Wed, 06 Dec 2023
ဘိတ်ထားဝယ်ခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - လယ်ကဆောမြို့နယ် တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၊ လူနေအိမ်မီးရှို့ဖျက်ဆီးမှု၊ အရပ်သားများအား ပေါ်တာအဖြစ် အဓမ္မခိုင်းစေမှုနှင့် လူသားဒိုင်းအဖြစ်အသုံးပြုမှု (၂၀၂၃ခုနှစ်၊ ဇူလှိုင်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၉ရက်နေ့၌ လယ်ကဆော မြို့နယ်၊ တောင်ငါးတန်ကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ် ရင်း (ခမရ) အမှတ် (၅၅၉)နှင့် (၅၆၀) နှင့် ကော်သူးလေတပ်မတော် (KTLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များတို့ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်တွင် SAC သည် (၃)နှစ်သားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရွာသား (၁၀)ဦးကျော်ကို ပေါ်တာနှင့်လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်။ တိုက်ပွဲဖြစ်ပွား ပြီးနောက် SAC တပ်ဖွဲ့များသည် လက်တုန့်ပြန်သည့်အနေဖြင့် ဒေသခံရွာသားတစ်ဦး၏အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၃၀ရက်နေ့၌ အခြားဖြစ်စဉ်တစ်ခုတွင် PDF စစ်သားများသည် အ---ကျေးရွာမှ ရွာသားတစ်ဦးကို SAC ထောက်လှမ်းရေးဟု စွပ်စွဲပြီး ၎င်းအား သတ်ဖြတ်ခဲ့သည်။ [1]

 

တိုက်ပွဲ၊ လူနေအိမ်မီးရှို့ခြင်း၊ အရပ်သားများအား ပေါ်တာအဖြစ် အဓမ္မခိုင်းစေခြင်းနှင့် လူသားဒိုင်းအဖြစ်အသုံးပြုခြင်း

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၉ရက်နေ့ မနက်ပိုင်းတွင် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ တောင်ငါးတန်ကျေးရွာ အုပ်စု၊ လေညာကျေးရွာရှိ တပ်စခန်းတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၉)နှင့် (၅၆၀)တို့သည် တောင်ငါးတန်ကျေးရွာအုပ်စုရှိ အ---ကျေးရွာသို့ စစ်ကြောင်းထိုးလာရောက် ခဲ့သည်။ မနက် (၈)နာရီဝန်းကျင်တွင် အ---ကျေးရွာသို့ချီတက်လာသည့်လမ်းတွင် SAC စစ်သားများသည် အ---ကျေးရွာ တွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ ဒ---ကို ဖမ်းဆီးခဲ့သည်။ ဒ---၏ပြောပြချက်အရ SAC စစ်သားများသည် သူ့အား ဖမ်းဆီးပြီး ၎င်းတို့၏လက်နက်ခဲယမ်းများကို သယ်ဆောင်ခိုင်းစေခဲ့သည်။ ဒ---မှ SAC စစ်သားများကို ဤသို့ပြန်လည် ပြောခဲ့သည်။ “ကျွန်တော်ခါးနာနေတယ်။ ဒီလက်နက်ကျည်ဆံတွေကို မသယ်နိုင်ဘူး။” ထို့နောက် SAC စစ်သားတစ်ဦး ဖြစ်သူ ကိုဆန်းနိုင်မှ ထိုရွာသားအား ဤသို့ပြန်လည်ပြောကြားခဲ့သည်။ “မင်းအပိုတွေပြောမနေနဲ့။ ငါတို့မင်းကိုခိုင်းတဲ့ အတိုင်း ကျည်ဆံတွေကို ထမ်းပေးရမယ်။” SAC စစ်သားများသည် ၎င်းတို့၏လက်နက်ကျည်ဆံများကို သယ်ဆောင် ပေးရန်အတွက် ဒ---အား အဓမ္မခိုင်းစေခဲ့သည်။

ထို့အပြင် SAC စစ်သားများသည် အ---ကျေးရွာသို့တက်လာသောလမ်းတစ်လျှောက်တွင် ၎င်းတို့တွေ့ရှိသည့် မည်သူ့ကို မဆို ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုသူတို့အား ပေါ်တာနှင့်လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်။ SAC စစ်သားများသည် ရွာသား (၁၀)ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းများ သယ်ဆောင်ခိုင်းစေခဲ့သည်ဟု ဒ---မှ KHRG အား တင်ပြခဲ့သည်။ ထိုမျှမက SAC စစ်သားများသည် ဖမ်းဆီးလာသည့်ရွာသားများကို ၎င်းတို့၏အရှေ့တွင် သွားလာစေခိုင်းခဲ့သည်။ (အကယ်၍ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့လျှင် မိမိကိုယ်ကိုကာကွယ်ရန်အတွက် ရွာသားများအား ၎င်းတို့အရှေ့တွင် လမ်းလျှောက်စေခိုင်းခြင်းဖြစ်သည်။) ဖမ်းဆီးခံရသည့်ရွာသားများကြားတွင် အမျိုးသမီးတစ်ဦးနှင့် သူမ၏ကလေးတစ်ဦး လည်းပါဝင်သည်။ သူမ၏ကလေးသည် အသက် (၃)နှစ်သာရှိသေးသည်။ SAC သည် ထိုအမျိုးသမီးနှင့်သုံးနှစ်သား အရွယ်ကလေးတစ်ဦးကိုလည်း ၎င်းတို့နောက်သို့ လိုက်စေခိုင်းပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်။

မနက် (၉)နာရီခန့်တွင် SAC စစ်သားများသည် တောင်ငါးတန်ကျေးရွာအုပ်စု၊ အ---ကျေးရွာအနီး ဘ--- (နေရာ)တွင်ရှိ သည့် ရော်ဘာခြံသို့ ရောက်ရှိလာသည့်အချိန်တွင် ကော်သူးလေတပ်မတော် (KTLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်သားများအား ပက်ပင်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုရော်ဘာခြံ၏ပိုင်ရှင်သည် ရွာသားတစ်ဦးဖြစ်သူ စ---ဖြစ်ပြီး ၎င်း၏အိမ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ SAC စစ်သားများကြားတွင် ရွာသားများလိုက်ပါလာသည့် အခြေအ နေကို KTLA နှင့် PDF စစ်သားများမှ သိရှိသွားခဲ့ပြီးနောက် ၎င်းတို့သည် ပစ်ခတ်တိုက်ခိုက်မှုကို ရပ်တန့်ပြီး ထိုနေရာမှ ဆုတ်ခွာလာခဲ့သည်။ တိုက်ပွဲအတွင်းတွင် SAC စစ်သားများသည် ဖမ်းဆီးထားသည့်ရွာသားများကို မြေပြင်တွင် ဝပ်တွား ခိုင်းစေခဲ့သည်။ သို့သော်လည်း SAC သည် ရွာသားများအနေဖြင့် သယ်ဆောင်လာသည့်လက်နက်ခဲယမ်းများကို အောက်သို့ချထားခွင့်မပေးခဲ့ပေ။ ဤတိုက်ပွဲတွင် ရွာသားများနှင့် SAC စစ်သားများသော်လည်းကောင်း၊ KTLA နှင့် PDF စစ်သားများသော်လည်းကောင်း ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ မရှိခဲ့ပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားတစ်ဦးသည် ရွာသားများကို ဤသို့ပြောကြားခဲ့သည်။ “မင်းတို့လုပ်တာတာဝန်ကျေတယ်။” ထို့နောက် ဖမ်းဆီးခေါ် ဆောင်ထားသည့်ရွာသားများအားလုံး ကို ပြန်လွှတ်ပေးခဲ့သည်။ ပြန်လွှတ်လာပြီးနောက် ရွာသားများသည် ၎င်းတို့ရွာသို့ နှစ်နာရီကြာ အိမ်ပြန်လမ်းလျှောက်ခဲ့ရသည်။ ဤအခြေအနေနှင့်ပတ်သက်၍ ဒ---မှ ယခုလိုရှင်းပြခဲ့သည်။ “အကယ်၍ သူတို့ဖက်က (SAC) စစ်သားတစ်ယောက်က သေဆုံးသွားခဲ့မယ် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် ကျွန်တော်တို့ တွေကို သူတို့ပြန်လွှတ်ပေးမှာ မဟုတ်သေးဘူး။” ဒ---နှင့်ဖမ်းဆီးခံရသည့်အခြားရွာသားများသည် လွတ်မြောက်လာ ပြီးနောက် ၎င်းတို့အနေဖြင့် စိုးရိမ်ကြောက်ရွံ့နေရဆဲရှိနေသည်ဟု ဒ---မှ KHRG သတင်းစုဆောင်း သူတစ်ဦးအား တင်ပြခဲ့သည်။ အဆိုပါရွာသားများသည် နောက်တဖန် အဖမ်းဆီးခံရပြီး အသတ်ခံရမည်ကို စိုးရိမ် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ ခမရ (၅၅၉)နှင့် (၅၆၀)တို့ကို တာဝန်ယူဦးဆောင်ရသည့်သူသည် ဗိုလ်မှူးမင်းမင်း ထွန်းဖြစ်သည်။

SAC မှ ရွာသားများအား ပြန်လွှတ်ပေးပြီးနောက် သိပ်မကြာမီ မနက် (၉)နာရီခွဲခန့်တွင် ဘ---နေရာအနီးတွင် SAC နှင့် KTLA- PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တဖန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ် (၃၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွား ပြီးနောက် KTLA နှင့် PDF တပ်ဖွဲ့များသည် ထိုနေရာမှ ပြန်လည်ဆုတ်ခွာခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရော်ဘာခြံပိုင်ရှင်ဖြစ်သူ စ---သည် တစ်နေရာတွင် ပုန်းအောင်းနေခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားများသည် ပြန်လည်တုန့် ပြန်သည့်အနေဖြင့် စ---၏အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အကြောင်းမှာ စ---အနေဖြင့် KTLA နှင့် PDF စစ်သားများအား ကူညီပေးခဲ့သည်ဟု SAC မှ ၎င်းအား စွပ်စွဲပြီး အိမ်ကိုမီးရှို့ခဲ့ကြောင်း စ---မှ KHRG သတင်းစုဆောင်းသူအား ရှင်းပြခဲ့ သည်။ ခန့်မှန်းချေအရ မီးရှို့ဖျက်ဆီးခံရသည့်အိမ်တစ်လုံး၏ကာလတန်ဖိုးမှာ ကျပ်သိန်း (၃၀၀)ရှိသည်။   

ရွာသားအား လက်စဖျောက်၍ သတ်ဖြတ်ခြင်း

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၃၀ရက်နေ့ မွန်းလွဲ (၁)နာရီဝန်းကျင်တွင် PDF စစ်သားများသည် ဘိတ်ထားဝယ်ခရိုင်၊ လယ်က ဆောမြို့နယ်၊ အ---ကျေးရွာရှိ ဘ---နေရာသို့ ဝင်ရောက်လာခဲ့သည်။ PDF တပ်ရင်း (၁)မှအဖွဲ့ဝင်ငါးဦးသည် ဦးဖ---ကို လိမ်လည်၍ ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ PDF အဖွဲ့ဝင်ငါးဦးသည် (အရပ်သားအဝတ်အစားဖြင့်ဝတ်ဆင်၍) ဦးဖ---အိမ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ထဲမှ PDF အဖွဲ့ဝင်တစ်ဦးက ဦးဖ---ကို အကူအညီလှမ်းတောင်း၍ ဤသို့ပြော ခဲ့သည်။ “ဦးလေးခင်ဗျ… ဦးဂ---အိမ်ဘယ်မှာရှိလဲ ပြောပြပေးလို့ရမလား။ သူ့အိမ်ကိုဘယ်လိုသွားရမလဲ ကျွန်တော် တို့ကို လမ်းပြပေးလို့ရမလား။” ထို့နောက် ဦးဖ---သည် ဦးဂ---အိမ်ကို လမ်းပြပေးရန်အတွက် ၎င်းတို့နောက်သို့လိုက်ပါ သွားခဲ့သည်။ အဆိုပါ PDF အဖွဲ့ဝင်များသည် ဦးဖ---အိမ်ရောက်ရှိနေချိန်တွင် ဦးဖ---၏ဇနီးလည်း အိမ်တွင်ရှိနေပါသည်။

ဦးဖ---သည် PDF အဖွဲ့ဝင်များနောက်သို့ လိုက်ပါသွားပြီး ခဏအကြာတွင်  ဦးဖ---၏ဇနီးဖြစ်သူမှ အကယ်၍ ထိုလူငါးဦး သည် ဤဒေသတစ်ဝိုက်ရှိဒေသခံများဖြစ်ပါက ဦးဂ---၏အိမ်ဘယ်မှာရှိသည်ကို သိရှိလိမ့်မည်ဖြစ်ကြောင်း စဉ်းစားမိခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ထိုနယ်မြေရှိဒေသခံများအားလုံးသည် ဦးဂ---၏အိမ်ကို သိရှိနေကြခြင်းဖြစ်သည်။ ထို့နောက် ဦးဖ---၏ဇနီးသည် သေနတ်ပစ်ခတ်သံကို ကြားခဲ့သည်။

အစပိုင်းတွင် ဦးဖ---အသတ်ခံရသည်ဟု ဦးဖ---၏ဇနီးနှင့်အခြားရွာသားများက မယုံကြည်ခဲ့ပေ။ KTLA မှ ဦးဖ---အား ပြန်ပေးဆွဲခဲ့သည်ဟု ဦးဖ---၏ဇနီးဖြစ်သူက ထင်မြင်ခဲ့ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ သူမ၏အမျိုးသားကို ခေါ်ဆောင်သွားခဲ့ကြောင်း စဉ်းစားနေခဲ့သည်။ ထို့ကြောင့် သူမသည် KTLA အရာရှိတစ်ဦးကို ဖုန်းဖြင့်ဆက်သွယ်၍ သူမ၏အမျိုးသားကို မည်သူက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မေးမြန်းခဲ့သည်။ KTLA အရာရှိအား မေးမြန်းစုံစမ်းပြီး နောက် KTLA မှ သူမ၏အမျိုးသားကို ဘာမှမလုပ်ခဲ့ကြောင်း သူမအနေဖြင့် နားလည်သိရှိသွားခဲ့သည်။ KTLA မှ သူမ၏အမျိုးသားကို ဘာမှမလုပ်ခဲ့ကြောင်း နားလည်သိရှိပြီးနောက် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၃၀ရက်နေ့တွင် သူမသည် သူမ၏အမျိုးသားကို စတင်၍လိုက်လံရှာဖွေခဲ့သည်။ နောက်တစ်နေ့တွင် KTLA အဖွဲ့ဝင်များက သူမ၏အမျိုးသားကို ကူရှာပေးခဲ့သည်။ ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့တွင် ရွာသားများသည် အ---ကျေးရွာအနီးရှိ ရေချောင်းဘေးနားတွင် သေဆုံးနေသော ဦးဖ---၏အလောင်းကို တွေ့ရှိသွားခဲ့သည်။ ဦးဖ---သည် သေနတ်ဖြင့်အပစ်ခံရ၍သေဆုံးခဲ့ကြောင်း ရွာသားများမှ ကောက်ချက်ချခဲ့သည်။ အကြောင်းမှာ ဦးဖ---၏ခေါင်းတွင် သေနတ်ကျည်ဆံအပေါက်တစ်ပေါက်ကို ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်တရားအား ရှာဖွေဖော်ထုတ်ရန်နှင့် တရားမျှတမှုရရှိရန်အတွက် မည်သူတစ်ဦးတစ် ယောက်မှ ပြောဆို၍မရဲဘဲရှိနေသည်။ မိမိလုံခြုံရေးအတွက် တစ်စုံတစ်ခုဖြစ်မှာစိုး၍ မည်သူမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ဦးဖ---၏ဇနီးအနေဖြင့် သူမ၏အမျိုးသားအသတ်ခံရသည့်အကြောင်းရင်းမှာ ဦးဖ---၏အကိုဖြစ်သူသည် SAC ထောက်လှမ်းရေးတစ်ဦးဖြစ်ရသည်ဟု ထင်မြင်ခဲ့သည်။ ထို့ကြောင့် PDF မှ ဦးဖ---ကို သူ၏အကိုဖြစ်သည်ဟုထင်ပြီး မှားယွင်းစွာ သတ်ဖြတ်ခဲ့ကြောင်း ဦးဖ---၏ဇနီးမှ ထင်မြင်ယူဆခဲ့သည်။ သူမအနေဖြင့် အသတ်ခံရသည့်အမျိုးသား အတွက် တရားမျှတမှုရရှိလိုကြောင်း တင်ပြခဲ့သည်။    

Wed, 06 Dec 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လနှင့် သြဂုတ်လအတွင်း ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်