Mon, 26 Feb 2024
ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ကော်တရီမြို့နယ်ရှိ ကျေးရွာများအတွင်း SAC မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့ တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကော်သူးလေတပ်မတော် (KTLA) ပူးပေါင်းတပ်ဖွဲ့တို့မှ ကော်တရီမြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးနားတွင် တည်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၂) တပ်စခန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC တပ်ဖွဲ့များ သည် အ---ကျေးရွာအတွင်းနှင့် ရွာသားများ၏စိုက်ပျိုးခြံများအနားတစ်ဝိုက်တွင် လက်နက်ကြီးများတစ်နေကုန် ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ် ခတ်မှုကြောင့် အ---ကျေးရွာမှ ရွာသားများသည် ကြောက်ရွံ့ထိတ်လန့်ကြပြီး စစ်ပြေးရှောင်စခန်း (IDP) ရှိသည့် ဘ---နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့အပြင် SAC မှ အ---ကျေးရွာအတွင်း ယခုလိုလက်နက်ကြီးများ ပစ်ခတ် ခြင်းကြောင့် အခြားနီးစပ်ရာ ကျေးရွာများတွင်နေထိုင်သော ရွာသားများအတွက် အကြောက်တရားများဖြစ်ပေါ်စေ ခဲ့သည်။ [1]

 

 

ကော်တရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် SAC မှ လက်နက်ကြီးများပစ်ခတ်ခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့ မနက် (၇း၂၀) မိနစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းအမှတ် (၂၀၁) နှင့် ကော်သူးလေတပ်မတော် (KTLA) ပူးပေါင်းတပ်ဖွဲ့တို့သည် ဒူးပလာယာခရိုင်၊ ကော်တရီ မြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးနားတွင် တည်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေ လျင်တပ်ရင်း (ခလရ) အမှတ် (၃၂) တပ်စခန်းအား ဒရုန်းဖြင့် ဗုံး (၃)လုံးပစ်ချ၍ တိုက်ခိုက်ခဲ့သည်။ ခလရ (၃၂) ၏ တပ်ရင်းမှူးသည် ကျော်ဇင်ဦးဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် (၁၀း၄၀) မိနစ်တွင် တိုက်ပွဲရပ်တန့်ခဲ့သည်။ တိုက်ပွဲရပ်တန့်ခဲ့သော်လည်း SAC စစ်သားများသည် အ---ကျေးရွာအတွင်းနှင့် ရွာသားများ၏ စိုက်ပျိုးခြံများ အနားတစ်ဝိုက်တွင် လက်နက်ကြီးများ တစ်နေကုန် ပစ်ခတ်ခဲ့သည်။ SAC မှ ပစ်ခတ်လိုက်သည့်လက် နက်ကြီးအမျိုးအစားများမှာ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမနှင့် RPG7 လောင်ချာလက်နက်ကြီးများဖြစ်ကြသည်။ ဤကဲ့သို့ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် တစ်ချို့လက်နက်ကြီးကျည်ဆံများသည် ပြောင်းစိုက်ခင်းများနှင့် ပဲတီစိမ်းစိုက် ခင်းများထဲသို့ ကျရောက်ပေါက်ကွဲသွား၍ ရွာသားများအတွက် အကြောက်တရားများဖြစ်ပေါ်စေသည်။ ယခုလိုအချိန် အခါသည် ကောက်ပဲသီးနှံများ ရိတ်သိမ်းရမည့်အချိန်ဖြစ်သော်လည်း   ရွာသားများအနေဖြင့် ပြောင်းစိုက်ခင်းများနှင့် ပဲတီစိမ်းစိုက်ခင်းများထဲသို့ သွားရောက်လုပ်ကိုင်ရန် ကြောက်ရွံ့မှုများရှိနေသည်။ (လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်တစ်လုံးအပါအဝင် အစရှိသည့်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ သည်။ သို့သော်လည်း ရွာသားတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။)

ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ အ---ကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ရွာတွင် မနေရဲတော့ဘဲ ဘ---နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ (ဘ---နေရာသည် စစ်ပြေးရှောင်စခန်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိ သည်။) လက်နက်ကြီးပစ်ခတ်မှုကြောင့် အခြားနီးစပ်ရာရွာများဖြစ်ကြသော စ---နှင့် ဒ---ကျေးရွာများတွင် နေထိုင်ကြ သည့်ရွာသားများသည်လည်း ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်။ စ---နှင့် ဒ---ကျေးရွာများသည် မောခီးကျေးရွာအုပ်စု တွင် တည်ရှိသည်။ ဤကဲ့သို့အခင်းဖြစ်ပွားပြီးနောက် ဒေသခံရွာသားများသည် ကျေးရွာများနှင့် စိုက်ပျိုးခြံများတွင် သွားလာလုပ်ကိုင်ရာတွင်သော်လည်းကောင်း၊  ကျောင်းသွားတက်ရာတွင်သော်လည်းကောင်း သတိထားနေထိုင်ကြရ သည်။ ဤသို့ကြောက်ရွံ့မှုများဖြင့် နေထိုင်သွားလာရသည့်အတွက်ကြောင့် ရွာသားများအနေဖြင့် စိတ်ဖိစီးမှုများအား ခံစားကြရသည်။

Mon, 26 Feb 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်