နိဒါန်း
၂၀၂၁ခုနှစ်၊ မတ်လနှင့်ဧပြီလအတွင်း တပ်မဟာ (၁)ခရိုင်တွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဖွဲ့ (KNLA) တို့အကြား တိုက်ပွဲများဖြစ်ပွားသည့်ဖြစ်စဉ် (၉)ခုကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ မှတ်တမ်းပြုစု ခဲ့သည်။ ၎င်းတိုက်ပွဲဖြစ်စဉ် (၉)ခုသည် မတူညီသည့်နေ့ရက် (၈)အတွင်း ဖြစ်ပွားခဲ့ပြီး ဒူးသထူ (သထုံ) ခရိုင်ရှိ မြို့ နယ် (၅) မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမြို့နယ် (၅) မြို့နယ်မှာ သထူ (သထုံ)၊ ဘားအံ၊ ဖော (ပေါင်)၊ ကျက်ထို့ (ကျိုက်ထုံ)နှင့် ဘီးလင်းမြို့နယ်တို့ဖြစ်ကြသည်။[1] KHRG သတင်းမှတ်တမ်းပြုစုသူများ၏တင်ပြချက်အရ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ဒူးသထူခရိုင်ရှိ အရပ်သားဒေသများတွင် အခြားသောပစ်ခတ်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ သို့သော် ဤအဖြစ်အပျက်များအားလုံးကို မှတ်တမ်းပြု စုနိုင်ခြင်းမရှိခဲ့ပေ။ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် KNLA နှင့်တပ်မတော်တို့နှစ်ဖွဲ့စလုံး သေကြေထိခိုက်မှုများ ရှိကြ သည့်အပြင် ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။ ထို့အပြင် တိုက်ပွဲများကြောင့် ဒေသအတွင်း ယာယီနေရပ်ရွှေ့ပြောင်းရခြင်းနှင့် လွတ်လပ်စွာသွားလာမှုများကို ပိတ်ပင်ကန့်သတ်ထားခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၅ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအထိ ဒူးသထူခရိုင်တွင် တပ်မတော်စစ်လှုပ်ရှားမှုများနှင့် သတ်မှတ်ကန့် သတ်ထားသည့်ဒေသအတွင်း ကျုးကျော်ဝင်ရောက်ခြင်းဖြင့် NCA အားထပ်ခါ တလဲလဲချိုးဖောက်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အနည်းငယ်ကို KHRG မှ လက်ခံရရှိခဲ့သည်။[2] ထို့ကြောင့် ဤကဲ့သို့တိုက်ပွဲများ ဖြစ်ပွားခြင်းသည် အလွန်တရာစိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းခဲ့မှုများသည် ပြောင်းလဲလာနိုင်ခြင်းကြောင့်ဖြစ်သည်။ တိုက်ပွဲများ အဘယ်ကြောင့်ဖြစ်ပွားခဲ့သည့်အကြောင်းအရင်းများသည် ဖြစ်စဉ်တစ်ခုနှင့်တစ်ခု မတူညီကြသော်လည်း မကြာမီက စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သတ်နိုင်ချေရှိသောကြောင့် ဤကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ရခြင်းဖြစ်သည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ တပ်မတော်သည် အစိုးရအာဏာကိုသိမ်းယူပြီး[3] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုများနှင့် အာဏာဖီဆန်ရေးအကြမ်းမဖက် လူထုလှုပ်ရှားမှု (CDM)[4] များလည်း နိုင်ငံအနှံ့အပြားတွင် သာမက ကျေးလက်ဒေသများအထိ လုပ်ဆောင်လာခဲ့သည်။ ဤကဲ့သို့ အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် စစ်တပ်မှ ဆန္ဒြ့ပပွဲများအား ဖြိုခွဲခြင်းနှင့် ပြည်သူလူထုအား ဖမ်းဆီးခြင်းများ ပြုလုပ်လာခဲ့သည်။ ထို့ကြောင့် ဆန္ဒပြသူများအနေဖြင့် ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများတွင် သွားရောက်ခိုလှုံမှုရှာယူခဲ့ကြပါသည်။ အကျိုးဆက်အနေဖြင့် ဒူးသထူခရိုင်ရှိ KNU ခေါင်း ဆောင်များသည် ၎င်းတို့နယ်မြေဒေသတွင် လာရောက်ခိုလှုံသော CDM တွင်ပါဝင်သည့် မြန်မာအစိုးရဝန်ထမ်းဦးရေ (၅၀)ကျော်ကို လက်ခံကြိုဆိုခဲ့သည်။[5] ထို့အတွက်ကြောင့် တပ်မတော်မှ ဒူးသထူခရိုင်ရှိ KNLA အား ပစ်မှတ်ထား တိုက်ခိုက်လိမ့်မည်ဟု ဒေသခံတစ်ချို့က ထင်မြင်ယူဆခဲ့သည်။
ဒူးသထူခရိုင်ရှိ ဒေသခံရွာသားများမှာလည်း အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်သည့်ဆန္ဒပြပွဲများတွင် စိတ်အား ထက်သန်စွာ ပါဝင်လာကြသည်ကို တွေ့ရှိရသည်။ စစ်တပ်အား ဆန့်ကျင်ဆန္ဒပြရာတွင် တပ်မတော်နှင့် မြန်မာရဲ တပ်ဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒေသခံပြည်သူလူထုများကို ဖမ်းဆီးပစ်ခတ်ခဲ့သည်။[6] ဆန္ဒပြသူများအားနာကျင်စေခြင်း၊ နှောက်ယှက်ခြင်းများမပြုလုပ်ရန် KNLA မှ သတိပေးထားသော်လည်း တပ်မတော်ဖက်မှ လေးစားလိုက်နာခြင်းမရှိခဲ့ပေ။
စစ်တပ်အာဏာသိမ်းမှုကြောင့် ထိခိုက်ပျက်စီးလွယ်သည့် ၂၀၁၅ခုနှစ်တွင် ချုပ်ဆိုသော NCA စာချုပ် ထိခိုက်ပျက်စီး သွားမည်ကို စိုးရိမ်ပူပန်မှုများဖြစ်စေခဲ့သည်။ သို့သော် တကယ့်လက်တွေ့တွင် NCA သည် လုံးဝပျက်စီးသွားခြင်း အဖြစ်သို့ ရောက်ရှိသွားပြီးဖြစ်သည်။[7] ဤအကြောင်းရင်းတစ်ခုတည်းကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်ထိန်းသိမ်းရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲရန်အတွက် NCAလက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင်များ၏ ကြိုးပမ်းမှုများအပေါ် ကြီးမားသည့် သက်ရောက်မှုရှိနိုင်ပါသည်။ တပ်မတော်နှင့် မြန်မာရဲတပ်ဖွဲ့များမှ အာဏာသိမ်း စစ်တပ်ကိုဆန့်ကျင်နေကြသည့် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက်သည့်လုပ်ရပ်များကို ကျူး လွန်ခြင်းသည် အခြားတစ်ဖက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့်ပြုလုပ်သည့် ငြိမ်းချမ်းရေးလမ်းစဉ်နှင့်စပ်လျဉ်း၍ ပေးထားသည့် ကတိကဝတ်များအား
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖွဲ့စည်းလိုက် သော ကြားဖြတ်အစိုးရဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည်[8] “ထာဝရငြိမ်းချမ်းရေး” ရရှိရန် ကြိုးပမ်းသွားမည်ဟု ကနဦးတွင် ပြောဆိုခဲ့ပြီး NCA သည် အသက်ဝင်နေသေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းပြီးကတည်းက တပ်မတော်၏လုပ်ရပ်များသည် ကျေးရွာများနှင့် ပြည်သူလူထုအပေါ် တိုက်ခိုက်ခြင်းများအပါအဝင် တိုက်ပွဲများလည်း ပိုမိုမြင့်လာသည်ကို ပြသနေပါသည်။ နိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ တော်တော်များများတွင် ဖြစ်ပွားနေသည့်ပစ်ခတ်တိုက်ခိုက်မှုများကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှစတင်၍ တစ်လတိတိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမည်ဟု မတ်လ ၃၁ရက်နေ့တွင် SAC မှ တစ်ဖတ် သတ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်းပဲ “အစိုးရလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို ထိပါးနှောက်ယှက်သည့် လုပ်ရပ်များ” ကို ဆက်လက်၍ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု SAC မှ အသိပေးကြေညာခဲ့သည်။ ထို့ကြောင့် အခြားသောလက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် “ငြိမ်းချမ်းရေးကို ဆက်ထိန်းသိမ်းရမည်” ဖြစ်ပြီး ၎င်းတို့သာ စစ်ရေးလှုပ်ရှားမှုများကို လုပ်ပိုင်ခွင့်ရှိသည်ဟု အဓိပ္ပါယ်သက်ရောက်နေသည်။[9]
ဤအစီရင်ခံစာတွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖော်ပြထားပါ သည်။ အချို့သောတိုက်ပွဲဖြစ်စဉ်များသည် SAC မှ မတ်လ ၃၁ရက်နေ့တွင် ပစ်ခတ်မှုများရပ်စဲရန် တစ်ဖတ်သတ် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ဆိုလိုသည်မှာ နက်နဲသည့်နိုင်ငံရေးပဍိပက္ခများကို အခြားနည်းလမ်း များဖြင့် ကြိုးစားဖြေရှင်းခြင်းမရှိဘဲ ၎င်းတို့ဘာသာ ပစ်ခတ်ရပ်စဲရေးပြုလုပ်ခြင်းသည် မကြာမီအတွင်း တိုက်ပွဲများအား အဆုံးသတ်နိုင်ရန်မှာ ဖြစ်နိုင်ချေအလွန်နည်းပါးသည်။
မြို့တွင်းနှင့်မြို့ပြင်အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် အချို့သောတိုက်ပွဲများသည် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ဆန္ဒပြမှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသော်လည်း အခြားသောနေရာဒေသတွင်ဖြစ်ပွားသည့်တိုက်ပွဲများသည် စစ် လှုပ်ရှားမှုများလုပ်ဆောင်ခြင်းနှင့် NCA စာချုပ်အားချိုးဖောက်ခြင်းများကြောင့်ဖြစ်ပေါ်လာခဲ့သည့်တင်းမာမှုများနှင့် ပို၍ဆက်စပ်မှုရှိသည်ဟု ယူဆ၍ရနိုင်ပေသည်။ သို့သော်လည်း ယခုအချိန်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် တိုက် ပွဲများဖြစ်ခဲ့ရသည်ဟု ယူဆ၍ရသည်။
NCA စာချုပ်လက်မှတ်ရေးထိုးချိန်မှစ၍ စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်အထိ ဒူးသထူခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သတ်သည့်ဖြစ်စဉ်နှစ်ခုကိုသာ KHRG မှ လက်ခံရရှိခဲ့သည်။ ပထမဖြစ်စဉ်တစ်ခုမှာ ဘားအံ ခရိုင် အတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)တို့နှင့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ခွဲထွက် အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ၂၀၁၉ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သည်။[10] ဒုတိယဖြစ်စဉ်မှာ ဘီးလင်း မြို့နယ် အတွင်း BGFနှင့် ကရင်အမျိုးသားကာကွယ်ရေတပ်ဖွဲ့ (KNDO)တို့ကြား ပစ်ခတ်မှုများ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် BGF စစ်သား (၁၀၀) ကျော် ဒေသအတွင်း ရောက်ရှိလာခဲ့သည်။[11] ဤဖြစ်စဉ်နှစ်ခုစလုံးတွင် တိုက်ပွဲများကြောင့် ဒေသခံရွာသားများ နေရပ်ပြောင်းရွှေ့ခဲ့ရသည်။ ပစ်ခတ်မှုများ အနည်းငယ်သာဖြစ်ပွားခဲ့သော်လည်း လမ်းဖောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် တပ်မတော်သည် KNU ထိန်းချုပ်ရာဒေသများရှိ ကျေးရွာများအတွင်းနှင့်အနီးတဝိုက်တွင် ၎င်းတို့စစ်အင်အားများကို ခိုင်မာစွာတိုးချဲ့ခဲ့သည်ဟု ယူဆ၍ရသည်။ ထို့ကြောင့် ဒူးသထူခရိုင်ရှိနေရာဒေသတော်တော်များများတွင် နေထိုင်ကြသည့် ဒေသခံရွာသား များသည် တပ်မတော်စစ်သားများနှင့် ပြဿနာများရင်ဆိုင်နေရလျက်ရှိပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင့်ကြနေရသည်။ အကြောင်းရင်းမှာ KNU မှ ခိုင်မာစွာထိန်းချုပ်ထားသည့်မူတြော်ခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မူတြော်ခရိုင်သည် ဒူးသထူခရိုင်နှင့်နယ်နိမိတ်များ ဆက်စပ်နေခြင်းကြောင့်ဖြစ်ပါသည်။
၂၀၁၂ခုနှစ်ပဏာမပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးချိန်နောက်ပိုင်း ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလကုန် ပိုင်း၌ ဘီးလင်းမြို့နယ်တွင် ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။[12] ဘီးလင်းမြို့နယ်ရှိ ရွာသူရွာ သားများ (၂၀၀၀) ကျော်မှ တပ်မတော်အနေဖြင့် ဒေသအတွင်းရှိ ၎င်းတို့၏စခန်းများအား ဆုတ်ခွာပေးရန် ယိုကလား ကျေးရွာတွင် ဆန္ဒပြပွဲများနှစ်ကြိမ်ပြုလုပ် တောင်းဆိုခဲ့ပါသည်။ ၎င်းတို့သည် အောက်ပါဖော်ပြပါ တောင်းဆိုချက်များ အား တောင်းဆိုခဲ့ကြသည်။
၁) တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်အား အကောင်အထည်ဖေါ်ရန်
၂) လက်နက်ကိုင်များက NCA ၏ ကျင့်ဝတ်များအား အလေးထားရန်
၃) ကျေးရွာသူကျေးရွာသားများက ပစ်ခတ်တိုက်ခိုက်မှုများအား မလိုလားကြောင်း
၄) တပ်မတော်သည် ကျေးရွာများထဲရှိ ၎င်းတို့၏စခန်းများအား ပြန်လည်ရုတ်သိမ်းရန်
၅) မြန်မာနိုင်ငံအစိုးရအနေဖြင့် မြေပြင်၌ဖြစ်ပွားနေသော တိုက်ပွဲများအား ဖြေရှင်းရန်
၆) နိုင်ငံရေးပြဿနာများအား နိုင်ငံရေးလမ်းစဉ်ဖြင့် ဖြေရှင်းရန်
သို့သော်လည်း ထိုအချိန်မှစ၍ ၂၀၂၁ခုနှစ်၊ မတ်လ၏ကနဦးရက်များအထိ အခြားသောတိုက်ပွဲများဖြစ်ပွားခဲ့သည့်ဖြစ် စဉ်များကို KHRG မှ လက်ခံရရှိခြင်းမရှိခဲ့ပေ။
ပစ်ခတ်တိုက်ခိုက်မှုများအသစ်တဖန်ပြန်လည်ဖြစ်ပွားခြင်း
၂၀၂၁ခုနှစ် မတ်လမှစ၍ ဒူးသထူးခရိုင်ရှိ မတူညီသည့် နေရာဒေသအများအပြားတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ သည်။ တစ်ချို့သောတိုက်ပွဲများသည် ဘီးလင်းမြို့နယ်၊ ယိုကလားဒေသအနီးတွင်ဖြစ်ပွားခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇန်န ဝါရီလတွင် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ဆန္ဒပြမှုများပြုလုပ်ခဲ့သည် ဘီလင်းမြို့နယ် ယိုကလားဒေသအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ သို့သော်လည်း မတ်လမှစ၍ ပစ်ခတ်တိုက်ခိုက်မှုများသည် ဘားအံမြို့နယ်နှင့် ဘီးလင်း၊ ဘားအံနှင့်သထူးမြို့နယ်များအကြား ဆက်စပ်နေသည့်နေရာဒေသတွင် ဖြစ်ပွားခဲ့ပါသည်။ ထိုနေရာဒေသသည် တပ်မ တော်အတွက် မျက်စိကျစရာနေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာဒေသတွင် မြို့များမှ အနောက် ဖက်သို့ (ဘားအံမှ ဖာပွန်အထိ ဖောက်လုပ်ထားသောအဓိကလမ်းမကြီးတစ်ခု) သွားလာနိုင်သည့် လမ်းကြောင်းရှိ နေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် ထိုဒေသအတွင်း ၎င်းတို့၏စစ်လှုပ်ရှားမှုများကို ပို၍လုပ် ဆောင်နေရပြီး မကြခဏဆိုသလို တားမြစ်နယ်မြေဒေသအတွင်းသို့ ကျုးကျော်ဝင်ရောက်လာခဲ့သည်။ ဒေသအတွင်း တပ်မတော်စစ်သားများတည်ရှိနေမှုနှင့် ၎င်းတို့စစ်လှုပ်ရှားမှုများကို ဒေသခံလူထုများမှ လက်ခံနိုင်ခြင်းမရှိသော်လည်း တပ်မတော်သည် KNU ထိန်းချုပ် နယ်မြေအတွင်းသို့ ၎င်းတို့စစ်သားများကို ဆက်လက်ပို့ဆောင်နေလျှက်ရှိသည်။ ထို့အပြင် ဒေသခံ KNLA များကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ KNU တားမြစ်နယ်မြေထဲသို့ မကြခဏ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဤလုပ်ရပ်များသည် NCA ၏နှစ်ဦးနှစ်ဖက်လိုက်နာရမည့် အခန်း (၁၀) (ခ)ကို ချိုးဖောက်ရာရောက်သည်။
ဘားအံမြို့နယ်
ဘားအံမြို့နယ်တွင် တိုက်ပွဲများ အများအပြားဖြစ်ပွားခဲ့သည်။ တိုက်ပွဲအများစုသည် အဓိကလမ်းနှစ်လမ်းကြား ဆက် စပ်နေသည့်နေရာများတွင် ဖြစ်ပွားခဲ့သည်။ ထိုနေရာဒေသသည် တပ်မတော်အတွက် အရေးကြီးနေရာများဖြစ်ပြီး ဒေသအတွင်း ဖြတ်သန်းသွားလာလှုပ်ရှားရန်အတွက် ပိုမို၍အဆင်ပြေကြောင်းတွေ့ရှိရသည်။
၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်
၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဘူးပရာကျေးရွာအုပ်စု၊ ကလယ်ကဲ(ညောင်ကုန်း) ကျေးရွာရှိ ကဆယ့်လောကတီနေရာတွင် KNLA တပ်ရင်းအမှတ် (၁)၊ တပ်ခွဲ (၁)နှင့် တပ်မတော်ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၂၀၄)တို့ကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ကဆယ့်လောကတီနေရာတွင် KNLA တပ်ရင်း (၁)၊ တပ်ခွဲ (၁)၏တပ်စခန်းတည်ရှိသည်။ ၎င်းတိုက်ပွဲသည် မနက်ပိုင်း ၁၁း၁၅အချိန်တွင် စတင်ဖြစ်ပွားခဲ့ပြီး နေ့လည် (၁)နာရီတွင် ရပ်တန့်ခဲ့သည်။ ဘားအံမြို့နယ်၊ ကျောတလူကျေးရွာအုပ်စု၊ ရ--- ကျေးရွာမှ ရွာသား တစ်ဦး၏တင်ပြချက်အရ ၎င်းတိုက်ပွဲတွင် KNLA စစ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း တပ်မ တော်စစ်သားငါးဦးကျဆုံးခဲ့သည်ဟု KNU မှ အတည်ပြုခဲ့ကြောင်း ကရင်သတင်းစဉ် (KIC) မှ ဖော်ပြခဲ့သည်။[13]
တိုက်ပွဲမဖြစ်ပွားမှီအချိန်တွင် တပ်မတော်စစ်သားများသည် ဒေသခံ KNLA အာဏာပိုင်များကို ကြိုတင်အသိပေးအ ကြောင်းကြားခြင်းမရှိဘဲ ကလာ့ကဲကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းလုပ်ရပ်သည် NCA ၏နှစ်ဦးနှစ်ဖက် လိုက်နာရမည့်စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည့်အတွက်ကြောင့် KNLA မှလည်း တပ်မတော်မှ ရွာအပြင်သို့ ရောက်ရှိသည့်အချိန်တွင် တပ်မတော်အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကျေးရွာရှိ အခြားသော ဒေသခံကျေးရွာ သားတစ်ဦးမှ ပြောပြချက် အရ “အဲဒီမနက်ပိုင်းမှာ တပ်မတော်စစ်သားတွေက ကျွန်တော်တို့ရွာထဲကိုဝင်လာတယ်။ ရွာသားတွေက သူတို့ကို (စစ်သားများ) ကျွန်တော်တို့ရွာထဲကို မဝင်လာဖို့ပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေအတွက် မကောင်းဘူး။ သူတို့ရွာအပြင်ကို ပြန်ထွက်ပြီးခဏအကြာမှာဘဲ (တပ်မတော်နှင့် KNLA အကြား) တိုက်ပွဲဖြစ်ပွားခဲ့တယ်။ KNLA စစ်သားတွေက အခြေချတဲ့နေရာက ကျွန်တော်တို့ရွာဘေးနားဘဲ ရှိတယ်။”
KNLA ၏တိုက်ခိုက်မှုကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် မနက်ပ ၁၀း၃၀ မိနစ်တွင် BGF တပ်ရင်းအမှတ် (၁၀၁၃)မှ စစ်သားများသည် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၂)လက်အောက်ခံ ခမရ အမှတ် (၄၀၉)၊ တပ်ခွဲ (၃)မှ ဗိုလ်ကြီးသီဟဇော်ဦးဆောင်သည့် တပ်မတော်စစ်သားများ (၃၀) ကျော်တို့နှင့်အတူ ကဆယ့် လော်ကတီနေရာရှိ KNLA တပ်ရင်း (၁)၊ တပ်ခွဲ (၁)တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်။ ကျောတလူ ကျေးရွာအုပ်စု၊ ဝါးတလဲ့ကျေးရွာအနီးတွင် နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ စောအ---မှ KHRG အား ဤကဲ့ သို့ ပြောပြခဲ့သည်။ “KNLA ဘက်ကနေ သူတို့(တပ်မတော်)ကို ပစ်ခတ်တိုက်ခိုက်တာကို သိပ်ပြီးမကျေနပ်ဘူးလို့ ကျွန်တော် သတင်းကြားတယ်။ အဲဒါကြောင့်လည် သူတို့က KNLA တပ်စခန်းကို ပြန်ပြီးတိုက်ခိုက်တာပေါ့။” တပ်မတော်နှင့် BGF စစ်သားတွေတို့မှ KNLA တပ်စခန်းကို စစ်တပ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက် သည့်အကြောင်း ကိုလည်း စောအ---က ထပ်မံရှင်းပြခဲ့သည်။ အကျိုးဆက်အနေဖြင့် KNLA စစ်သားများလည်း ၎င်းတို့တပ်စခန်းမှ ဆုတ်ခွာခဲ့ရသည်။[14] ၎င်းတိုက်ပွဲသည် “အလွန်ပြင်းထန်”ခဲ့သည်ဟုလည်း ဒေသခံအာ ဏာပိုင်တစ်ဦးမှ တင်ပြခဲ့သည်။ တပ်မတော်သည် KNLA ပိုင်ဆိုင်သည့်ကားတစ်စီးနှင့် ဆိုင်ကယ်လေးစီးကို မီးရှို့ဖျက်စီးခဲ့သည်။ ယခုအချိန်တွင် ထို KNLA တပ်စခန်းကို BGF စစ်သားများမှ ဝင်ရောက်အခြေချနေရာယူခဲ့ ကြသည်။ ထို့ကြောင့် KNLA စစ်သားများလည်း အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ သို့သော်လည်း KNLA မှ ဒေသခံရွာသားများ၏လုံခြုံရေးကြောင့် တပ်မတော်အား ပြန်လည်၍တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ကြောင်း စောအ---မှ မှတ်ချက်ပြုခဲ့ပါသည်။ “သူတို့ (KNLA) က တပ်မတော်ကို ပြန်ပြီးမတိုက်ခိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ်ခတ်မှုတွေထပ်ဖြစ်ရင် ရွာသားတွေကို ထိခိုက်သွားမှာစိုးတယ်။ အဲဒါကြောင့်လည်း ဒေသခံလုံခြုံရေးကို ထည့်သွင်းစဉ်းစားပေးတဲ့အနေနဲ့ သူတို့က ရွာသားတွေပြောတာကို နားထောင်ခဲ့တယ်။”
၎င်းတိုက်ပွဲကြောင့် ကလာ့ကဲရွာသားများသည် ၎င်းတို့၏လုံခြုံရေးအတွက် အခြားသောအိမ်နီးနားချင်းရွာများ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည် (ရွာသားဘယ်နှစ်ဦးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ကို KHRG မှ မသိရှိခဲ့ရပါ)။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ရက်နေ့၌ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏ထပ်မံတင်ပြချက်အရ တစ်ချို့သောရွာသားများသည် ၎င်းတို့ရွာသို့ပြနရောက်နေထိုင်ခဲ့ပြီးဖြစ်သော်လည်း တစ်ချို့သောသူများသည် ရွာသို့ပြန်ရောက်နေထိုင်ရန် ကြောက်ရွံ့နေကြသည်။ ထို့အပြင် ဒေသအတွင်း တပ်မတော်စစ်သားများ များပြားလာခြင်းကြောင့် ဒေသခံရွာ သားများအတွက် သွားလာလှုပ်ရှားရာတွင် ပိတ်ပင်ကန့်သတ်ချက်များဖြစ်ပေါ်စေသည်။ ယခုအချိန်တွင် ရွာသားများ သည် မနက် (၆)နာရီမှ ည (၈)နာရီအထိသာ သွားလာလှုပ်ရှားခွင့်ရသည်။ ရ---ကျေးရွာရှိ စောအ---၏ပြောပြချက်အ ရ “ကျွန်တော်တို့ဟာ အကြောက်တရားထဲမှာ နေနေရတယ်။ ရွာသားတွေ ခရီးသွားလာတဲ့ အချိန်မှာ လုံခြုံတယ်လို့ မခံစားရဘူး။ အဲဒါကြောင့် ကျွန်တော်တို့တွေဟာ (ခွင့်ပြုသည့်အချိန်အတွင်းမှာတောင်) သိပ်ပြီးတော့ ခရီးသွား လေ့မရှိဘူး။” ထိုကျေးရှိကျေးရွာသားတစ်ဦးလည်း ဤကဲ့သို့ပြောဆိုခဲ့သည်။ “ဒီလိုအချိန်မှာ ကျွန်တော်တို့တွေ အတူတူရှိနေရမယ်။ ခရီးသွားလာရင်လည်း လူအများနဲ့သွားလာရမယ်။ ရောင်းဝယ်ဖောက်ကားဖို့ ခရီးသွားလာ မယ်ဆိုရင် အရမ်းဒုက္ခရောက်တယ်။” ထို့ကြောင့်လည်း ၎င်းတိုက်ပွဲကြောင့် ဒေသခံ လူမှုအသိုက်အဝန်းများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။
ဒေသအတွင်း ယခုလက်ရှိ တပ်မတော်လှုပ်ရှားမှုများနှင့်ပတ်သတ်၍ စောအ---မှ ၎င်း၏အမြင်သဘောထားများကို ဤကဲ့သို့ ပြောပြခဲ့သည်။ “ကရင်လူမျိုးတွေနေထိုင်တဲ့နယ်မြေတွေမှာ သူတို့မရှိရင် ပိုကောင်းတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေရာတွေက ကရင့်နယ်မြေဖြစ်တယ်။ ဒါပေမဲ့လည်း တပ်မတော်က နှောက်မဆုတ်ပေးတဲ့အပြင် (သူတို့ရဲ့လှုပ်ရှားနယ်မြေဒေသကို ချဲ့ထွင်ဖို့အတွက်) ပိုလို့တောင် ရှေ့ဆက်ချီတက်နေတယ်။ ပြီးတော့လည်း သူတို့စစ်သားတွေ အများကြီးပို့ဆောင်လာကြတယ်။”
အခြားရွာသားတစ်ဦး၏တင်ပြချက်အရ တပ်မတော်နှင့် KNLA တို့ကြားတိုက်ပွဲများရှိနေသ၍ BGF စစ်သားများ က ထိုဒေသအတွင်း ဆက်လက်နေထိုင်သွားရန် အစီအစဉ်ရှိသည်။ BGF မှ ၎င်းတို့သည် မည်သူတစ်ဦး တစ်ယောက်၏ မြေယာများကို သိမ်းယူရန် အစီအစဉ်မရှိကြောင်းပြောသော်လည်း ယခုလက်ရှိတွင် BGF စစ်သားများသည် ရွာသား တစ်ဦးပိုင်ဆိုင်သည့်မြေယာပေါ်တွင် အခြေချနေထိုင်ကြသည်။
ကလာ့ကဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲဖြစ်စဉ်နှင့်စပ်လျဉ်း၍ KNLA စစ်သားများမှ တပ်မတော်အား အရင် ဆုံး ပစ်ခတ်ခဲ့သည်ဟု BGF က ထွက်ဆိုထားခဲ့သည်။ သို့သော်လည်း ၂၀၂၁ခုနှစ်၊ မတ်လ ၁၀ရက်နေ့တွင် KNU ဒူးသထူခရိုင်အတွင်းရေးမှူးဖြစ်သူ ပဒိုစောစိုးမြင့်က ကရင်သတင်းစဉ် (KIC) အား ပြောပြခဲ့သည်မှာ ကလာ့ကဲ ကျေးရွာတွင် တပ်မတော်နှင့် KNLA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရသည့်အကြောင်းရင်းက တပ်မတော်မှ KNLA စစ်သားများကို စတင်ပစ်ခတ်ခဲ့ကြောင်းပြောခဲ့သည်။[15] KHRG လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ထိုနေ့ရက်တွင် KNLA စစ်သားများမှ ရွာထဲဝင်ရောက်လာသည့်တပ်မတော်စစ်သားများကို တိုက်ခိုက်ခဲ့ ကြောင်း သိရှိထားပါသည်။ သို့သော် တပ်မတော်မှ NCA ၏နှစ်ဦးနှစ်ဖက်လိုက်နာရမည့်တာဝန်ဝတ္တရားများတွင်ပါရှိသည့် အခန်း(၁၀) (ခ)ကို ချိုးဖောက်ခဲ့ခြင်းမှလွှဲ၍ ၎င်းတိုက်ပွဲနှင့်ပတ်သတ်ပြီး အသေးစိတ်သတင်းအချက်အလက်များ လက်ခံရရှိခြင်း မရှိခဲ့ပေ။ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မနက်ပိုင်း ၁၁း၁၅မိနစ်အချိန်တွင် မည်သည့်ဘက်မှ စတင်ပစ် ခတ်ခဲ့သည်နှင့်ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မသိရှိခဲ့ရပေ။ သို့သော် လည်း ထိုတိုက်ပွဲသည် NCA အခန်း (၅) (က)တွင်ပါရှိသည့် အပစ်ခတ်ရပ်စဲနယ်မြေအတွင်း လက်နက်ကိုင်တိုက်ခို်က်မှုများအားတားမြစ်သည့် သဘောတူ စာချုပ်ကို ချိုးဖောက်ရာရောက်ပါသည်။
ဒူးသထူခရိုင်မှ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏ဖော်ပြထားချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့၌ မြိုင်က လေးကျေးရွာ၏တောင်ပိုင်းနားတွင် KNLA တပ်မဟာ (၁) စစ်သားများနှင့် တပ်မတော် ခမရ (၂၀၄)တို့ကြား ပစ် ခတ်တိုက်ခိုက်မှုရှိခဲ့သည်။ ၎င်းတိုက်ပွဲနှင့်စပ်လျဉ်း၍ မည့်သည့်အခြားသောသတင်းအချက်အလက်များ မသိရှိခဲ့ရပေ။
၂၀၂၁ခုနှစ်၊ မတ်လ ၁၉ရက်
၂၀၂၁ခုနှစ်၊ မတ်လ ၁၉ရက်နေ့ မနက်ပိုင်း (၁၁)နာရီတွင်ဘားအံမြို့နယ်၊ မယ်လခီးဒေသနှင့် နို့မကွီးဒေ သအကြားရှိ ဂူဘီးထွီနေရာမှာ တပ်မတော်ခမရ (၄၀၉)နှင့် KNLA တပ်ရင်းအမှတ် (၁)တို့ကြား ပစ်ခတ်တိုက် ခိုက်မှုဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုကြောင့် တပ်မတော်ကားတစ်စီး၏မှန်တစ်ချပ်ထိမှန်ပျက်စီးသွားခဲ့သည်။ သို့သော် မည်သူတစ်ဦးတစ် ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ မရှိခဲ့ပေ။ တပ်မတော်သည် KNLA အား ကြိုတင်အ ကြောင်းကြားခြင်းမရှိဘဲ KNU တားမြစ်နယ်မြေထဲသို့ စစ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းကြောင့် တိုက်ပွဲဖြစ်ခဲ့ ရခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် NCA ၏နှစ်ဦးနှစ်ဖက်လိုက်နာရမည့်တာဝန်ဝတ္တရာများကို ချိုးဖောက်ရာ ရောက်သည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၃ရက်
၂၀၂၁ခုနှစ်၊ ဧပြီလ ၃ရက်နေ့ ည (၁၁)နာရီဝန်းကျင်တွင် ဘားအံမြို့နယ်၊ ကလာ့ကဲကျေးရွာ၊ ကဆယ့်လော်က တီတပ်စခန်းအောက်ဖက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲသည် KNLA တပ်မဟာ (၁)၊ တပ်ရင်း အမှတ် (၁)နှင့် တပ်မတော်ခမရ (၄၀၉)၊ BGF တပ်ရင်း (၁၀၁၄)တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ဗိုလ်တင်ဝင်းဦးဆောင်သည့် BGF တပ်ရင်း (၁၀၁၄)မှ စစ်သားနှစ်ဦးကျဆုံးခဲ့သည်။ ထိုတိုက်ပွဲ အတွင်း တပ်မတော်မှ တပ်စခန်းအနီးတစ်ဝိုက်တွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ပါသည်။ တစ်ချိန်ထဲတွင်လည်း သထူးမြို့နယ်အ ခြေစိုက်သည့် ပနွဲ့ကလားတပ်စခန်း (စကခ အမှတ် ၈) မှ တပ်မတော်စစ်သားများသည် ကဆယ့်လော်ကတီ တပ်စခန်းအား လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ကလာ့ကဲကျေးရွာမှ အိမ်ထောင်စုဆယ်စုသည် အခြားသောကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ချို့သောရွာသားများ သည် ၎င်းတို့၏လုံခြုံရေးအတွက် အလွန်အန္တရာယ်ရှိသော်ငြားလည်းငား မိမိတို့ကျေးရွာသို့ပြနလည်နေထိုင်ခဲ့သည်။ KHRGမှ တိုက်ပွဲဖြစ်ပွားခဲ့ရသည့်အကြောင်းအရင်းနှင့် ပတ်သတ်သည့်သတင်းအချက်အလက်များအား လက်ခံ ရရှိခြင်း မရှိခဲ့ပေ။
၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်
၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်နေ့ မနက် ၆း၃၀နာရီတွင် ဘားအံမြို့နယ်၊ တကောဘိုးကျေးရွာအုပ်စု၊ မယ်လာခီး ကျေးရွာတွင် တပ်မတော်ခြေမြန်တပ်မ (ခမတ)အမှတ် (၂၂)လက်အောက်ခံ ခမရ (၂၀၈)နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြန်ပါသည်။ တိုက်ပွဲအတွင်း ခမရ (၂၀၈)မှ တပ်စုမှူးတစ်ဦးကျဆုံးခဲ့သည်။ ဤတိုက်ပွဲနှင့်ပတ်သတ် သည့်အသေးစိတ်သတင်းအချက်အလက်များကို KHRG မှ လက်ခံရရှိခဲ့ခြင်းမရှိခဲ့ပေ။
ကျိုက်ထိုမြို့နယ်
၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်
KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့တွင် ဒူးသထူခရိုင်အတွင်းရှိ နေရာဒေသတော်တော်များများတွင် KNLA တပ်မဟာ (၁)နှင့် တပ်မတော်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ရက်နေ့၌ ဘားအံမြို့နယ်တွင် တိုက်ပွဲနှစ်ခါဖြစ်ပွားခဲ့သည့်အပြင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို ကင်မွန်းစခန်းတွင်လည်း KNLA တပ်မဟာ (၁)နှင့် တပ်မတော် ခမတ (၄၄)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲ နှင့်ပတ်သတ်သည့် အသေးစိတ်သတင်းအချက်အလက်များကို KHRG မှ လက်ခံရရှိခြင်းမရှိခဲ့ပါ။
၂၀၂၁ခုနှစ်၊ မတ်လ ၂၅ရက်
စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နှင်းမှုကြောင့့် ၂၀၂၁ခုနှစ်၊ မတ်လ ၂၅ရက်နေ့ ည (၈)နာရီအချိန်တွင် ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၆)၏ဗဟိုတပ်မတွင် KNLA တပ်မဟာ (၁)နှင့် မလရ (၉၆)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကျိုက်ထိုမြို့ရှိ ခလရ (၉၆)၏တပ်စခန်းအား KNLA စစ်သားများမှ လက်နက်ကြီး (၁၀)လုံးခန့် ပစ်ခတ်ခဲ့သည်။ KNLA ပစ်ခတ်မှုကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် တပ်မတော်မှ ၎င်းတို့၏တပ်စခန်းအနားဝန်းကျင်တဝိုက် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ထိုတိုက်ပွဲသည် မိနစ်အနည်းငယ်ကြာမြင့်ခဲ့သည်။ KHRG မှ ထိခိုက်၊သေဆုံးမှုများနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို လက်ခံရရှိခြင်းမရှိခဲ့ပေ။ ၎င်းတိုက်ပွဲဖြစ်ပွား ပြီးသည့်နောက်တွင် တပ်မတော်နှင့် မြန်မာရဲတပ်ဖွဲ့တို့သည် လုံခြုံရေးအတွက်ဟုဆိုကာ ကျိုက်ထိုမြို့လမ်းမပေါ်တွင် ခရီးသွားလာသူများအားစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ဖြတ်သန်းသွားလာသည့် ကားများအားရပ်ခိုင်းစေပြီး ကားပေါ်၌ အန္တရာယ်ရှိစေနိုင်သည့်သို့မဟုတ် ပေါက်ကွဲစေနိုင်သည့်အရာဝတ္တုပစ္စည်းများ သယ်ဆောင်လာခြင်းရှိ၊ မရှိ စစ်ဆေးကြသည်။
ကျိုက်ထိုမြို့နယ်တွင် KNLA မှ တပ်မတော်အား တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒပြပွဲများတွင် ပါဝင်ကြသည့်ရွာသားများအပေါ် ကျူးလွန်ခဲ့သည့် တပ်မတော်၏လုပ်ရပ်ကြောင့်ဖြစ်သည်။ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်များအရ “တပ်မတော်က KNLA ကို မြို့တွင်းကိုလာပြီး မတိုက်ခိုက်ဖို့ ပြောတယ်။ (KNLA) တပ်မဟာ (၁) ခေါင်းဆောင်တွေဘက်ကလည်း စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အရပ်သားတွေကို မသတ်ဖြတ်ဖို့၊ အနာတရမလုပ်ဖို့နဲ့ မနှောက်ယှက်ဖို့ တပ်မတော်ကို ပြောတယ်။ ဒါပေမဲ့ တပ်မတော်က ဆက်လုပ်တုန်းပဲ။ ဒါကြောင့်လည်း သူတို့ (KNLA) က (အရပ် သားတွေကို ကာကွယ်ပေးဖို့အတွက်) ပြန်ပြီးတိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာမရှိဘူး။” မည်သို့ပင်ဖြစ်စေ ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်း သည့်လုပ်ရပ်များသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၂၉ရက်နေ့တွင် မြန်မာတပ်မတော်မှ ကျိုက်ထိုမြို့ရှိ အသက် ၂၇အရွယ် ဆန္ဒပြသူတစ်ဦးကို ပစ်သတ်ခဲ့ပါသည်။[16]
ဘီးလင်းမြို့နယ်
တာပေါနှင့် လေးကေကျေးရွာများတွင် တိုက်ပွဲအများအပြားဖြစ်ပွားခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအတွင်း လေးကေ ကျေးရွာတွင် ရွာသားများမှ တပ်မတော်တပ်စခန်းများ ၎င်းဒေသမှ ဆုတ်ခွာပေးရန်အတွက် တောင်းဆိုဆန္ဒပြမှု တွင်ပါဝင်ခဲ့ကြသည်။ လက်ခံရရှိသည့်သတင်းအချက်အလက်များမှာ ပြည့်စုံလုံလောက်မှုမရှိခြင်းကြောင့် ယခု လက်ရှိဖြစ် ပေါ်နေသည့်တိုက်ပွဲများနှင့် ဇန်နဝါရီလတွင် ယခင်ကဖြစ်ပွားခဲ့သည့် KNDO နှင့် BGF တို့ကြား တိုက်ပွဲများ သည် ပတ်သတ်မှုတစ်စုံတစ်ရာရှိကြောင်း ထင်မှတ်ယူရန်အလွန်ခက်ခဲပါသည်။ ယခင်ထုတ်ဝေခဲ့သည့် KHRG ၏အစီ ရင်ခံစာများအရ ထိုဒေသတွင် ဖြစ်ပွားခဲ့သည့်တင်းမှုများသည် အရမ်းမြင့်မားနေသည်ကို ရှင်းလင်းစွာ သိရှိရပါသည်။ မည်သို့ပင်ဖြစ်စေ ယခင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် ယခုဖြစ်ပေါ်နေသည့်တိုက်ပွဲများနှစ်ခုစလုံးကို ကြည့်ရမည်ဆို လျှင် ဒေသခံရွာသားများသာ အကြောက်တရားများနှင့် အသက်ရှင်နေထိုင်ရပါသည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၃ရက်နေ့မှ ၄ရက်နေ့အထိ
ဘီးလင်းမြို့နယ်ရှိ မတူညီသည့် နေရာဒေသနှစ်ခုတွင် တပ်မတော်နှင့် KNLA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ သည်။ ဒုတိယအကြိမ်ဖြစ်ပွားခဲ့သည့်တိုက်ပွဲနေရာသည် ယခင်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနေရာနှင့် အလှမ်းမဝေးပါ။ ပထမအကြိမ်ဖြစ်ပွားခဲ့သည်တိုက်ပွဲသည် ဧပြီလ၊ ၃ရက်နေ့ ည (၈) သို့မဟုတ် (၉) နာရီဝန်းကျင်၌ တာပေါကျေးရွာအုပ်စု၊ တာပေါကျေးရွာတွင် ဖြစ်သည်။ ဒုတိယတိုက်ပွဲသည် ဧပြီလ၊ ၄ရက်နေ့ မနက်ပ (၂)နာရီ၌ ပရာယောကျေးရွာအုပ်စု၊ လေးကေကျေးရွာအနီးတွင် တပ်မတော်ခမရ (၄၀၆)နှင့် KNLA တို့ကြား ဖြစ်ပွားခဲ့သည်။ တာပေါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သတ်၍ မည်သည့်အခြားသောအကြောင်းအရာများ လက်ခံရရှိခြင်း မရှိခဲ့ပါ။ သို့သော် လေးကေတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်မှ ကျေးရွာအတွင်းနှင့် ဘုန်းကြီးကျောင်းကို လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် အချို့သောအိမ်များသည် ပျက်စီးခဲ့ရသည်။
ဒေသခံတစ်ဦး၏တင်ပြချက်အရ လေးကေရွာသားများသည် ၎င်းတို့လုံခြုံစိတ်ချရသည်ဟုထင်ရသည့်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အချို့သောရွာသားများသည် လေးကေတောင်တွင်ရှိသည့်ဂူများထဲတွင် ထွက်ပြေး ပုန်းရှောင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရွာသားများသည် တပ်မတော်မှ ၎င်းတို့၏ကျေးရွာအားစစ်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ မူတြော်ခရိုင်တွင် စစ်လေယာဉ်ဖြင့်လာရောက် တိုက်ခိုက်ခဲ့သည်ကို ရွာသားများမှ ကြားသိရှိခဲ့ရပြီးဖြစ်သည်။ ထို့အပြင် ရွာသားများမှ လက်နက်ကြီးများ ပစ်ခတ်မှုကို ကြောက်ရွံ့နေရသောကြောင့် ၎င်းတို့သည် ကိုယ့်ကိုကိုယ်ကာကွယ်ရန် အတွက် ဗုံးခိုကျင်းများကိုတူးထားကြပြီး မြေအောက်ခံတပ်များကို ဆောက်လုပ်ခဲ့ပါသည်။ တိုက်ပွဲများဖြစ်ပွား သည့်နေရာအနီးအနားတွင် နေထိုင်သည့် ရွာသားများသည် တိုက်ပွဲများထပ်မံဖြစ်ပွားလာပါက ၎င်းတို့၏သားသမီးများကို မြို့များနှင့်လုံခြုံစိတ်ချသည့်နေရာများ ဆီသို့ ကြိုတင်၍ပို့ဆောင်ခဲ့ကြသည်။ ဒေသခံရွာသားများ ကြားတွင် အခြားသောစိုးရိမ်ရသည့်အရာတစ်ခုမှာ တပ်မတော်မှ ၎င်းတို့အား ယခင်ကာလကဲ့သို့ ပေါ်တာဆွဲ မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည်ကြိုတင်၍ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ထိုတိုက်ပွဲများတွင် မည်သည့်တပ်ဖက်မှထိခိုက်သေဆုံးမှုများမရှိကြောင်း ဒေသခံတစ်ဦး တင်ပြခဲ့သည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်
၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်နေ့ မနက် (၁၁)နာရီ၌ ဘီးလင်းမြို့နယ်၊ တာပေါကျေးရွာအုပ်စု၊ တာပေါကျေးရွာတွင် KNLA နှင့် တပ်မတော်တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။
သထူးမြို့နယ်
သထူမြို့နယ်တွင် တိုက်ပဲွဲအများအပြားဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်စဉ်တစ်ခုသည် ဘားအံမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲနေရာနှင့် အလွန်နီးပါသည်။ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့်အချို့သောတပ်မတော်တပ်ရင်းများသည် ဧပြီ လ၊ ၄ရက်နေ့၌ ဘီးလင်းမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် ဧပြီလ၊ ၃ရက်နေ့၌ ဘားအံမြို့နယ်တွင်ဖြစ်ပွားခဲ့ သည့်တိုက်ပွဲတွင်ပါဝင်သည့်တပ်မတော်တပ်ရင်းများ ဖြစ်ကြသည်။
၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်
ဒူးသထူခရိုင်မှ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်များအရ ၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့၌ သထူ မြို့နယ်ရှိ နေရာဒေသများတွင် KNLA တပ်မဟာ (၁)နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုနေ ရာဒေသများမှာ တပ်မတော်စစ်လေ့ကျင့်ရေးတပ်ရင်းအမှတ် (၉)အခြေစိုက်သည့် အလံတစ်ရာနှင့် ခမရ (၁၁၈) အခြေစိုက်သည့် တိုင်တစ်ရာဖြစ်ကြသည်။ KHRG မှ ထိုတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သတ်သည့် အသေးစိတ်သတင်း အချက်အလက်များအားလက်ခံရရှိခြင်း မရှိခဲ့ပါ။
၂၀၂၁ခုနှစ်၊ ဧပြီလ ၂ရက်
၂၀၂၁ခုနှစ်၊ ဧပြီလ ၂ရက်နေ့ ညနေ (ရး၃၀)နာရီ၌ ခမရ (၄၀၆) အခြေစိုက်သည့် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ နဲဖောထကျေးရွာအုပ်စု၊ တလအောဖိုးကလားကျေးရွာတွင် KNLA တပ်မဟာ (၁)၊ တပ်ရင်း (၂)နှင့် တပ်မတော်ခမရ (၄၀၆)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲသည် မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့သည်။
ည (၈)နာရီအချိန်တွင် (တလာအောဖိုးကလားကျေးရွာအနီးတွင် တည်ရှိသည့်) ပနွဲကလားတပ်စခန်းမှ တပ်မ တော်စစ်သားများသည် တလအောဖိုးကလားတပ်စခန်းရှိတပ်မတော်စစ်သားများကို စစ်ကူအနေဖြင့် ကူညီပေးရန်အ တွက် လက်နက်ကြီး (၁၂၀ မမ) များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ ခမရ (၄၀၆) တပ်ရင်းမှူးသည် ထိုဒေသအတွင်း အဓိကတပ်စခန်းဖြစ်သည့် ပနွဲကလားတပ်စခန်း (စကခ-၈) တွင် အခြေစိုက်နေထိုင်သည့်အတွက်ကြောင့် ဒေသခံများက ၎င်းတပ်ရင်းမှူးမှ ဒေသတွင်းလက်နက်ကြီးများ ပစ်ခတ်ရန် တပ်မတော်စစ်သားများကို အမိန့်ပေးသူဟု ထင်မြင်ယူဆကြသည်။ ဤတိုက်ပွဲဖြစ်ရသည့်အကြောင်းအရင်းကို KHRG မှ မသိရှိခဲ့ရပေ။ သို့သော်လည်း မတ်လ၊ ၉ရက်နေ့နှင့် ဧပြီလ၊ ၃ရက်နေ့တို့၌ ဘားအံ မြို့နယ်၊ ကဆယ့်လော်ကတီတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများသည် တပ်မတော်မှ လမ်းဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်တင်းမာမှုများအပြင် နယ်မြေကျူးကျော်မှုများနှင့် ပါဝင်ပတ်သတ်နိုင်ချေရှိသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကျေးရွာအဆောက်အဦးများ လည်း ပျက်စီးခဲ့ရသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမောဒေါကျေးရွာအုပ်စု၊ လေးကဲ့ကလန်ကျေးရွာရှိရွာသား တစ်ဦး၏အိမ်တစ်လုံးသည် မီးလောင်ပျက်စီးခဲ့သည်။ အခြားအိမ်များမှာလည်း လက်နက်ကြီးအစအန ထိမှန်မှုများ ကြောင့် ပျက်စီးခဲ့သည်။ လေးကဲ့ကလန်ရွာရှိ ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) ဆေးခန်းတစ်လုံး လည်း လက်နက်ကြီးအပိုင်းအစထိမှနချိန်တွင် အထဲ၌လူများရှိနေခဲ့ကြသည်။ ထိုအချိန်တွင် ဆေးခန်းလာတက်သည့် နွဲဖောထကျေးရွာအုပ်စု၊ ဖါဖော ကျေးရွာသူတစ်ဦးသည် သူမ၏ကလေးကို နို့တိုက်နေစဉ် သူမ၏ကျောကုန်းတွင် လက်နက်ကြီးအစအန ထိမှန်ခဲ့၍ ဒဏ်ရာရရှိခဲ့သည်။ ယခုအချိန်၌ ဆေးခန်းရှိကျန်းမာရေးလုပ်သားများသည် ညအချိန်တွင် ရွာအပြင် သို့ထွက်၍ အိပ်ရပါသည်။ လူနာများကို ဆေးကုသပေးရန်အတွက် နေ့အချိန်တွင်သာ ဆေးခန်းသို့ပြန်လာခဲ့သည်။ တပ်မတော်တပ်စခန်းများအနီးတွင် နေထိုင်ကြသည့်ရွာသားများသည်လည်း လက်နက် ကြီးပစ်ခတ်မှုမှ လွတ်မြောက်ရန်အတွက် အခြားနေရာများသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ချို့သောရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လည်နေထိုင်နိုင်ခဲ့သော်လည်း အမျိုး သားများသည် ရွာအပြင်သို့ထွက်၍ အခြားတစ်နေရာတွင် ပြေးအိပ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်မ တော်မှ ၎င်းတို့အား ပေါတာဆွဲမည်ကို ရွာသားများက စိုးရိမ်ကြသောကြောင့်ဖြစ်သည်။ လွန်ခဲ့သည့်အတိတ်ကာလတွင် တပ်မတော်မှ ၎င်းတို့၏စစ်ရေးရာများတွင် အသုံးပြုရန်အတွက် အမျိုးသားများ (ရွာသား)ကို ပထမဆုံး ပေါ်တာ ခေါ်ဆောင်လေ့ရှိခဲ့သည်။ အမျိုးသားများ ပုန်းရှောင်နေရသည့်အချိန်တွင် ကျေးရွာတွင်ကျန်ရစ်ခဲ့သည့် အမျိုး သမီးများနှင့်ကလေးသူငယ်များသည် ၎င်းတို့ပိုင်ဆိုင့အရာများကို စောင့်ကြည့်ခဲ့ရပြီး အကြောက်တရားများနှင့် နေထိုင်၊ အိပ်စက်ရပါသည်။ ၎င်းတို့မှ တပ်မတော်စစ်သားများ ရွာထဲကိုဝင်လာမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေ ကြပါသည်။
ပေါင်မြို့နယ်
၂၀၂၁ခုနှစ်၊ ဧပြီလ ၆ရက်
၂၀၂၁ခုနှစ်၊ ဧပြီလ၊ ၆ရက်နေ့ မနက်ပိုင်း (၆)နာရီတွင် ဒူသထူးခရိုင်၏တောင်ပိုင်းဖျားတွင်တည်ရှိသည့် ပေါင်မြို့ နယ်၊ မုတ္တမမြို့အနီးတွင်လည်း တပ်မတော်ခမတ (၄၄)လက်အောက်ခံ ခမရ (၁၀၂)နှင့် KNLA တပ်မဟာ (၁)၊ တပ်ရင်း (၁)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်လုံးတပ်မှ သေကြေ၊ထိခိုက်မှုများနှင့်ပတ်သတ်ပြီး သတင်းအချက်အ လက်များကို လက်ခံရရှိခြင်း ရှိခဲ့ပေ။
နိဂုံးချုပ်
တပ်မတော်မှ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ၃၀ရက်နေ့အထိ တစ်ဖတ်သတ်ပစ်ခတ်ရပ်စဲရေးကို ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သော်လည်း တပ်မတော်နှင့် KNLA တို့ကြားရှိတိုက်ပွဲများသည် ဒူးသထူခရိုင်တွင်သာ မက မြန်မာပြည်အရှေ့တောင်းပိုင်း၏အခြားသောဒေသများတွင်လည်း ဖြစ်ပွားခဲ့သည်။ ယခုဖြစ်ပွားနေသည့်တိုက်ပွဲ များသည် ၂၀၁၅ခုနှစ် NCA ၏အခန်း ၅ (က) (အပစ်ရပ်ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုကို တားမြစ်ထားပါသည်) ကို တိုက်ရိုက်ချိုးဖောက်ထားပါသည်။ ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဖြစ်ပေါ်လာသည့်နောက် ပိုင်းတွင် ပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်များသည် အကျုံးမဝင်တော့သည်မှာ အလွန်ထင်ရှားနေပါသည်။ စစ်ကောင်စီမှ ဧပြီလ၊ ၃၀ရက်နေ့တွင် ကြေညာထားသည့် ထုတ်ပြန်ချက်မှာ ဧပြီလ အတွင်းပြုလုပ်ခဲ့သည့် အပစ်ခတ်ရပ်စဲရေးအား ၂၀၂၁ခုနှစ်၊ မေလအထိတိုး၍ သတ်မှတ်ခဲ့သည်။ သို့သော် တပ်မတော်မှ ထိုးစစ်ဆင် သည့်တိုက်ပွဲများနှင့် စစ်လေယာဉ်တိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပွားနေသည့်အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ တပ်မတော်နှင့်စစ်ကောင်စီအပေါ် ယုံကြည်မှု ပို၍ လျော့နည်းလာခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် အောင်မြင်မည့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြုလုပ်နိုင်ရန် ဖြစ်နိုင်ချေနည်းပါးသည်။
၂၀၁၅ခုနှစ်မှစ၍ ငြိမ်းချမ်းရေးကိုလိုလားသည့်လက္ခဏာများရှိခဲ့သည်။ သို့သော် ဒူးသထူခရိုင်တွင် စစ်ရေးလှုပ်ရှား မှုများနှင့် NCA ချိုးဖောက်မှုများရှိခဲ့ပြီး တိုက်ပွဲများအနည်းငယ်သာ ဖြစ်ပွားခဲ့သော်လည်း ထိုအချိန်ကာလများသည် ကုန်ဆုံးသွားပြီးဖြစ်သည်။ ယခုအချိန်တွင် ဒူးသထူခရိုင်တွင်သာမက KHRG လှုပ်ရှားရာနယ်မြေတစ်ခုလုံး တွင် တပ်မတော်နှင့် KNLA တို့ကြား အပြန်အလှန်ပစ်ခတ်မှုများ မြင့်မားလာသည်ကို သိသိသာသာ သိရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲများကြောင့် အဓိကခံစားရသူမှာ ရွာသားများသာဖြစ်သည်။ ဒူးသထူခရိုင်တွင် တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနည်းသော်လည်း ဒေသခံတစ်ဦးမှ စစ်ပွဲများကြောင့် စိတ် ပိုင်းဆိုင်ရာနာကျင်ခံစားရမှုများရှိသည်ကို ဤကဲ့သို့ တင်ပြခဲ့သည်။ “အခုလောလောဆယ်မှာတော့ ဘယ်ရွာ သားတစ်ဦးမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့တွေ အရမ်းကြောက်တယ်။ အမြဲတမ်းသတိ နဲ့နေရတယ်။ ဘယ်သူမှ အသံမထွက်ရဲကြဘူး။” အတိတ်တွင်ကြုံတွေ့ခဲ့သည့်ပေါ်တာဆွဲခံရမှုအပေါ် ရွာသားများ ၏အကြောက်တရားများသည် တဖန်ပြန်လည်စတင်လာခဲ့ပြီး ပုန်းရှောင်ရန်အတွက် ကတုတ်ကျင်း၊ ဗုံးခိုကျင်းများကို တူးထားရပြန်ပါသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ မတ်လနှင့်ဧပြီလအတွင်း ကွင်းထဲမှရရှိထားသောအကြောင်းအရာများအပေါ် အခြေခံပြီး သတင်းအချက်အ လက်များအား ခြုံငုံသုံးသပ်ထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူသထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
[2] ၂၀၁၂ခုနှစ်တွင် KNU နှင့်မြန်မာအစိုးရအကြား လက်မှတ်ရေးထိုးခဲ့သော ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်အရ၊ တပ်မတော်စစ် သားများသည် ၎င်းတို့၏တပ်စခန်းနှင့်ဆက်နွယ်သည့် KNLA ၏ပိုင်နက်နယ်မြေ အကိုက် (၅၀)နှင့် ၎င်းတို့၏တပ်စခန်းဝန်းကျင် ကိုက်(၁၅၀) အ ချင်းဝက်အတွင်းတွင်သာ သွားလာလှုပ်ရှားခွင့်ရှိသည်။
[3] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်း ကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ တိုင်းပြည်ကို တစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ နိုဝင်ဘာလ အတွင်းပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေအရ ရွေးကောက်ပွဲကို အသစ်တဖန်ပြန်လည်လုပ်ဆောင်မည်ဟု ကြေညာခဲ့ သည်။ ၎င်းထွက်ဆိုကြေညာချက်ကို မည်သူမျှထောက်ခံခြင်းမရှိပေ။ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရ လွှတ်တော်အဖွဲ့မှ ကတိသစ္စာပြု၍ တာဝန်လက်ခံသည့်ပွဲအခမ်းအနားမပြုလုပ်မှီ တစ်ရက်အလိုတွင် စစ်တပ်သည် အစိုးရအာဏာကို သိမ်းယူခဲ့ သည်။ ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီး ချုပ်များနှင့်အစိုးရလွှတ်တော်အဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
[4] ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် မြန်မာပြည်အနံှ့အပြားရှိ အစိုးရဆေးရုံးများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်း ဆောင်နေ ကြသည့် ကျန်းမာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) တွင် စတင်ပါဝင်လာခဲ့သည်။ ထိုလှုပ်ရှား မှုတွင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့၌ အာဏာသိမ်းယူခဲ့သော မြန်မာစစ်တပ်အား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် အလုပ်အမား သပိတ်လှန်ခြင်းလည်း ပါဝင်ပါသည်။ ဤလှုပ်ရှားမှုသည် (အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းမီဒီယာများ အစရှိသော) မြန်မာအစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများသို့ ပျံ့နှံ့သွားပြီး ၎င်းတို့မှ အာဏာသိမ်း စစ်တပ်အား ဆန့်ကျင်သည့်အနေဖြင့် စစ်တပ်အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေခြင်းကို ရပ်တန့်ခဲ့သည်။ ဤအကြမ်းမဖက်လူ ထုလှုပ်ရှားမှုသည် မြန်မာပြည်အနံှ့ လူသိများလာပြီး တစ်ချို့သောပြည်သူလူထုများသည် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင့်သည့်အနေဖြင့် သံပုံးတီးသည့်ဆန္ဒပြပွဲနှင့် စစ်တပ်ထုတ်ကုန်တွေ သပိတ်မောက်သည့်လှုပ်ရှားမှုအပါအဝင် ၎င်းတို့လုပ်ဆောင်နိုင်သည့် မည်သည့်သပိတ် မောက်ဆန္ဒပြမှုမဆို စတင်ပြုလုပ်လာခဲ့သည်။
[5] ကရင်သတင်းစဉ်မှ ၂၀၂၁ခုနှစ်၊ မတ်လတွင်ထုတ်ဝေခဲ့သော “KNU တပ်မဟာ ၁နှင့်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေ” ကြည့်ပါ။
[6] Frontier Myanmar မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော “MYANMAR PROTESTS LIVE: Hundreds of thousands continue to defy ban on gatherings, threats of ‘action’” ကို ကြည့်ပါ။
[7] စာရေးသူဖြစ်သည့် Panu Wongcha-um မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် Reuters ဝက်ဆိုဒ်တွင် ထုတ်ဝေခဲ့သော “Myanmar coup threatens ceasefire, ethnic rebel leader says” ကို ကြည့်ပါ။
[8] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏အုပ်ချုပ်ရေး အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်နေ့တွင် တပ်မတော် အစိုးရ အရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲအဖြစ်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
[9] CNN သတင်းဌာနမှ ၂၀၂၁ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့သော “Myanmar junta offers ceasefire to some, as UN envoy warns of 'bloodbath'” ကို ကြည့်ပါ။
[10] KHRG မှ ၂၀၁၉ခုနှစ်၊ စတင်ဘာလတွင် ထုတ်ဝေခဲ့သော “Southeast Myanmar Field Report: Growing concerns about militarisation, land tenure security, development projects and human rights abuses, January to June 2019” နှင့် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော “Thaton Interviews: Skirmishes between the Tatmadaw/BGF and the DKBA Splinter Group resulting in displacement in Kyeh Htoh (Kyaikto) Township, June 2019” တို့ကို ကြည့်ပါ။
[11] KHRG မှ ၂၀၂၁ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့သော “ကျွန်မတို့ ဘယ်ဆီကို ထပ်ပြီးထွက်ပြေးသင့်သလဲ” ခလယ်လွီထူခရိုင်နှင့် မူတြော်ခရိုင်တို့၌ ဖြစ်ပွားသောတိုက်ပွဲနှင့် နေရပ်ရွှေ့ပြောင်းနေရခြင်း၊ ၂၀၂၀ ခုနှစ်၊ ဒီဇင် ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ” ကို ကြည့်ပါ။
[12] ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် KNU နှင့်မြန်မာအစိုးရမှ ပဏာမအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ဘားအံတွင် ရေးထိုးခဲ့ကြ သည်။ ရေရှည်ငြိမ်းချမ်းရေးအစီစဉ်အတွက် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
[13] ကရင်သတင်းစဉ်မှ ၂၀၂၁ခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သော “ညောင်ကုန်းရွာသစ်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက် ၅ဦးသေဆုံးဟု KNU ပြော” ကို ကြည့်ပါ။
[14] ကရင်သတင်းစဉ်မှ ၂၀၂၁ခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သော “ညောင်ကုန်းရွာသစ်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက် ၅ဦးသေဆုံးဟု KNU ပြော” ကို ကြည့်ပါ။
[15] ကရင်သတင်းစဉ်မှ ၂၀၂၁ခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သော “ညောင်ကုန်းရွာသစ်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက် ၅ဦးသေဆုံးဟု KNU ပြော” ကို ကြည့်ပါ။
[16] ဤဖြစ်စဉ်ကို ၂၀၂၁ခုနှစ်၊ မတ်လတွင် လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွင် ရယူခဲ့သည်။