Fri, 06 Mar 2020
တောအူး (တောင်ငူ)ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: အသက် (၁၈) နှစ်အောက် မိန်းကလေးငယ်အား အကြိမ်ပေါင်းမြောက်များစွာ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ

၂၀၁၆ ခုနှစ်မှ စပြီး နော်ခ---သည် သူမ၏ဦးလေးဖြစ်သူမှ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုများကို ဒ---ရွာ၊ အ---အုပ်စု၊ ဒေါ်ဖာ့ခို (သံတောင်ကြီး) မြို့နယ်၊ တောအူး (တောင်ငူ) ခရိုင်တွင် အကြိမ်ပေါင်း မြောက်များစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် သူမ၏ဦးလေးမှ သူမတွင် ကိုယ်ဝန်သုံးလရှိနေပြီဖြစ်သည့်အတွက် သူမအား ကျောင်းထုတ်ရန် ကြိုးစားခဲ့ပါသည်။ နောက်ဆုံးတွင် သူမ၏အခြေအနေအား ကျောင်းအုပ်ဆရာမကြီးထံသို့ ဖော်ပြပြီးနောက် ထိုကျောင်းအုပ်ဆရာမကြီးမှ ဒေသခံတာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။ နောက်တစ်နေ့တွင် မြန်မာရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လွတ်လိုက်ခဲ့ သည်မှာ တစ်ဦးတစ်ယောက်မျှ တရားစွဲဆိုထားခြင်းမရှိသောကြောင့်ဖြစ်သည်။ ထို့နောက် ဒေသခံတာဝန်ရှိ သူများမှ ထိုပြစ်မှုကျူးလွန်ခဲ့သူအား ရွာမှနှင်ထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြပြီး ရွာအပြင်သို့ထွက်ပြေးရန် ခွင့်ပြုလိုက်ကြသည်။ အ--- အုပ်စုအုပ်ချုပ် ရေးမှူးတောင်းဆိုမှုကြောင့် ထိုပြစ်မှုကျူးလွန်ခဲ့သူသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာရဲတပ်ဖွဲ့ထံတွင် အဖမ်းဆီးခံခဲ့ပြီး လက်ရှိအချိန်တွင် ဘားအံ တရားရုံးချမှတ်မည့်အမိန့်အား စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ခံစားရသူ၏မိခင်နှင့် အခြားသောဆွေမျိုးများမှ ဤလိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုအား သိခဲ့သော်လည်း ထိုဖြစ်ပျက်မှုတွင် ပါဝင်ခဲ့သော ကာယကံရှင်နှစ်ဦးသည် ဆွေမျိုးများဖြစ်သောကြောင့် ထိုအမှုအား တင်ပြခြင်းမရှိခဲ့ပါ။ သူမ၏ဦးလေးထံမှ ခြိမ်းခြောက်မှုကြောင့် နော်ခ---သည် မည်သည့်အကြောင်းအရာကိုမျှ မပြောရဲဘဲ နှုတ်ပိတ်နေခဲ့ရပါသည်။[1]

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အသက် (၁၈) နှစ်အောက် မိန်းကလေးငယ်အား အကြိမ်ပေါင်း မြောက် များစွာ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖာ့ခို(သံတောင်ကြီး) မြို့နယ်၊ အ---အုပ်စု၊ ဒ---ရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ခ---

အသက်

၁၃

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

အလုပ်အကိုင်

လယ်

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ကျောင်းသူ

နေရပ် ရွာအမည်

ဒ---ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

ကျေးရွာ

စောဖ---

ဆယ်အိမ်မှူး

ဒ---ရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအချက်အလက်အား တောအူး ခရိုင်၊ ဒေါ်ဖာ့ခို မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒေါ်ဖာ့ခို မြို့နယ်မှူးထံမှသိရှိခဲ့ပါသည်။ ထို့နောက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သတင်းမှတ်တမ်းစု ဆောင်းသူတစ်ဦးမှ ဒ---ရွာရှိ ရာအိမ်မှူးအား  သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ရာအိမ်မှူးသည် ဤအဓမ္မပြုကျင့်မှုအား ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိခဲ့ကြောင်းဖော်ပြခဲ့ပါသည်။ ထို့နောက် ရာအိမ်မှူးမှ ထိုအမှုအား အနီးကပ်လိုက်ခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

လွန်ခဲ့သောသုံးနှစ်တွင် အသက် ၁၃ နှစ်ရှိသော နော်ခ---သည် သူမ၏ဦးလေးဖြစ်သူ စောဖ---မှ တောအူး ခရိုင်၊ ဒေါ်ဖာ့ခိုမြို့နယ်၊ အ---အုပ်စု၊ ဒ---ရွာတွင် အကြိမ်ပေါင်းမြောက်များစွာ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရ ပါသည်။ ပြစ်မှုကျူးလွန်ခဲ့သူမှာ အသက် ၃၀ ကျော်ရှိပြီးဖြစ်သည်။ ၎င်းမှာ အိမ်ထောင်ရှိပြီး ကလေးသုံး ယောက်လည်း ရှိပါသည်။ နော်ခ---၏ မိဘနှစ်ဦးကွာရှင်းခဲ့ပြီးနောက် သူမသည် ကျောင်းဆက်တက်နိုင်ရန် အတွက် ဦးလေးဖြစ်သူနှင့် သွားရောက်နေထိုင်ရခြင်းဖြစ်သည်။ သူမသည် ၆ တန်းတွင် ပညာသင်ယူ နေပြီးဖြစ်သည်။

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စောဖ---မှ ဒ---ရွာရှိ တူမဖြစ်သူ၏ကျောင်းသို့သွား၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟ---နှင့်တွေ့ဆုံခဲ့ပါသည်။ ၎င်း၏တူမသည် ကိုယ်ဝန် သုံးလရှိပြီဖြစ်သော ကြောင့် ကျောင်းမှထုတ်ပစ်ရန် ကျောင်းအုပ်ဆရာမကြီးအား တောင်းဆိုခဲ့သည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးမှ နော်ခ---ကိုခေါ်၍ ထိုအခြေအနေအားမေးမြန်းခဲ့သည်။ ၎င်း၏ဦးလေးဖြစ်သူမှ လွန်ခဲ့သော သုံးနှစ်မှစတင်၍ သူမအား အဓမ္မပြုကျင်ခဲ့ကြောင်း ကျောင်းအုပ်ကြီးအားပြောပြခဲ့ပါသည်။ တစ်နေ့တည်း မှာပင် ကျောင်းအုပ်ကြီးမှ ဒေသခံတာဝန်ရှိသူများထံသို့ တင်ပြအကြောင်းကြားခဲ့ပါသည်။

 

"ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့ကိုခေါ်ပြီး ကလေးမလေးနဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို သူဘာမှမလုပ် တတ်ဘူးလို့ပြောတယ်။ ဒါနဲ့ အုပ်စုအုပ်ချုပ်ရေးမှူးကိုတင်ပြပေးမယ်လို့ သူ့ကို ကျွန်တော်ပြောတယ်။ ဒါနဲ့ ကျွန်တော် အုပ်ချုပ်ရေးမှူးဆီသွားပြီး အကျိုးအကြောင်းတွေကို ပြောပြခဲ့တယ်" ဟု ဒေသခံ ရာအိမ်မှူး ဖြစ်သည့် စောအ---မှ ရှင်းပြခဲ့သည်။ နောက်တစ်နေ့တွင် ဒေသခံတာဝန်ရှိသူများမှ ဒေါ်ဖာ့ခိုမြို့နယ်၊ သံတောင်မြို့သစ်ရှိ မြန်မာရဲတပ်ဖွဲ့အား ဆက်သွယ်အကြောင်းကြားခဲ့သည်။ ထို့နောက် ရဲမှူးနှင့်အခြား သောရဲ ၅ ဦးမှ ရွာသို့လာပြီး စောဖ---အားဖမ်းဆီးခဲ့သည်။

 

စောအ---ပြောဆိုချက်အရ၊ "ရဲတွေကိုအကြောင်းကြားပြီးနောက် သူ့(ပြစ်မှုကျူးလွန်သူ) ကိုတစ်ခါတည်း လာဖမ်းတယ်။ သူ့ကို ရဲစခန်းခေါ်သွားပြီး တစ်ညထားတယ်။ နောက်တစ်နေ့မနက်မှာတော့ ရဲတွေက ကျွန်တော်တို့ကိုခေါ်ပြီး ကျူးလွန်မှုခံခဲ့ရတဲ့ သူကိုမေးတယ်။ ကျူးလွန်မှုခံခဲ့ရတဲ့သူက အမှုဖွင့်ရမယ်လို့ သူတို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို အဲ့ဒီလို ဖမ်းထားလို့မရဘူးတဲ့။ ကျူးလွန်မှုခံခဲ့ရတဲ့သူဘက်က တစ်ယောက်မှ ပေါ်မလာတဲ့အတွက် သူမရဲ့ဖခင်ကို အကြောင်းကြား ထားတယ်။ ဒါပေမဲ့ သူလာတာက နောက်ကျတယ်။"

 

ဒေါ်ဖာ့ခိုမြို့နယ်၊ တ---ရွာတွင် နေထိုင်သော နော်ခ---၏ဖခင်ဖြစ်သူအား ထိုအဖြစ်အပျက်ကို အကြောင်း ကြားခဲ့ပါသည်။ အ---အုပ်စုအုပ်ချုပ်ရေးမှူး စောဘ---မှ သူမ၏ဖခင်အတွက် ဒ---ရွာသို့ ပြန်လာမည့်ခရီးကို စီစဉ်ပေးခဲ့သော်လည်း လမ်းအခက်အခဲကြောင့် အချိန်မှီမရောက်ရှိခဲ့ပါ။

 

ထို့ကြောင့် စောဖ---သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးမှုမှ လွတ်ခဲ့ပါသည်။ ဒေသခံရွာသားများမှ ကြီးလေးသည့်အပြစ်ကို ကျူးလွန်ခဲ့သောသူအား လျင်မြန်စွာ လွတ်ပေးခြင်းကို ကြည့်ပြီး အံ့အားသင့်ခဲ့ကြပါသည်။ ဒေသခံရွာသားများမှ မြန်မာရဲတပ်ဖွဲ့သည် ဤမှုခင်းအား မည်သို့ ကိုယ်တွယ်ခဲ့သည်ကိုနားမလည်၍ အံ့အားနေကြသည် ဟု ဒေါ်ဖာ့ခိုမြို့နယ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တာဝန်ရှိသူတစ်ဦးမှ  ပြောခဲ့ပါသည်။

 

နောက်တစ်နေ့တွင် အုပ်စုအုပ်ချုပ်ရေးမှူးမှ ပြစ်မှုကျူးလွန်ခဲ့သူအား မည်သည့်အပြစ်ပေးသင့်ကြောင်းကို ဆုံးဖြတ်ချက်ချရန် ရွာသားများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ဒေသခံရွာသားများမှ ၎င်းအား ရွာမှနှင် ထုတ်ရန် အားလုံးသဘောတူခဲ့ကြသည်။ "ဒီပြစ်မှုကျူးလွန်ခဲ့သူကို ရွာကနေ နှင်ထုတ်ပစ်လိုက်တာက သူ့ကို အပြစ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ကျွန်တော့ကို ပြောတယ်" ဟု ဒေသခံတာဝန်ရှိသူများမှလည်း အခြားဘာမှ လုပ်ဆောင်၍ မရကြောင်း စောအ---မှ KHRG သို့ ယခုလို ပြောပြခဲ့ပါသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ ဖခင်ဖြစ်သူမှ အစည်းအဝေးသို့ ရောက်ရှိလာချိန် နောက်ကျသောကြောင့် ၎င်း၏တင်ပြမှုအား အုပ်ချုပ်ရေးမှူးမှ လက်မခံတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆုံးဖြတ်ချက်ချမှတ်ပြီးသောကြောင့် ဖြစ်သည်။

 

နော်ခ---၏ဖခင်သည် ဒေသခံတာဝန်ရှိသူများနှင့် မြန်မာရဲတပ်ဖွဲ့၏ မှုခင်းကိုင်တွယ်ဖြေရှင်းမှုအား စိတ်ကျေနပ်မှုမရှိသောကြောင့် ဒေါ်ဖာ့ခို မြို့နယ်ရှိ KNU တာဝန်ရှိသူများထံသို့ ထိုအမှုအား တင်ပြခဲ့သည်။ KNU တာဝန်ရှိသူများမှလည်း အ---ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စကားပြောခြင်းဖြင့် အကျိုး အကြောင်းအားစုံစမ်းခဲ့သည်။  ထို့နောက် စောဖ---သည် ကယားပြည်နယ်တွင်ရောက်ရှိနေကြောင်းကို သိရှိ ရပြီး ၎င်းအားခေါ်လာရန်လွယ်ကူမည်မဟုတ်ကြောင်းသိရှိခဲ့ကြသည်။

 

KWO တာဝန်ရှိသူတစ်ဦး၏တင်ပြချက်အရ ဒေသခံ KNU တာဝန်ရှိသူများမှ ထိုအမှုအား စုံစမ်းလေ့လာ ချိန်တွင် အ---ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ စောဖ--- အား အဖမ်းခံရန် တိုက်တွန်းခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ၎င်းမှ သံတောင်မြို့သစ်ရှိရဲစခန်းတွင် အဖမ်းခံလိုက်သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၎င်းအား ဘားအံသို့ပို့ဆောင်ခဲ့သည်။ ပထမတရားစီရင်မှုကြားနာခြင်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဖားအံတရားရုံးတွင် လုပ်ဆောင်ခဲ့သော်လည်း ဆုံးဖြတ်ချက်အား မချနိုင်ခဲ့ပါ။ KHRG သတင်းမှတ်တမ်းစုဆောင်းသူ ပြောဆိုချက်အရ၊ ဒုတိယတရားစီရင်မှုကြားနာခြင်းအား ၂၀၂၀ ခုနှစ်၊ နှစ်ဦးတွင်ပြုလုပ်မည်ဖြစ်သော်လည်း နေ့ရက်အတိအကျအား မကြေညာရသေးပေ။

 

ပြစ်မှုကျူးလွန်ခံခဲ့ရသူသည် ယခုချိန်တွင် န---နေရာတွင်နေထိုင်ပြီး  ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (KWEG) ၏ထိန်းသိမ်းစောင့်ရှောက်မှု အောက်တွင် နေထိုင်နေပါသည်။ သို့သော် သူမမှ ကိုယ်ဝန်ရှိသောကြောင့် မသွားလာနိုင်တော့ပေ။ အခြားသောဆွေမျိုးများမှ တရားရုံးသို့သွားနိုင်သော်လည်း ဦးလေးဖြစ်သူ၏လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု အကြောင်းစုံကို ပြစ်မှုကျူးလွန်ခံခဲ့ရသူကိုယ်တိုင်သာ  ပြောပြနိုင်မည်ဖြစ်သည်။ နော်ခ---မှ ထိုတရားစီရင်မှု လုပ်စဉ်များအား မတက်ရောက်နိုင်ခဲ့လျှင် တရား စီရင်မှုလုပ်စဉ်များနှင့် ရလဒ်အား အကျိုးသက်ရောက် စေနိုင်ပါသည်။

 

နော်ခ---၏မိခင်နှင့် ဆွေမျိုးများမှ သူမသည်လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုအား ခံစားခဲ့ရသည်ကို သိရှိခဲ့ သော်လည်း ဒေသခံတာဝန်ရှိသူများထံသို့ မတင်ပြခြင်းသည် မှုခင်းဖြစ်ပွားခဲ့သည့် ထိုသူနှစ်ဦးစလုံးသည် မိသားဝင်များ ဖြစ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ဦးလေးဖြစ်သူမှလည်း သူမအားမည်သူတစ်ဦးတစ်ယောက် ကိုမျှ ဖွင့်မပြောရန်ခြိမ်းခြောက်ခဲ့သောကြောင့် သူမ အကူအညီတောင်းရန်အတွက် အဟန့်အတား ဖြစ်ခဲ့ပါသည်။ သူမသည် ကျောင်းအုပ်ဆရာမကြီးထံသို့ အခြေအနေပြောပြခဲ့ပြီးသော်လည်း သူမ၏ ဦးလေးအား မဖမ်းဆီးခဲ့သ၍ သူမသည်အိမ်သို့ပြန်မလာရဲပေ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

KHRG မှ ပြစ်မှုကျူးလွန်ခံခဲ့ရသောသူအား မချည်းကပ်နိုင်ခဲ့ပါ။ သူမ၏နာမည် နှင့်နေရာအမည်များအား သူမ၏လုံခြုံမှုအတွက် ဖော်ပြထားခြင်းမရှိပေ။ 

Fri, 06 Mar 2020

Footnotes: 

[1] ဤအစီရင်ခံစာသည်၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား တောအူး (တောင်ငူ)ရှိ ဒေသခံတစ်ဦးမှ ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်