Tue, 26 Mar 2024
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC မှ အဓမ္မစစ်သားစုဆောင်းခြင်း၊ မတရားငွေကောက်ခံခြင်းနှင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရခြင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထား သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြည်ထဲရေးဝန်ကြီးဌာနမှ အာဏာပိုင် များသည် ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုနှင့် အခြားကျေးရွာအုပ်စုများရှိ ကျေးရွာအလိုက် SAC ခန့်အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီးများကိုခေါ်ယူတွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီးများအနေဖြင့် ၎င်းတို့ကျေးရွာမှ ရွာသားများကို တပ်မတော်အတွက် တပ်သားသစ်များ စုဆောင်းပေးရန် အမိန့်ပေးညွှန်ကြားခဲ့သည်။ တပ်သားအဖြစ်မလုပ်ဆောင်ရ သည့်ရွာသားများသည်လည်း ငွေကြေးပေးဆောင်ရမည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ကြောင့် ရွာသားများကို မဲနှိုက်စနစ်ဖြင့်ကျင့်သုံး၍ အဓမ္မစစ်သားစုဆောင်းခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒေးလိုမူနူကျေးရွာအုပ်စုရှိ က---ကျေးရွာမှ အနည်းဆုံး ရွာသား (၆)ဦးသည် စစ်သားအဖြစ် အဓမ္မစစ်မှုထမ်းခိုင်းစေခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း က---ကျေးရွာမှ နောက်ထပ်ရွာသား (၄၀)ဦးသည် စစ်သားအဖြစ် အဓမ္မစစ်မှုထမ်းခိုင်းစေခံခဲ့ရပြန် သည်။ ဒေသခံရွာသားများသည် SAC မှ ၎င်းတို့အား အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် သို့မဟုတ် ဖမ်းဆီး၍စစ်သားအဖြစ် ခိုင်းစေမည်ကို ကြောက်ရွံ့ကြသောကြောင့် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ [1]

 

 

SAC မှ ရွာသားများအပေါ် အဓမ္မစစ်သားစုဆောင်းခြင်းနှင့် မတရားငွေကောက်ခံခြင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် SAC ပြည်ထဲရေးဝန်ကြီးဌာနမှ အာဏာပိုင်များသည် ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေး ရွာအုပ်စုနှင့် အခြားကျေးရွာအုပ်စုများရှိ ကျေးရွာအလိုက် SAC ခန့်အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ လူကြီးများကို ခေါ်ယူတွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ SAC အာဏာပိုင်များသည် တောင်ငူမြို့မှ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အာဏာပိုင်များဖြစ်သည်။ အစည်းအဝေးကို တောင်ငူမြို့ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် SAC အာဏာပိုင်များသည် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကျေးရွာလူကြီးများအနေဖြင့် ၎င်းတို့ကျေးရွာမှ ရွာသားများကို တပ်မတော်အတွက် တပ်သားသစ်များ စုဆောင်းပေးရန် အမိန့်ပေးညွှန်ကြားခဲ့သည်။ SAC စစ်သားများသည် တစ်ချို့ကျေးရွာများသို့ ကိုယ်တိုင်သွား၍  ရွာသား များကို တပ်သားသစ်များစုဆောင်းပေးရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အမိန့်ပေးညွှန်ကြားခဲ့သည့်အခြေ အနေလည်းရှိခဲ့သည်။ (ထိုကျေးရွာများသည် ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စု၊ က---ကျေးရွာ၊ ဘ---ကျေးရွာ နှင့်စ---ကျေးရွာများဖြစ်သည်။) ရွာတစ်ရွာလျှင် အိမ်ခြေ (၁၀၀)ရှိပါက တပ်သားသစ်များ စုစုပေါင်း (၁၀)ဦး စုဆောင်း သွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အိမ်ခြေ (၁၀)ဆိုလျှင် တပ်သားသစ်တစ်ဦးဆွဲခန့်ယူမည်ဖြစ်သည်။ စစ်မှုမထမ်းရ သည့်ကျန်ရှိသော အိမ်ခြေ (၉၀) ကို တစ်အိမ်ထောင်လျှင် (၅) သောင်းကျပ် ကောက်ခံသွားမည်ဖြစ်သည်။

တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စု၊ ဒ---ကျေးရွာတွင် အိမ်ခြေ (၃၀၀) ခန့်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် SAC အာဏာပိုင်များသည် ဒ---ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ မောင်န---အနေဖြင့် ၎င်း၏ရွာရှိ အိမ်ခြေ အလုံး (၃၀၀)မှ ရွာသားများ စုစုပေါင်း (၃၀)ဦးကို SAC စစ်သားအဖြစ်စုဆောင်းပေးရန် ၎င်းအား အမိန့်ပေးခဲ့သည်။ ကျန်ရှိသည့်အိမ်ခြေ (၂၇၀)သည် တစ်အိမ်ထောင်လျှင် ငွေကျပ် (၅၀၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။

တောင်ငူမြို့တွင်ပြုလုပ်သည့်အစည်းအဝေးတွင် တက်ရောက်ခဲ့သော ဒ---ကျေးရွာအုပ်ချုပ်ရေးမှူး မောင်န---သည် SAC မှ ယခုလိုတပ်သားသစ်များစုဆောင်းပေးခြင်း၊ ငွေကြေးကောက်ခံခြင်းကို တာဝန်မယူနိုင်ပါဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ SAC အာဏာပိုင်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မောင်န---သည် SAC အနေဖြင့် ကိုယ့်ဘာသာ၊ ကိုယ့်နည်းလမ်းများသုံးပြီး တပ်သားသစ်များစုဆောင်း၍ ငွေကြေးကောက်ခံသွားပါဟု SAC အာဏာပိုင်များအား ပြောပြခဲ့သည်။ ထိုအစည်းအဝေးပြီးနောက် မောင်န---သည် ရွာသို့ပြန်လာခဲ့ပြီး ရွာသူ၊ရွာသားများအား ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့သည်။ ထို့နောက် ကျေးရွားအုပ်ချုပ်ရေးမှူး မောင်န---သည် SAC မှ ရွာတွင် တပ်သားသစ်များ စုဆောင်းပေးရန်နှင့် ငွေကြေးကောက်ခံပေးရန်အတွက် ၎င်းအား အမိန့်ပေးခိုင်းစေခဲ့ပြီး ၎င်းအနေဖြင့် ဤကိစ္စရပ်မျိုးကို မလုပ်နိုင်ကြောင်း ရွာသားများအား ရှင်းပြခဲ့သည်။ ထိုအစည်းအဝေးတွင် မောင်န---မှ SAC အာဏာပိုင်များကို ပြန်ပြော ခဲ့သည့်အရာများကို ရွာသားများအား ယခုလိုပြန်လည်ပြောပြခဲ့သည်။ “အကယ်၍ ခင်ဗျားတို့က (SAC) ရွာသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းမယ် သို့မဟုတ် ငွေကြေးကောက်ခံမယ်ဆိုရင် ခင်ဗျားတို့ကိုယ်တိုင်ပဲလုပ်ပါ။” ထို့ကြောင့် ကျေးရွာထဲတွင်ဖြစ်စေ၊ ခရီးသွားလာသည်ဖြစ်စေ သတိထားနေထိုင်ကြပါဟု ကျေးရွာအုပ်ချုပ်ရေးမှူး မောင်န---မှ ရွာသားများအား သတိပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် SAC မှ ယခုလိုအမိန့်ချမှတ်ခဲ့ခြင်းကြောင့် ဒ---ကျေးရွာမှ အရွယ်ရောက်သော ရွာသား များသည် SAC မှ ၎င်းတို့အား ဖမ်းဆီးပြီး စစ်သားအဖြစ်အဓမ္မခိုင်းစေမည်ကို အလွန်စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ အရွယ် မရောက်သေးသောကလေးသူငယ်များကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲသည့်အနေဖြင့် စစ်တပ်ထဲဝင်လာစေ ရန် အရွယ်ရောက်သောသူများနှင့် အလှဲအလှယ်ပြုမှာကိုလည်း ကလေးသူငယ်မိဘများကအလွန်ပင်ကြောက်ရွံ့ ပူပန်ခဲ့သည်။

ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဒ---ကျေးရွာနှင့်အိမ်နီးချင်းရွာများဖြစ်ကြသော က---ကျေးရွာ၊ ဘ---ကျေးရွာ၊ စ---ကျေးရွာ နှင့် ဖ---ကျေးရွာများတွင် SAC အုပ်ချုပ်ရေးအခိုင်အမာရှိသည်။ ထို့ကြောင့် အိမ်ခြေ (၁၀၀)ရှိလျှင် လူ (၁၀၀)ဦးမှာ စစ်မှုထမ်းဝင်ရန် မဲနှိုက်စနစ်ဖြင့် မလွဲမသွေမဲနှိုက်ရမည်ဖြစ်သည်။ လူ (၁၀၀)ဦးတွင် စစ်မှုထမ်းဝင်ရန် ပေါက်မဲ (၁၀) မဲထည့်သွင်းထားပြီး ဗလာမဲ (၉၀)မဲပါရှိပါသည်။ ပေါက်မဲနှိုက်မိသည့်လူ (၁၀)ဦးသည် တပ်သားသစ်စုဆောင်းခံရပါ မည်။ ကျန်ရှိသောဗလာမဲ (၉၀)တွင် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့တွင် SAC သည် ဒေးလိုမူနူကျေးရွာအုပ်စု၊ က---ကျေးရွာ၊ ဘ---ကျေးရွာ၊ စ--- ကျေး ရွာနှင့် ဖ---ကျေးရွာများရှိ ရွာသားများကို စစ်မှုထမ်းဝင်ရန် မဲနှိုက်စေခိုင်းခဲ့သည်။ ဒေးလိုမူနူကျေးရွာအုပ်စုရှိ ဒေသခံ ရွာသားတစ်ဦး၏ပြောပြချက်အရ က---ကျေးရွာမှ ရွာသား(၆)ဦးသည် ပေါက်မဲနှိုက်မိပြီး တပ်သားသစ်စုဆောင်းခံ ရပါသည်။ ဗလာမဲများကို နှိုက်မိ၍ စစ်မှုမထမ်းရသော ရွာသားများသည် အမိန့်အတိုင်း SAC အား ငွေကြေးပေး ဆောင်ခဲ့ရသည်။ က---ကျေးရွာတွင် အိမ်ခြေ (၄၀၀)ခန့်ရှိသည်။ ဘ---ကျေးရွာတွင် အိမ်ခြေ (၃၀၀)ခန့်ရှိသည်။ စ---ကျေးရွာတွင် အိမ်ခြေ (၄၀၀) သို့မဟုတ် (၅၀၀)ခန့်ရှိသည်။ ဖ---ကျေးရွာတွင် အိမ်ခြေ (၁၀၀)ကျော်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် KHRG မှ လက်ခံရရှိသည့်သတင်းအရ က---ကျေးရွာရှိ နောက်ထပ်ရွာသားများ (၄၀)ဦး သည် ပေါက်မဲနှိုက်မိပြီး တပ်သားသစ်များအဖြစ် စုဆောင်းခံရခဲ့သည်။ ထိုကျေးရွာများရှိ စစ်မှုမထမ်းရသော အခြား အိမ်ထောင်စုများသည် SAC အား ငွေကြေးပေးဆောင်ခဲ့ရသည်။ ထိုကျေးရွာများတွင် အတင်းအဓမ္မစစ်မှုထမ်းစေရန် အတွက် မဲနှိုက်သည့်စနစ်ကို အဓိကဦးဆောင်ခဲ့သူမှာ သိုးသောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇ---ဖြစ်သည်။ ဦးဇ---သည် SAC မှ ခန့်အပ်ထားသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သည်။ စစ်မှုထမ်းဝင်ရန် မဲနှိုက်ရသည့်နေရာကို ကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်လေ့ရှိသည်။ မဲနှိုက်နေစဉ်အတွင်း SAC စစ်သားများသည် ထိုနေရာတွင် သေနတ် များဖြင့် စောင့်ကြည့်နေခဲ့သည်။ ရွာသားများသည် ပေါက်မဲကိုနှိုက်မိပြီးသည်နှင့်တစ်ပြိုင်နက် အနီးနားတွင်ရှိသော SAC စစ်ကားများပေါ်တွင် သွားထိုင်စောင့်နေရသည်။

က---ကျေးရွာ၊ ဘ---ကျေးရွာနှင့် စ---ကျေးရွာများရှိတစ်ချို့သောရွာသားများသည် တပ်သားသစ်များစုဆောင်းခံရန် အတွက် မဲများမနှိုက်ချင်ခဲ့သောကြောင့် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေများလည်းရှိကြောင်း သိရှိခဲ့ရသည်။ ထို့အပြင် ဒေါ်ဖားခိုမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ဟ---ကျေးရွာမှ အသက် (၁၈) နှစ်ကျော်ရှိပြီး ဖြစ်သော အမျိုးသားများအများစုသည် တပ်သားသစ်များအဖြစ် စုဆောင်းခံရန် မဲမနှိုက်လိုသောကြောင့် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ရသည့်ဖြစ်စဉ်မျိုးလည်းရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် SAC မှ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစစ်မှုထမ်းဥပဒေ တွင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အထိရှိသော အမျိုးသားများအားလုံးနှင့် အသက်(၁၈)နှစ်မှ (၂၇)နှစ် အထိရှိသော အမျိုးသမီးများအားလုံးအကျုံးဝင်သည်။ (၂၀၂၄ခုနှစ်၊ ဧပြီလသင်္ကြန်ကာလပြီးနောက်တွင် ထိုစစ်မှုထမ်းဥပဒေကို စတင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။) ဤစစ်မှုထမ်းဥပဒေထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ ဒေးလိုမူ နူကျေးရွာအုပ်စုရှိ ဒေသခံရွာသားများအနေဖြင့် အလွန်တရာစိုးရိမ်မှုများရှိသည်။ အဆိုပါစစ်မှုထမ်းဥပဒေထုတ်ပြန် ကြေညာပြီးနောက်တွင် SAC စစ်သားများသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိအချို့ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ ကြောင်း ဒေသခံရွာသားတစ်ဦးမှ KHRG အားဤသို့တင်ပြခဲ့သည်။ “အကယ်၍မင်းတို့အနေနဲ့ တပ်သားသစ်စုဆောင်းဖို့ အတွက်ရွာသားတွေကို ငါတို့ကိုမပေးရင် ငါတို့က ရွာသားတွေကိုဖမ်းဆီးမယ်။ တကယ်လို့ငါတို့က ရွာသားတွေကို မဖမ်းနိုင်ရင် သူတို့ကိုတွေ့တာနဲ့သေနတ်နဲ့ပစ်မယ်။” SAC အနေဖြင့်တပ်သားသစ်များ စုဆောင်းရန်အတွက် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း နွေရာသီကျောင်းပိတ်ရက်မှစပြီး ရွာသားများကိုစတင် ဖမ်းဆီးတော့မည်ဆို၍ SAC မှ ဒေသခံများ အား အကြောင်းကြားခဲ့ကြောင်း တစ်ချို့ရွာသားများက KHRG အား တင်ပြခဲ့သည်။       

Tue, 26 Mar 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်