Wed, 30 Aug 2023
အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မပျေက်ဆုံးမှုဒဏ်ခံရသူများနေ့

  

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မပျောက်ဆုံးမှုဒဏ်ခံရသူများနေ့တွင် အတင်းအဓမ္မပျောက်ကွယ်ခဲ့ရသူများအတွက် တရားမျှတမှုရရှိရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ၎င်းတို့နှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်ပြီး ဤဆိုးရွားသောရာဇဝတ်မှုအား ကျူးလွန်ခြင်းကိုပြင်းထန်စွာရှုပ်ချပါသည်။ အတင်းအဓမ္မပျောက်ဆုံးမှုများဖြစ်ပွားရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည့် အာဏာအလွဲသုံးစားပြုမှုများကြောင့်ဖြစ်ပြီး ဤဖြစ်ရပ်များသည် နိုင်ငံတကာဥပဒေများနှင့်ဆန့်ကျင်သော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင်ဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်။ KHRG အနေဖြင့် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးနှင့် ဂုဏ်သိက္ခာကိုထိပါးစေသည့်မည်သည့်လုပ်ရပ်ကိုမဆို ရှုတ်ချပါသည်။ ထို့ကြောင့် ဤကဲ့သို့ကြီးလေးသော  ရာဇဝတ်မှုများကို လျှော့ချရပ်တန့်နိုင်စေရန်အတွက် ခိုင်မာစွာဖြင့်ရပ်တည်ပြီး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ပြစ်မှုကျူးလွန်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် အတင်းအဓမ္မပျောက်ဆုံးစေမှုဖြစ်ရပ်များသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းကဖြစ်ပွားလျက်ရှိနေပါသည်။ ဤဖြစ်ရပ်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တဟုန်ထိုးများပြားလာပါသည်။ ကျူးလွန်သူများ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများခံရမည်ကို ကြောက်ရွံ့နေရခြင်းအပြင် မိသားစုဝင်များမှ ကျူးလွန်ခံရသူသည် မည်သည့်နေရာတွင်ရှိနေသည်ကိုမသိရှိခြင်း သို့မဟုတ် မိသားစုဝင်များအတွက် ပံ့ပိုးကူညီမှုများမရှိခြင်းကြောင့် ဤကျူးလွန်မှုများကို အစီရင်ခံတင်ပြလေ့မရှိကြပါ။ KHRG အနေဖြင့် ကရင်ပြည်နယ်အတွင်း အတင်းအဓမ္မပျောက်ဆုံးမှုဒဏ်ခံရသူ ပျောက်ဆုံးသူများ၏ မိသားစုဝင်များပိုမိုများပြားလာသည်ကိုတွေ့ရှိပြီးနောက်ပိုင်း အဓမ္မပျောက်ဆုံးမှုဖြစ်စဉ် ဆိုးရွားများပြားလာကြောင်းကိုစတင်နားလည်လာပါသည်။ KHRG မှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အရပ်သား ၇၂ ဦးအထက် အဓမ္မပျောက်ဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်သည့် အစီရင်စာများကိုလက်ခံရရှိခဲ့ပါသည်။ ရရှိသည့်အစီရင်ခံစာများအရ အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဒေသခံရွာသားများဖမ်းဆီးခံရခြင်း၊ စစ်တပ်စခန်းသို့ခေါ်ဆောင်ခံရခြင်းနှင့် ထောင်သို့ပို့‌ဆောင်ခံရခြင်းဖြစ်စဥ်များကြောင့် ပျောက်ဆုံးရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မိသားစုဝင်များအနေဖြင့်လည်း ဖမ်းဆီးခံရသည့်အကြောင်းနှင့်ပတ်သက်ပြီး သိရှိရခြင်းမရှိသကဲ့သို့ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ကိုလည်းမသိရပေ။ ဤအကြောင်းအရာများကို ရွာသားများအကြား အချင်းချင်း သတင်းအချက်အလက်မျှဝေဖလှယ်ခြင်းမှတစ်ဆင့်သာလျှင်ကြားသိရခြင်းဖြစ်သည်။ မကြာခဏဆိုသလို မိသားစုဝင်များသည် လုံ ခြုံရေး အန္တရာယ်မြင့်မားသည့်ကြားကပင် ပျောက်ဆုံးသူအားရှာဖွေတွေ့ရှိရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်း မှုများ ပြုလုပ်ကြပါသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများမှ ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ လမ်းပြနှင့်ပေါ်တာအဖြစ် အသုံးပြုခြင်းအပြင် မြေမြှုပ်မိုင်းရှင်းလင်းရေးကိရိယာအဖြစ် အသုံးပြုခြင်းများကြောင့် ရွာသားများပျောက်ဆုံးရခြင်းဖြစ်ကြောင်း KHRG ၏ အခြားအစီရင်ခံစာများတွင်လည်းတွေ့ရှိရပါသည်။ ရွာသားများအနေဖြင့် ဖမ်းဆီးခံရပြီးနောက်ပိုင်း ရက်သတ္တပတ်ပျောက်ဆုံးပြီး စစ်သားများ၏ လူသားဒိုင်းအဖြစ် တစ်ရွာမှတစ်ရွာသို့ သွားကြရပါသည်။ ၎င်းတို့ကို မည်သည့်နေရာတွင်ရောက်ရှိနေကြောင်းနှင့် ကျန်းမာရေးအခြေအနေ မည်ကဲ့သို့ရှိကြောင်းကို မိသားစုဝင်များအားဆက်သွယ်ပြီးအသိပေးအကြောင်းကြားနိုင်စွမ်းမရှိပါ။

ဤရာဇဝတ်မှုများကို ကျူးနေသည့်တရားခံမှာ စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့တည်းမဟုတ်ပေ။ ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသော အခြားသောလက်နက်ကိုင်တပ်ဖွဲ့များကလည်း ဤချိုးဖောက်မှုများအား ကျူးလွန်နေကြောင်းကို KHRG ၏ အစီရင်ခံစာများတွင်တွေ့ရှိရပါသည်။ အချို့သောဖြစ်စဉ်များတွင် အရပ်သားများအား သတင်းပေး (ဒလန်) ဟုစွပ်စွဲပြီးနောက် အဓ္ဓမပျောက်ဆုံးစေမှုများလည်းရှိပါသည်။ ဤကဲ့သို့သောလုပ်ဆောင်မှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ဆိုးဆိုးရွားရွားချိုးဖောက်ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေး၍မရပါ။

အတင်းအဓမ္မပျောက်ဆုံးစေမှုတွင် ကျူးလွန်ခံရသူသည် ပထမဦးဆုံးသော အဓိကထိခိုက်နစ်နာခံစားရသူဖြစ်ပါသည်။ အကြောင်းမှာ ကျူးလွန်ခံရသူသည် ညှဥ်းပန်းနှိပ်စက်ခံရသည့်အပြင် တရားလက်လွတ်သတ်ဖြတ်ခံရနိုင်ချေရှိသောကြောင့်ဖြစ်ပါသည်။ ထို့အပြင် ထိခိုက်နစ်နာသူ၏မိသားစုဝင်များအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုရှိစေပါသည်။ အကြောင်းမှာ မိမိချစ်ခင်ရသူတစ်ဦး ရုတ်တရက်ပျောက်ဆုံးခြင်းသည် မိသားစုဝင်များအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာဖြစ်စေပါသည်။ ထိခိုက်နစ်နာသူသည် မည်သည့်နေရာတွင်ရှိနေကြောင်း သတင်းအချက်အလက် ရရှိရန်ခဲယဉ်းသကဲ့သို့ တစ်ခါတစ်ရံ မိသားစုဝင်မှ ပျောက်ဆုံးသူ၏သတင်းအချက်အလက်ရရှိအောင် နှစ်နှင့်ချီပြီးကြာနိုင်ပါသည်။ KHRG ၏ မှတ်တမ်းပြုစုချက်များမှတွေ့ရှိချက်အရ ပျောက်ဆုံးသူအများစုမှာ အမျိုးသားလူငယ်များဖြစ်ကြပြီး ၎င်းတို့သည် မိသားစု၏စားဝတ်နေရေးကို အဓိကဖြည့်ဆည်းပေးနေသောသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကရင်ပြည်နယ်တွင် ကြောက်ရွံ့မှုပြန့်ပွားစေရန်၊ မလုံခြုံမှုနှင့် လူမှုအသိုင်းအဝိုင်းများတွင် အိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်ရမှုဖြစ်စေရန် လက်နက်ကိုင်တပ်ဖွဲ့များက အတင်းအဓမ္မပျောက်ဆုံးစေမှုအားနည်း ဗျူဟာတစ်ခုအဖြစ်လည်း အသုံးပြုနေသည်ကိုတွေ့ရှိရပါသည်။

ဤဩဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအတင်းအဓမ္မပျောက်ဆုံးမှုဒဏ်ခံရသူများနေ့၌ လက်နက်ကိုင်တပ်ဖွဲ့များမှ ဤရက်စက်ကြမ်းကြုတ်သည့်ရာဇ၀တ်မှုအား ရပ်တန့်ရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အမြန်ဆုံးလုပ်ဆောင်ရန်တိုက်တွန်းလိုက်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (နစက) နှင့် အ ခြားလက်နက်ကိုင်တပ်ဖွဲ့များသည် ရွာသားများကို တရားလက်လွတ်ဖမ်းဆီးခြင်း၊ ဖမ်းဆီးချုပ်နှောင်ထားသည့်နေရာကိုလှို့ဝှက်ထားခြင်းနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းများကိုဆက်လက်မလုပ်ဆောင်ရပါ။ တစ်ချိန်တည်းတွင် အရပ်ဖက်နှင့်လူထုအခြေပြုအဖွဲ့အစည်းများသည်လည်း စုစည်းကာ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်းဖြစ်ပွားနေသော အဓ္ဓမပျောက်ဆုံးနေစေမှုနှင့်ပတ်သက်ပြီး အသိပညာပေးမှုများ နှင့် အထူးသဖြင့် ကျူးလွန်ခံရမှုများကိုထင်ရှားစွာမမြင်နိုင်သည့်အခြေအနေနှင့် ရွာသားများအတွက်အကာအကွယ်မရှိသည့် အခြေအနေများတွင် ကျူးလွန်ခံရသူများအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ရပါမည်။ ကျူးလွန်ခံရသူများနှင့်၎င်းတို့၏မိသားစုဝင်များ၏အသံကို ထုတ်ဖော်ပေးခြင်းအားဖြင့် ကျူးလွန်ခံရသူများတရားမျှတမှုရရှိရန်အတွက် အရေးပါသည့်ခြေလှမ်းတစ်ခုဖြစ်ပါသည်။

အဓ္ဓမပျောက်ဆုံးနေစေမှုများပပျောက်စေရန်အပြင် ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များအတွက် တရားမျှတမှုရရှိစေရန် KHRG မှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို အောက်ပါအတိုင်းတိုက်တွန်းလိုက်ပါသည်။

  • မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အဓ္ဓမပျောက်ဆုံးနေစေမှုများ ပပျောက်ရေးအတွက် တိကျပြီး ထိရောက်မှုရှိသည့်လုပ် ဆောင်မှုများပြုလုပ်ရန်။
  • တိုင်းရင်းသားဒေသများနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားနေသော ဤချိုးဖောက်မှုများ၏ ဖြစ် ပျက်ပုံများကို စုံစမ်းလေ့လာပြီး လိုအပ်နေသော အကူအညီပေးမှုများကို မြန်မာပြည်တစ်ဝှမ်းလုံးတွင်ပေးရန်။
  • ကျူးလွန်သူများမှ တာဝန်ခံမှုရှိစေရန်အတွက် ဝိုင်းဝန်းဖိအားပေးပြီး အဓ္ဓမပျောက်ဆုံးနေစေမှုအတွက် စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ်ကိုဖွဲ့စည်းပြီး ဤချိုးဖောက်မှုများထပ်မံမဖြစ်ပွားအောင် ကာကွယ်တားဆီးမှုများပြုလုပ်ရန်။
  • ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် လုံလောက်သည့်ကူညီထောက်ပံ့မှုများ (တရားမျှတမှု၊ ‌ဆက်လက်ရှင်သန်ရေးအတွက် ငွေကြေးထောက်ပံ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထောက်ပံ့မှု) များပေးရန်။

 

ဆက်သွယ်ရန်
စောနန္ဒဆူး ၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ၊ hsue@khrg.org
နော်ဖောလား ၊ စည်းရုံးလှုံ့ဆော်ရေးအရာရှိ ၊ nawpawlah@khrg.org
Wed, 30 Aug 2023

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်