည်သူ

အရပ်သားပြည်သူ

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့၊ က---ရပ်ကွက်

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့၊ ဃ---ရပ်ကွက်

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရ

မသိရ

မသိရ

မသိရ

မသိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

[KHRG သတင်းပြုစုသူသည် ဘားအံခရိုင်၊ တနေးဆါး(နဘူး)မြို့နယ်၊ နောကဝေါ်အုပ်စုတွင်တည်ရှိသော ဂ---ဆေးခန်း ၏ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ ဤလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို ဦးစွာပထမ ကြားသိခဲ့ရသည်။] သတင်းအတိ အကျရရှိရန်အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် နေ့တွင် KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ထိခိုက်ဒဏ်ရာ ရရှိသူများဆေးကုသမှုခံယူနေသော ဆေးခန်းသို့သွား‌ရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ စောခ---၏မိခင် နှင့် မင---တို့အား အင်တာဗျူးများ ပြုလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားသည် စောခ---၏ မိခင်အား ၎င်း၏သားထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်အကြောင်းကို အင်တာဗျူးပြုလုပ်ခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားသည် မင---ကို လေကြောင်းတိုက်ခိုက်မှုအကြောင်းအရာနှင့် ပတ်သက်ပြီး အင်တာဗျူးပြုလုပ်ခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ [နံနက်]၌  ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများ [အမည်မသိ တပ်ရင်း] နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ မနက် ၁၀ နာရီဝန်းကျင်တွင်SACသည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံးတစ်လုံးသည် ကော့ကရိတ်မြို့၊ က---ရပ်ကွက် တွင်ကျခဲ့သည်။ ထိုအချိန်တွင်စောခ--- သည်, ၎င်း၏ အဘွားနှင့်အတူ က--- ရပ်ကွက်ရှိ ၎င်းတို့အိမ်တွင် ရှိနေခဲ့ပြီး အိမ်ပြင်သို့ထွက်၍ အပေါ့သွားခဲ့သည်။ စောခ---သည် အပေါ့သွားနေစဥ်အတွင်း  ၎င်း၏ညာဘက်ခြေသလုံးကို ဗုံးစထိမှန်ခဲ့သည်။ (စောခ---သည် အသက် (၁၁) နှစ်အရွယ်ရှိပြီး မူလတန်းကျောင်းတွင်ပညာသင်ကြားနေသော (၃)တန်းကျောင်းသားတစ်ဦးဖြစ်သည်။) စောခ---၏အဘွားသည် ၎င်းထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကို ကြားခဲ့ရပြီး  သူ၏မိဘများကို ချက်ချင်းခေါ်၍ အကူအညီတောင်းခဲ့သည်။ ထို့နောက် စောခ---၏မိဘသည် ဆေးကုသမှုရရှိစေရန် သူ့အား ဘားအံခရိုင်၊ ဘားအံမြို့တွင်းရှိ ဆေးရုံ သို့ (ကားဖြင့်) ချက်ချင်းပို့ဆောင်ပေးခဲ့ပါသည်။ ဘားအံမြို့ရှိဆေးရုံသို့ တစ်နာရီကြာမောင်းခဲ့ရသည်။ ၎င်းသည်ဆေးရုံသို့ရောက်သောအခါ (သွေးထွက်လွန်သောကြောင့်) သွေးပေါင်ချိန်ကျ နေခဲ့ပါသည်။ ထို့ကြောင့် ၎င်းအနေဖြင့် အသက်ရှင်နိုင်ခြင်းရှိ၊မရှိသည့်အခြေအနေကို  မှန်းဆ၍မရနိုင်ခဲ့ပါ။ စောခ---သည် အချိန်မီဆေးကုသမှုရရှိခဲ့ပြီး အသက်ဘေးမှလွတ်မြှောက်ခဲ့ပါသည်။ [၎င်း၏မိဘများသည် သူ၏ဆေးကုသစရိတ် ကိုပေးခဲ့သည်။ မည်သည့်အဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှု မရရှိခဲ့ပါ။] ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၎င်း၏ဒဏ်ရာသည် အပြည့်အဝပျောက်ကင်းသွားခြင်းမရှိသည့်အတွက်ကြောင့် ‌ဆေးကုသမှုဆက်လက်ခံယူရန်အတွက် ဘားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ)မြို့နယ်၊ နောကဝေါ်အုပ်စု၊ ဂ---ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ [ဂ---ဆေးခန်းသည်   ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) မှဖွင့်လှစ်ထားသောကြောင့် အခမဲ့‌ဆေးကုသမှုပြုလုပ်ပေးသည်။] ဤဖြစ်စဥ်နှင့်ပတ်သက်၍ ၎င်း၏မိခင်သည်ဤသို့ဖေါ်ပြခဲ့ပါသည်။ “အခုလို နိုင်ငံရေးအခြေအနေမျိုးမှာ လုပ်စားကိုင်စားလို့အဆင်မပြေဘူး။ ပြီတော့ ‌‌ငွေရေးကြေးရေးလဲ ပိုခက်ခဲလာတယ်။ ကိုယ့်သား အခုလိုဖြစ်တော့ တကယ်စိတ်မကောင်းဖြစ်ရတယ်။”

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီအချိန်တွင် SAC သည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့၊ ဃ---ရပ်ကွက်အတွင်းသို့ ဗုံးကြဲ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုပေါက်ကွဲခဲ့သော ဗုံးအစအနသည် ကိုယ်ဝန် (၉) လလွယ်ထားသောအမျိုးသမီးတစ်ဦး၏ဘယ်ဖက်နောက်ကြောအားထိမှန်၍ ဒဏ်ရာရ ရှိခဲ့သည်။ ဤအမျိုးသမီး၏နာမည်သည် မင--- ဖြစ်သည်။ ထိုအချိန်တွင် သူမသည် [ရွာသားများက လေယာဉ်သံနီးကပ် လာခြင်းကိုကြားရပြီး] ထွက်ပြေးတိမ်းရှောင်ရန်အတွက် သူမ၏အိမ်တွင် ပစ္စည်းများကိုထုပ်ပိုးနေချိန်ဖြစ်သည်။ သူမ၏ခင်ပွန်းသည် ဆိုင်ကယ်စက်နိုးနေချိန်တွင် ၎င်း၏အမျိုးသမီးအား ဗုံးထိမှန်ခဲ့သည့်ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရသည်။   သူသည် သူ့မိန်းမကို ဘားအံခရိုင်၊ တနေးဆါး(နဘူး)မြို့နယ်၊ မဲ့ဖါ့လဲအုပ်စု၊ စ---ဆေးခန်းသို့ချက်ချင်း ပို့ဆောင်ခဲ့သည်။ စ--- ဆေးခန်းတွင် ကိုယ်ဝန် (၉)လလွယ်ထားရသောအမျိုးသမီးကို  ခွဲစိတ်ကုသရန်ခက်ခဲသောကြောင့် ထိုနေ့မနက် ၁၀ နာရီအချိန်တွင် သူမအား  နောကဝေါ်အုပ်စု၊ ဂ---ဆေးခန်းသို့ လွှဲပြောင်းပေးခဲ့ပါသည်။ အကြောင်းမှာ ဂ--- ဆေးခန်း တွင်ပို၍ကောင်းသောဆေးဝါးကိရိယာများရှိသောကြောင့်ဖြစ်သည်။ ဤဖြစ်စဥ်နှင့်ပတ်သက်ပြီး မင---မှ ယခုလိုပြောပြခဲ့ သည်။ “လေယာည်ကနေပေါင်(၅၀၀)ဗုံးကျတာရွာသားများထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ လူဘယ်နှစ်ယောက်သေဆုံး လဲတော့သေချာမသိဘူး။ အခုလိုဖြစ်လာတော့ ကျွန်မဘယ်သူ့ကိုမှလဲအပြစ်မပြောချင်ဘူး။ သေချာတာကတော့ အတော်လေးစိတ်မကောင်းဖြစ်ရတယ်၊ ဝမ်းလည်းနည်းတယ်။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

စောခ---၏အမေ နှင့် မင---တို့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ဤလူ့အခွင့်အရေးချိုးဖောက်မှု  အကြောင်းအရာများ ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုခဲ့သည်။

Thu, 30 May 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်