Thu, 04 Apr 2024
အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့အေပါ် ထုတ်ပြန်ချက်

   

 

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများအား လက်နက်ကိုင် အဖွဲ့အစည်းများမှ တရားမ၀င်အသုံးပြုခြင်းနှင့် ဒေသခံလူထုအပေါ်ဖြစ်စေသော ၎င်းတို့၏ ဆိုးကျိုးသက်ရောက်မှု ရှိကြောင်းကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ယနေ့ ဧပြီလ ၄ရက်နေ့တွင် ကျရောက်နေသာ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာ ပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့တွင် အလေးဖော်ပြပေးလိုပါသည်။ အထူးသဖြင့် စစ်ကောင်စီ (SAC) လက်အောက်ခံရှိ လက်နက်ကိုင်အဖွဲ့များ၏ ကျယ်ကျယ် ပြန့်ပြန့် မြေမြှုပ်မိုင်းအသုံးပြုမှုသည် ရွာသူရွာသားများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိသည်။ ယနေ့တွင် KHRG မှ ကရင်ပြည်နယ်အတွင်း ဆိုးရွားနေသည့် လူ့အခွင့်အရေး အခြေအနေများကို အသိအမှတ်ပြုရန်နှင့် အရပ်သားများကို  မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော လက်နက်များ၏ အန္တရာယ်မှ ကာကွယ်ပေးခြင်းအပါအဝင် ၎င်းတို့အပေါ် ကျူးလွန်သည့် ချိုးဖောက်မှုများ အဆုံးသတ်စေရန် အတွက် ပြတ်ပြတ်သားသား အရေးယူပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို  တောင်းဆိုပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာကာ မြန်မာပြည် အရှေ့တောင်ပိုင်းတွင် SAC နှင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်စလုံးမှ ခံစစ်နှင့် ထိုးစစ် ရည်ရွယ်ချက်များအတွက် မြေမြှုပ်မိုင်း အသုံးပြုမှုများ တိုးမြင့်လာခဲ့သည်။  ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုသည် ထူးခြားသောအရာတစ်ခုမဟုတ်ပါ။ ယခုအခါ ဒေသခံပြည်သူများ အနေဖြင့် မြေမြှုပ်မိုင်း အဟောင်းနှင့် အသစ်များ ပေါင်းစပ်အန္တရာယ်ကို ကြုံနေရပါသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအထိ မြန်မာပြည် အရှေ့တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်း ပေါက်ကွဲမှု များကြောင့် ကလေးများအပါအဝင် ရွာသားများ (၂၁)ဦးထက်မနည်း သေဆုံးပြီး (၆၀)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းကို KHRG ၏ မှတ်တမ်းပြုစုချက်အရ တွေ့ရှိရပါသည်။ ကျူးလွန်ခံရသူအများစုသည် အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် သွားလားလုပ်ကိုင်ရာတွင် မြေမြှုပ်မိုင်းများကို နင်းမိခဲ့သော သူများ ဖြစ်ပါသည်။ မြေမြှုပ်မိုင်း ထိမှန်ခဲ့၍ အသက်ရှင်ကျန်ရစ်သူ များနှင့် ၎င်းတို့၏မိသားစုများသည် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ကြုံတွေ့ရသလို မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်ပေါ် စိတ်ထိခိုက်စရာဖြစ်ရပ်များ၊ ဆေးကုသမှုကုန်ကျစရိတ်များ မြင့်မားခြင်းနှင့် ကိုယ်ခဏ္ခာဆုံးရှုံးမှုကြောင့် အလုပ်မလုပ်နိုင်ခြင်း သို့မဟုတ် မွေးမြူရေးလုပ်ငန်းများဆုံးရှုံးခြင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှုများစသည့် အရာများအပေါ် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု များနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။ စစ်ကောင်စီတပ်သားများသည် တစ်ခါတစ်ရံတွင် ရွာသားများ၏ နေအိမ်များနှင့် စာသင်ကျောင်းများ၊ ဆေးခန်းများနှင့် ဘုရားကျောင်းများကဲ့သို့သော အရေးကြီးသော အဆောက်အဦးများ အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ မြှုပ်ထားလေ့ရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်ထား ကြသော ရွာသားများသည် ၎င်းတို့၏ ကျေးရွာများသို့ ပြန်ရန်၊ ပြောင်းရွှေ့ရန် သို့မဟုတ် နေ့စဉ် လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာတွင်လည်း ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုများနှင့် ရင်ဆိုင် နေရပါသည်။

SAC ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများမှ မပေါက်ကွဲသေးသော ဗုံးများနှင့် လက်နက်ကြီးများသည် ရွာသားများ၏ လုံခြုံရေးအတွက် နောက်ထပ်သော ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်ပေါ်စေပါသည်။ မပေါက်ကွဲသေးသော လက်နက် (UXOs) များသည် အချိန်ကြာမြင့်စွာ တည်ရှိနိုင်ပြီး၊ ဥပမာအားဖြင့် မြေပြိုခြင်းနှင့် ရေကြီးခြင်းများမှတဆင့် ၎င်းတို့၏မူလနေရာမှ ရွေ့လျားသွားနိုင်ပါသည်။ ထို့အပြင် ကလေးများသည် ၎င်းတို့၏အသိုင်းအဝိုင်းအတွင်း သို့မဟုတ် အနီးအနားတွင် မကြာခဏ တွေ့ရှိတတ်သည့် ပေါက်ကွဲစေတတ်သော စစ်ပွဲများ၏ အကြွင်းအကျန်များသည် မည်သည့်ပစ္စည်းများဖြစ်သည်ကို မသိကြသဖြင့်  သူတို့အား ပို၍ ထိခိုက်လွယ်ပါသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကလေးနှစ်ဦးသည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ မောင်းမကျေးရွာ အုပ်စု၊ သာယာကုန်းကျေးရွာအနီးတွင် မပေါက်ကွဲသည့် အမြောက်ကျည်ဆံတစ်လုံးအား တွေ့ရှိခဲ့သည်။ အစ၌ ထိုကလေးနှစ်ဦးသည် ၎င်းအရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှ အကြွင်းအကျန်စများ ဖြစ်မည်ဟု ထင်မှတ်ပြီး ရွာအတွင်း ပြန်ယူဆောင်လာခဲ့သည်။ ကလေးနှစ်ဦးအနက် တစ်ဦးသည် ထိုကျည်ဆံအား သူ၏ အိတ်အတွင်း သယ်ဆောင်လာကာ ရွာသားတစ်ဦးကို ပြခဲ့သည်။ အဒေါ်ဖြစ်သူက ကလေးများ ထိုကျည်ဆံကို ကိုင်ထားသည်ကို မြင်လျှင် “အဲဒါကို နင်ဘယ်က ရလာတာလဲ” ဟု ကျယ်လောင်စွာ အော်ဟစ်ခဲ့သဖြင့် ထိုကလေးသည် လန့်သွားသဖြင့် ကျည်ဆံမှာ မြေပေါ်သို့ ကျပြီး ပေါက်ကွဲသွားခဲ့သည်။ ကလေးနှစ်ဦးစလုံး မြေပြင်ပေါ်သို့ လွင့်ကျခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပြီး မကြာမီ ကလေးတစ်ဦး သေဆုံးသွားခဲ့သည်။[1]

မြေမြှုပ်မိုင်းများသည် ရာနှင့်ချီသော အရပ်သားများ အထူးသဖြင့် ကလေးသူငယ်များကို အသက်သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရှိစေသည့် လက်နက်ခဲယမ်းများဖြစ်သည်။ မြေမြှုပ်မိုင်းများသည် လူမှုစီးပွားရေး ဘေးကင်းလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အဟန့်အတားဖြစ်စေပြီး ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်နိုင်မှုကိုလည်း နှောက်ယှက်စေပါသည်။ ထို့ကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှုသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၏မူဖြစ်သည့် အရပ်သားများနှင့် တိုက်ပွဲဝင်သူများကြား ခွဲခြားမှု အခြေခံမူကို ချိုးဖောက်နေခြင်းဖြစ်သည်။ KHRG ၏ မှတ်တမ်းများအရ SAC တပ်သားများသည် လယ်မြေများကဲ့သို့သော ကျေးရွာများအတွင်း၊ အနီးတစ်ဝိုက်နှင့် ဒေသခံပြည်သူများ နေ့စဉ်အသုံးပြုသော လမ်းများတွင် မြေမြှုပ်မိုင်းများ မြုပ်ထားကြပြီး မိုင်းတည်ရှိမှု နှင့် မိုင်းမြုပ်ထားသော တည်နေရာနှင့် ပတ်သက်၍ သတင်းအချက်အလက် မျှဝေလေ့မရှိပေ။ အချို့သောဖြစ်ရပ်များတွင် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများနှင့် ဆေးပေးခန်းများတွင် မြေမြှုပ်မိုင်းများကို ရည်ရွယ်ချက်ရှိရှိ မြုပ်ထားခဲ့ကြောင်း ဖော်ပြထားခဲ့သည်။[2] ဤသည်မှာ SAC ၏ ရှင်းလင်းသော ရည်ရွယ်ချက်နှင့် အရပ်သားများကို တမင်သက်သက် ပစ်မှတ်ထားခြင်းကို ပြသခြင်းဖြစ်သည်။ နိုင်ငံအတွင်း အဆက်မပြတ် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ကျယ်ပြန့်သော မြေမြှုပ်မိုင်း အသုံးပြုမှု အန္တရာယ်များသည် လွတ်လပ်စွာ သွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းပြုခွင့်နှင့် ဘေးကင်းလုံခြုံရေး အခွင့်အရေးများအပါအဝင် အရပ်သား များ၏ အခြေခံအခွင့်အရေး အများအပြားကို ချိုးဖောက်လျက်ရှိသည်။

အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မိုင်းအန္တရာယ်အသိပညာပေးရေးနှင့် ထိခိုက်နစ်နာသူ များထံ အကူအညီများ ပေးဆောင်သည့် ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ ကျေးဇူးတင်အသိ အမှတ်ပြုပြီး ရွာသားများကို ကာကွယ်ရန်နှင့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်များ အသုံးပြုမှုကို ဟန့်တားရန် ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ မြေမြှုပ်မိုင်းအသုံးပြုမှု အဆုံးသတ်ရေးသည် အရပ်သားများ၏ ဘေးကင်းလုံခြုံရေးနှင့် အသက်ရှင်သန်ရေးတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာဖြစ်သည့် အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် KHRG မှ ဤကဲ့သို့ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အခြားလက်နက်ခဲယမ်းများ အသုံးပြုခြင်းကို ရှုတ်ချပါသည်။ ထို့ကြောင့် KHRG မှ သက်ဆိုင်ရာ တာဝန်ရှိသူများအား အောက်ပါအတိုင်း တိုက်တွန်းအပ်ပါသည်။

  • လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံး အရပ်ဘက်ဒေသများတွင် မြေမြှုပ်မိုင်းအသစ်များ မြုပ်ထားခြင်းမှ ရှောင်ကြဉ်ရန်နှင့် လက်ရှိ မြေမြှုပ်မိုင်းဧရိယာများကို ရှင်းရှင်းလင်းလင်း အမှတ်အသားပြုရန်နှင့် ၎င်းတို့၏တည်နေရာကို ရွာသူရွာသားများအား စနစ်တကျ အသိပေးရန်။
  • ဒေသခံအာဏာပိုင်နှင့် တာဝန်ရှိသူများသည် မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲသေးသော လက်နက် (UXO) များနှင့် အခြားပေါက်ကွဲ စေတတ်သော အကြွင်းအကျန်အားလုံးကို လုံခြုံသော လုပ်ထုံးလုပ်နည်းများအသုံးပြု၍ ရှင်းလင်းခြင်းနှင့် ဖယ်ရှားခြင်းတို့ကို ဆက်လက်ချဲ့ထွင်ရန်။
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများသည် ဒုက္ခသည်များနှင့် ၎င်းတို့၏ မိသားစုများ အတွက် သင့်လျော်ပြီး ထိရောက်သော ရေရှည်အကူအညီပေးရေး ဝန်ဆောင်မှုများပေးရန်နှင့် အကောင်အထည်ဖော်ရန် ဒေသတွင်း ဝန်ဆောင်မှုပေးသူများနှင့် လက်တွဲဆောင်ရွက်ရန်။
  • နိုင်ငံတကာအသိုက်အဝန်းများသည် မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ဒေသရှိ ကလေးများ အတွက် အန္တရာယ်များကို အထူးအလေးပေးကာ မိုင်းအန္တရာယ်အသိပညာပေး အစီအစဉ်များ အားကောင်းလာစေရေးအတွက် ပြည်တွင်းအဖွဲ့အစည်းများအား ပံ့ပိုးကူညီပေးရန်။
  • သက်ဆိုင်ရာဒေသတွင်းနှင့် နိုင်ငံတကာ သက်ဆိုင်သူများအားလုံးသည် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား အမိန့်ပေး/သို့မဟုတ် ခွင့်ပြုပေးခဲ့သော မြန်မာပြည်ရှိ စစ်ခေါင်းဆောင်များအား နိုင်ငံတကာတရားရုံးများနှင့် ခုံရုံးများတွင် အရပ်သားများအတွက် တရားမျှတမှုရရှိစေဖို့ ချက်ချင်း အရေးယူဆောင်ရွက်ပေးရန်။

 

 

ဆက်သွယ်ရန်

စောနန္ဒဆူး ၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား ၊ စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org

Thu, 04 Apr 2024

Footnotes: 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်