Thu, 27 Jul 2023
မူတြော်ခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - SAC မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံများဒဏ်ရာရရှိ၊ သေဆုံး (၂၀၂၃ခုနှစ်၊ ဧပြီလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့်   မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထ ကျေးရွာအုပ်စု၊ ဝ---ကျေးရွာတွင်နေထိုင်သည့် ဒေသခံမိသားစုတစ်စုသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသူလည်း ရှိခဲ့သည်။ ကလေးနှစ်ဦးအပါအဝင် ထိုမိသားစုဝင်လေးဦးသည် ပေါက်ကွဲသွားသည့်လက်နက်ကြီးအစအနများ ထိမှန် ခဲ့ပြီး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့၏အဖွားဖြစ်သူလည်း လက်နက်ကြီးထိမှန်၍ ထိုနေရာတွင်သေဆုံးခဲ့သည်။ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ထိုရွာသားလေးဦးကို ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထကျေးရွာအုပ်စုတွင် တည်ရှိသော ထီးသဘလုထ ဆေးခန်းသို့ပို့ဆောင်ခဲ့ပြီး လိုအပ်သည့်ဆေးကုသမှုခံယူခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် ထိုမိသားစုဝင်လေးဦးသည် မည်သည့်အဖွဲ့အစည်းထံမှ ငွေကြေးထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိခဲ့ပေ။ သို့သော်လည်း ထီးသဘလုထဆေးခန်းမှ ၎င်းတို့အား အခမဲ့ဆေးကုသမှုပေးခဲ့သည်။ [1]

 

 

၂၀၂၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့ ည (၈း၂၀) မိနစ်တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုတွင် အခြေ စိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ အမည်မသိရှိရသည့်တပ်ရင်းတစ်ရင်းသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့ နယ်၊ ထီးသဘလုထကျေးရွာအုပ်စု၊ ဝ---ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၂၀ မမ နှစ်လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ရွာသားတစ်ဦး၏အိမ်တစ်လုံးပေါ်သို့ကျပြီးပေါက်ကွဲသွားခဲ့၍ ထိုအိမ်တွင်အတူတကွ နေထိုင်ကြသည့်မိသားစုဝင်ငါးဦးအား လက်နက်ကြီးအစအနများထိမှန်ခဲ့သည်။ ထိုမိသားစုဝင်လေးဦးမှာ ဒဏ်ရာရရှိ ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။ စောက---၏မိခင်ဖြစ်သူ အသက် (၇၂)နှစ်ရှိသည့် နော်မရွှေသန်းသည် သူမ၏ဦးခေါင်းတွင် လက်နက်ကြီးအစအနထိမှန်ပြီး ထိုနေရာတွင်သေဆုံးခဲ့သည်။ နော်ခ---၏ခင်ပွန်းဖြစ်သူ အသက် (၃၅)နှစ်ရှိသည့် စောက---၏လည်ပင်း၊ မေးစေ့နှင့် ညာဖက်လက်တွင် လက်နက်ကြီးအစအနများထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ စောက---၏ဇနီးဖြစ်သူ အသက် (၂၉)နှစ်ရှိသည့် နော်ခ---သည် သူမ၏ဘယ်ဖက်တင်ပါးတွင် လက်နက်ကြီးအစအနထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့၏သားဖြစ်သူ အသက် (၅)နှစ်အရွယ်ရှိသည့် စောစ---၏ညာဖက်ဒူးခေါင်းတွင် လက်နက် ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့၏သမီးဖြစ်သူ အသက် (၂)လသာ ရှိသည့် နော်န---ကိုလည်း လက်နက်ကြီး အစအနများထိမှန်ပြီး သူမ၏ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ခုနှစ်၊ ဧပြီလ ၂ရက်နေ့ မနက် (၈)နာရီတွင် ဒေသခံခေါင်းဆောင်များနှင့်ရွာသားများသည် (ဗုဒ္ဓဘာသာဝင်) ဓလေ့ ထုံးတမ်းအရ သေဆုံးသူနော်မရွှေသန်းကို သင်္ဂြိုလ်ပေးခဲ့သည်။ သူမအား မြေမြှုပ်သင်္ဂြိုလ်သည့်အချိန်တွင် ဒဏ်ရာရရှိ နေသည့်သူမ၏သားသမီးနှင့်မြေးများသည် ဆေးခန်းတွင် ဆေးကုသမှုခံယူနေခဲ့သည်။ ရွာသားများသည် ဒဏ်ရာရရှိခဲ့ သည့်ထိုမိသားစုတစ်စုအား ဆေးကုသမှုခံယူရန်အတွက် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထကျေးရွာအုပ်စု တွင်တည်ရှိသော ထီးသဘလုထဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ (နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့ - BPHWT မှ ဤဆေးခန်းကို စီမံခန့်ခွဲသည်။) ဝ--- ကျေးရွာသားများသည် ဒဏ်ရာရရှိနေသော ထိုမိသားစုဝင်လေးဦးကို ထမ်း၍ ခြေကျင်ဖြင့်ဆေးခန်းသို့ သယ်ဆောင်လာခဲ့သည်။ ၎င်းဆေးခန်းသို့ရောက်ရှိရန် အချိန်တစ်နာရီခန့်ကြာမြင့်ခဲ့သည်။ အဆိုပါထီးသဘလုထဆေးခန်းတွင် လုံလောက်သောဆေးဝါးပစ္စည်းများနှင့် ကျန်းမာရေးလုပ်သားများရှိသည့်အတွက် ကြောင့် ဒဏ်ရာရရှိခဲ့သည့်ရွာသားလေးဦးကို လိုအပ်သည့်ဆေးကုသမှုပေးနိုင်ခဲ့သည်။ ဝ---ရွာသားများသည် ဒဏ်ရာရရှိ နေသည့်ထိုရွာသားလေးဦးကို ဆေးခန်းသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်တွင် ၎င်းတို့အားပြုစုစောင့်ရှောက်ခဲ့ သည်။

စောက---နှင့်၎င်း၏သားသမီးနှစ်ဦးသည် ထိုဆေးခန်းတွင် နှစ်ပတ်ကြာဆေးကုသမှုခံယူပြီးနောက် ဒဏ်ရာ ပျောက်ကင်း ၍ သက်သာလာခဲ့သည်။ သို့သော်လည်း စောက---၏ဇနီးသည် ဒဏ်ရာပျောက်ကင်းမှုမရှိသေးသည့်အတွက် စောက---နှင့်၎င်း၏သားသမီးနှစ်ဦးသည် သူမအား ဒဏ်ရာပျောက်ကင်းသည့်အထိ ဆေးခန်းတွင်စောင့်နေခဲ့သည်။ နော်ခ---သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အတွက်ကြောင့် ဆေးခန်းတွင်တစ်လကြာဆေးကုသမှုခံယူခဲ့သော်လည်း ဒဏ်ရာများ မပျောက်ခဲ့ပေ။ ဒဏ်ရာရရှိသည့်အဆိုပါရွာသားလေးဦးသည် ဆေးကုသမှုနှင့်ဆေးဝါးများ၏ ကုန်ကျစရိတ်များအတွက် ပိုက်ဆံပေးစရာမလိုခဲ့ပေ။ အကြောင်းမှာ ဆေးခန်းမှ ၎င်းတို့အား အခမဲ့ဆေးကုသမှုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါရွာသား များသည် ဆေးခန်းတွင်ဆေးကုသမှုခံယူနေစဉ်တွင် ၎င်းတို့သည် မည်သည့်အဖွဲ့အစည်းထံမှ ငွေကြေးထောက်ပံ့မှု မရရှိခဲ့ပေ။ ၂၀၂၃ခုနှစ်၊ မေလ ပထမအပတ်တွင် အဆိုပါရွာသားလေးဦးသည် ဆေးခန်းမှဆင်းလာနိုင်ခဲ့ပြီး ဝ---ကျေးရွာ သို့ပြန်၍ တစ်ပတ်ခန့်နေထိုင်ခဲ့သည်။ နော်ခ---သည် သူမ၏သားသမီးများနှင့်အတူ ဝ---ကျေးရွာတွင် ဆက်လက်နေ ထိုင်ရန်ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် ၎င်းတို့မိသားစုသည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ တကော်ဘိုးကျေးရွာ အုပ်စု၊ ပ---ကျေးရွာတွင်ရှိသည့် ၎င်းတို့၏အဖွားဖြစ်သူအိမ်တွင် သွားရောက်နေထိုင်ခဲ့သည်။

SAC စစ်သားများသည် ဒွယ်လိုးမြို့နယ်အရှေ့ဖက်ခြင်းရှိ လေးဖိုးထ၊ ကတိုင်တိ၊ ထီးသဘလုထနှင့် မာထောကျေးရွာ အုပ်စုများတွင် လက်နက်ကြီးများ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့သည်။ စောက---သည် ဝ---ကျေးရွာတွင် ဆက်လက်နေထိုင်ပြီး ရွာတွင်လိုအပ်သည့်ကျောင်းသစ်တစ်ကျောင်းကို ကူညီဆောက်လုပ်ပေးနေပါသည်။ နော်ခ---နှင့်သူမ၏သားသမီးနှစ်ဦးမှာ အခြေအနေပုံမှန်ဖြစ်လာတော့မှ ရွာသို့ပြန်လာနေထိုင်မည်ဖြစ်သည်။ 

Thu, 27 Jul 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်