Fri, 05 Apr 2024
ဘိတ်ထားဝယ်ခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - လယ်ကဆောမြို့ နယ်တွင် SAC လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့မှ ရွာသားများအပေါ် အတင်း အဓမ္မစစ်မှုထမ်းခိုင်းစေသည့်အတွက်ကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင် နေရခြင်း (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ်၊ မတ်လအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်အတွင်း ရွာသားများအနေဖြင့် အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခံရသောအခြေအနေကို ဖော်ပြထားသည်။ အဓမ္မစစ်မှုထမ်းခိုင်းစေသည့်ဖြစ်စဉ်များသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ဤအစီရင်ခံစာအား ရေးသားထုတ်ဝေသည့်အထိ ၂၀၂၄ခုနှစ်၊ ဧပြီလ တွင်ပင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ လယ်ကဆောမြို့နယ်၊ ဘ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် နေထိုင် သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများနှင့် SAC လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့သည် ရွာသား များအား စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မခိုင်းစေခဲ့သည်။  အ---ကျေးရွာမှ ရွာသားများအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ ထံတွင် စစ်မှုထမ်းဆောင်ရန်ငြင်းဆိုပါက ရွာမှ နှင်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။ ထို့အပြင် SAC နှင့် ပြည်သူ့ စစ်တပ်ဖွဲ့သည် အ---ကျေးရွာရှိ SAC တပ်စခန်း၏ဂိတ်ကို တစ်ပတ်လျှင် ရွာသား (၇)ဦးမှ ကင်းစောင့်ပေးရန်အတွက် ဒေသခံများအား ခိုင်းစေခဲ့သည်။ ဤကဲ့သို့သောလုပ်ရပ်များကြောင့် ကျေးရွာထဲတွင် လုံခြုံစိတ်ချမှုမရှိတော့ကြောင်း ခံစားရသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ [1]

 

 

ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဘ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် နေထိုင်သော နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ (SAC) နှင့် SAC လက်အောက်ခံ ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့သည် ရွာသားများအား စစ်မှုထမ်းဆောင် ရန် အတင်းအဓမ္မခိုင်းစေခဲ့သည်။ အဆိုပါပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်သော စောနိုးကလေးနှင့် စောခွေတို့သည် ရွာသားများအား ၎င်းတို့ပြည်သူ့စစ်တပ်ဖွဲ့ထဲတွင် စစ်မှုထမ်းရန် အတင်းအကြပ်ခိုင်းစေနေကြောင်းသိရှိရသည်။ ရွာသား များအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ထံတွင် စစ်မှုထမ်းဆောင်ရန်ငြင်းဆိုပါက ရွာမှနှင်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရ သည်။

ဤပြည်သူ့စစ်တပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အ---ကျေးရွာတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် အ--- ကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့သည် အနီးအနားတွင်ရှိသော စ---ကျေးရွာမှ အခြားပြည်သူ့စစ်တပ်ဖွဲ့နှင့်ပူးပေါင်းခဲ့သည်။ ပြည်သူ့ စစ်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းသည့်အချိန်တွင် အ---ကျေးရွာတွင်နေထိုင်သော ရွာသားအများစုသည် မထောက်ခံခဲ့ပေ။ ရွာသားများသည် ဤကဲ့သို့ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည့်ကိစ္စကို သဘောမတူခဲ့ပါ။ (ထို့ကြောင့် ပြည်သူ့ စစ်တပ်ဖွဲ့ထဲတွင် အဖွဲ့ဝင်များ အနည်းငယ်သာရှိသည်။) အ---ကျေးရွာရှိ ရွာသား (၁၀)ဦးသာ ပြည်သူ့စစ်တပ်ဖွဲ့ထဲတွင် (၎င်းတို့ဆန္ဒအရ) ပူးပေါင်းခဲ့သည်။ ရွာသားများအနည်းစုသာ ပြည်သူ့စစ်တပ်ဖွဲ့ကို ထောက်ခံအားပေးသည့်အတွက် ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ထဲတွင် ၎င်းတို့အဖွဲ့ဝင်များ လုံလုံလောက်လောက်မရှိခဲ့ပေ။ ထို့ကြောင့် ပြည်သူစစ်တပ်ဖွဲ့ သည် ရွာသားများကို အဖွဲ့ဝင်သစ်များအဖြစ် စစ်မှုထမ်းခိုင်းစေရန် ကြိုးစားခဲ့သည်။

အ---ကျေးရွာတွင် ရွာသားများကို စစ်မှုထမ်းခိုင်းစေသည့်လုပ်ရပ်များကို ရပ်တန့်စေရန်အတွက် ၂၀၂၃ခုနှစ်အတွင်း (အချိန်အတိအကျမသိရှိ) ဒေသခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းမှူးတစ်ဦးသည် (အမည်မသိရှိရ) အ---ကျေးရွာသို့ သတိပေးစာတစ်စောင်ပေးပို့ခဲ့သည်။ ထိုသတိပေးစာတွင် ရွာသားများအား လက်နက် များတပ်ဆင်ပေးခြင်းမပြုလုပ်ရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့အား ညွှန်ကြားခဲ့သည်။ ထိုသတိပေးစာကို လက်ခံရရှိပြီး နောက် ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်စောနိုးကလေးသည် ၎င်းအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အတူ အ---ကျေးရွာတွင် နေထိုင်နိုင်ရန်အတွက် SAC မှ ခွင့်ပြုပေးရန် တောင်းဆိုခဲ့သည်။ စောနိုးကလေး၏တောင်းဆို ချက်ကို SAC မှ သဘောတူညီခဲ့ပြီး (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင်) ၎င်း၏တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ကိုင်ဆောင် စေရန် လက်နက် (၇)လက် ပေးခဲ့သည်။ ယခုအချိန်တွင် စောနိုးကလေးသည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်အတူ အ---ကျေးရွာ တွင် နေထိုင်နေပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အ---ကျေးရွာတွင် အခြေစိုက်သည့် SAC တပ်ဖွဲ့သည် အ---ကျေးရွာရှိ ၎င်းတို့တပ်စခန်း ၏ဂိတ်ကို တစ်ပတ်လျှင် ရွာသား (၇)ဦးမှ ကင်းစောင့်ပေးရန်အတွက် ဒေသခံများအား ခိုင်းစေခဲ့သည်။ အဆိုပါ SAC တပ်ဖွဲ့သည် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြ သည်။ ထို့ကြောင့် SAC တပ်ဖွဲ့သည် မိမိကိုယ့်ကိုကာကွယ်သည့်အနေဖြင့် ရွာသားများအား ဂိတ်စောင့်ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

အတင်းအဓမ္မတပ်သားသစ်များစုဆောင်းခံရမည့်အခြေအနေကို ရှောင်ရှားရန်အတွက် အ---ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့သော ရွာသားတစ်ဦးသည် ၎င်း၏ခံစားချက်ကို KHRG အား ယခုလိုပြောပြခဲ့သည်။ “ကျွန်တော်ကတော့ (ပြည် သူ့စစ်ထဲဝင်ရန်) လက်မခံရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ SAC စစ်သားတွေက ရွာထဲမှာလာနေမယ်ဆိုရင် PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) စစ်သားတွေလည်း ရွာထဲကိုလာပြီး SAC စစ်သားတွေကို လာပစ်မှာ ကြောက် ရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ကတော့ သူတို့အနေနဲ့ (ပြည်သူ့စစ်တပ်ဖွဲ့တွင်စစ်မှုထမ်းသောရွာသားများ) လက်နက်တွေကို (ပြည်သူ့စစ်တပ်ဖွဲ့ဆီမှာ) ပြန်အပ်ခိုင်းစေချင်တယ်။ ရွာထဲမှာ အေးအေးချမ်းချမ်းပဲ နေချင်ပါတယ်။ ပြီးတော့ SAC ဆီမှာလည်း စစ်မှုမထမ်းချင်ဘူး။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော်လည်းမပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း (ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်မှုထမ်းသောရွာသားများ) လက်နက်တွေကိုင်ဆောင်ထားတယ်လေ။ သူတို့တွေ ပြည်သူ့စစ်တပ်ဖွဲ့ကနေထွက်သွားလို့ရှိရင် အခြေအနေပိုကောင်းလာမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒီပြည်သူ့ စစ်နဲ့ SAC တွေကလည်း ကျွန်တော်တို့ရွာသားတွေကို (စကားဖြင့်) ခြိမ်းခြောက်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရွာသားတွေလည်း (ပြည်သူ့စစ်တပ်ဖွဲ့ထဲတွင်) စစ်မှုမထမ်းချင်ဘူးဆိုတော့ ရွာထဲမှာ မနေရဲတော့ဘူး။

၂၀၂၄ခုနှစ်၊ မတ်လမှစ၍ SAC သည် အ---ကျေးရွာသို့ တပ်အင်အားများပို၍ ပို့ဆောင်ခဲ့ပြီး ကျေးရွာတွင် ယာယီစခန်းချ ၍ နေထိုင်ခဲ့သည်။ ထို့ကြောင့် ရွာမှ ထွက်ပြေးတိမ်းရသည့်ရွာသားများသည် ၎င်းတို့ရွာသို့ မပြန်လာရဲတော့ပေ။ တစ်ချို့ ရွာသားများသည် မြစ်ကမ်းနားတွင် ပုန်းရှောင်နေထိုင်ကြသည်။ တစ်ချို့လည်း မိမိလယ်ယာထဲရှိတဲအိမ်များတွင် ပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်။ တစ်ချို့လည်း ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ သည်။ SAC မှ ကျေးရွာသို့ တပ်အင်အားများ ပို့ဆောင်မှုမလုပ်မှီအချိန်တွင် အတင်းအဓမ္မတပ်သားသစ်များ စုဆောင်းမှု လုပ်ဆောင်နေသည့်အတွက် ရွာသားအများစုသည် ကျေးရွာမှထွက်ပြေးတိမ်းရှောင်နေကြပြီးဖြစ်သည်။ သို့သော်လည်း ယခင်စောစောက ကျေးရွာအနီးနားတွင်သာ ပြေးပုန်းရှောင်နေရသည့်ရွာသားများသည် နေ့အချိန်တွင် ရွာသို့ပြန်လာပြီး ညအချိန်တွင် ပြန်လည်ပုန်းရှောင်နေရသည့်အခြေအနေတွင်လည်းရှိသည်။   

Fri, 05 Apr 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်