Fri, 26 Jan 2024
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - နို့တကောမြို့နယ်တွင် SAC မှ ရွာသားများအား လူသားဒိုင်းအဖြစ် အဓမ္မခိုင်းစေခြင်း (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုး ဖောက်မှုကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့၌ တပ်မ (၄၄)၊ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၄) နှင့် (၃၂)တို့သည် နို့တကောမြို့နယ်တွင် စစ်ကြောင်းထိုးလာခဲ့သည်။ စစ်ကြောင်းထိုးလာသည့်လမ်းတွင် ရွာသား (၃)ဦးအား လူသားဒိုင်းသဖွယ် အသုံးပြုရန် ဖမ်းဆီးခဲ့သည်။ ထိုရွာသား (၃)ဦးအနက် တစ်ဦးမှာ စိတ်ကျန်းမာ ရေးချို့တဲ့သူဖြစ်သည်။ ဖမ်းဆီးခံရသည့်ရွာသားများအနေဖြင့် လူသားဒိုင်းအဖြစ်ခိုင်းစေခံရသည့် (၃)ရက်တာအတွင်း တစ်ဦးစီအတွက် စားစရာ မာမားခေါက်ဆွဲ (၃) ထုပ်သာ ရရှိခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားများအား လူသားဒိုင်းသဖွယ်အသုံးပြုခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခကလိုးကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဆ---

တ---

ရ---

အသက်

၆၀နှစ်

၅၉နှစ်

မသိရှိရ

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်ရှိ

အိမ်ထောင်ရှိ

အိမ်ထောင်မရှိ

အလုပ်အကိုင်

နွားကျောင်း

ခြံလုပ်ငန်း

ခြံလုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

-

-

-

နေရပ် ရွာအမည်

အ---ကျေးရွာ

အ---ကျေးရွာ

အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

တပ်မ (၄၄)၊ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၄)နှင့် (၃၂)

မသိရှိရ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

အစပိုင်းတွင် KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံရွာသားများထံမှ ကြားသိရှိခဲ့ရ သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ကျေးရွာအာဏာပိုင်ကို စုံစမ်းမေးမြန်းပြီးနောက်တွင် ဖမ်းဆီးခြင်းခံရ သည့်ရွာသားတစ်ဦးနှင့်တွေ့ဆုံပြီး အင်တာဗျူးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်များ တိကျမှန်ကန်စေရန်အတွက် KHRG ကွင်းဆင်းလုပ်သားသည် ဖမ်းဆီးခြင်းခံရသည့် ရွာသားတစ်ဦးနှင့်တွေ့ဆုံပြီး အင်တာဗျူးခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်မ (၄၄)၊ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၄) နှင့် (၃၂)တို့သည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင် စစ်ကြောင်းထိုးလာခဲ့သည်။ စစ် ကြောင်းထိုးလာသည့်လမ်းတွင် SAC စစ်သားများသည် တခကလိုးကျေးရွာအုပ်စု၊ အ---ကျေးရွာမှ ရွာသားအချို့အား လူသားဒိုင်းသဖွယ် အသုံးပြုရန် ဖမ်းဆီးခဲ့သည်။ ရွာသားတစ်ဦးဖြစ်သူ ဆ---သည် နွားကျောင်းနေသည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရသည်။ အခြားရွာသားနှစ်ဦးဖြစ်သည့် တ--- နှင့် ရ---သည် ၎င်းတို့ခြံထဲတွင် အလုပ်လုပ်နေစဉ်အတွင်း အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်ရွာသားတစ်ဦးဖြစ်သူ ရ---သည် စကားမပြောတတ်သောသူဖြစ်ပြီး စိတ်ကျန်းမာရေး ချို့တဲ့သူတစ်ဦးလည်းဖြစ်သည်။ SAC စစ်သားများအနေဖြင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့အား ပစ် ခတ်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ရွာသားများကို ဖမ်းဆီးပြီး ၎င်းတို့နှင့်အတူ ခရီးသွားလာခိုင်းစေလေ့ရှိသည်။

 

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခြင်းခံရသည့်ရွာသားဖြစ်သူ ဆ---သည် ယခုလိုရှင်းပြခဲ့သည်။ “ပထမတော့ ကျွန်တော် ထင်တာက ဒီလိုရှိတယ်။ လူတွေက (အ---ကျေးရွာအပြင်ဘက်ရှိ ၎င်း၏စားကျက်မြေထဲတွင်) တစ်စုံတစ်ရာ လုပ်နေတာဖြစ်မယ်။ အဲဒါကြောင့် ကျွန်တော်က အဲဒီကိုတစ်ချက်သွားကြည့်ခဲ့တယ်။ အဲဒီနားကို ကျွန်တော်ရောက် တော့ SAC စစ်သားတွေပဲတွေ့ခဲ့ရတယ်။ စစ်သားတွေက ကျွန်တော့်ဆီကိုလာတယ်။ ကျွန်တော်က နွားကျောင်းသား တစ်ဦးပါလို့သူတို့ကိုပြောခဲ့တယ်။ အဲဒါနဲ့ SAC စစ်သားတစ်ဦးက ပြန်ပြောတယ်။ ‘မင်းငါတို့နောက်ကို ခဏလိုက်ခဲ့ ရမယ်။’ ပြီးတော့ ဟိုနား၊ ဒီနားမှာ မြက်စားနေတဲ့ကျွန်တော့်နွားတွေကို ကြိုးနဲ့ချည်လိုက်တယ်။ ကျွန်တော့်နွားတွေကို (စားကျက်မြေထဲမှာ တစ်နေရာထဲ နွားအားလုံး မြက်စား၍ရအောင်) တစ်ချက်သွားကျောင်းမယ်လို့ စစ်သားတွေကို ကျွန်တော်ပြန်ပြောခဲ့တယ်။ ဒါပေမဲ့သူတို့က ကျွန်တော်နွားတစ်ချက်သွားကျောင်းမှာကို ခွင့်မပြုခဲ့ဘူး။ ပြီးတော့ ဒီလမ်း ကဘယ်ရွာကို ရောက်မလဲဆိုပြီး SAC စစ်သားတွေက ကျွန်တော့်ကိုမေးတယ်။ အဲဒါနဲ့ ဒီလမ်းက ဘယ်ရွာကိုမှ မရောက်ဘူးဆိုပြီး ကျွန်တော်သူတို့ကို ပြန်ပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းက နွားကျောင်းဖို့အတွက် အသုံးပြုတဲ့လမ်းပဲဖြစ်တယ်လေ။ SAC စစ်သားတွေက သူတို့နောက်ကို လိုက်ခိုင်းပြီး လမ်းပြပေးရမယ်လို့ ကျွန်တော့်ကို ခိုင်းခဲ့တယ်။”

 

အဖမ်းခံရသည့်ရွာသားတစ်ဦးမှာ SAC စစ်သားများအတွက် ပိဿာချိန် (၅)ပိဿာလောက်ရှိသည့် ကျောပိုးအိတ် တစ်လုံးကို သယ်ဆောင်ခဲ့ရသည်။ အဖမ်းခံရသည့်ရွာသားများအနေဖြင့် (၃)ရက်တာအတွင်း တစ်ဦးစီအတွက် စား စရာ မာမားခေါက်ဆွဲ (၃) ထုပ်သာ ရရှိခဲ့သည်။ SAC စစ်သားများသည် စောဆ---ကို ထမင်းတစ်ထုပ်ပေးကျွေးခဲ့သည်။ သို့သော်လည်း စောဆ---အနေဖြင့် ထိုထမင်းထုပ်ကို မစားရဲခဲ့ပါ။ အကြောင်းမှာ ထိုထမင်းထုပ်သည် မူးယစ်ဆေးဝါး ကဲ့သို့ အနံ့တစ်မျိုးရှိသောကြောင့် မစားရဲခဲ့ခြင်းဖြစ်သည်။

 

အဖမ်းခံရသည့်ရွာသားများသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ SAC စစ်သားများသည် အဆိုပါရွာသားများအား ကျေးဇူးတင်သည့်အနေဖြင့် ငွေကျပ် (၁၀၀၀၀) ပေးခဲ့သည်။ SAC စစ်သားများအနေဖြင့် ပိုက်ဆံပေးသော်လည်း လမ်းခရီးတစ်လျှောက်တွင်  ၎င်းတို့အရှေ့၌ ရွာသားများအား လူသား ဒိုင်းသဖွယ် သွားလာခိုင်းသည့်လုပ်ရပ်သည် မလုပ်သင့်သည့်လုပ်ရပ်ဖြစ်သည်ဟု စောဆ---မှ KHRG အား ရှင်းပြခဲ့သည်။ ယခုလက်ရှိတွင် စောဆ---သည် ရွာအပြင်ဘက်ရှိ အနည်းငယ်အလှမ်းဝေးသည့်နေရာတွင် ၎င်း၏နွားများကို သွားမ ကျောင်းရဲတော့ပေ။  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

KHRG ကွင်းဆင်းလုပ်သားမှ အင်တာဗျူးခဲ့သော အဖမ်းခံရသည့်ရွာသားတစ်ဦးသည် ဤသတင်းအကြောင်းအရာ များကို အသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးခဲ့ပါသည်။

Fri, 26 Jan 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်