Fri, 16 Jun 2023

ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ? မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း

  

  

 

နိဒါန်း 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း  သည့်အချိန်မှစ၍ မြန်မာစစ်အုပ်စုမှ ၎င်းတို့ကိုယ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟု ပြောင်းလဲခေါ်ဆိုကာ ၎င်းတို့နှင့် သဘောထားကွဲလွဲသော ဆန့်ကျင်သူအားလုံးကိုဖြိုခွင်းရန်အတွက် အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအား နိုင်ငံအနှံ့လုပ် ဆောင်ခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများအပေါ် ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခြင်းနှင့် ရွာသားများအား အကြမ်းဖက်ခြင်းတို့ ပါဝင်သည်။ 

အာဏာသိမ်းသည့်အချိန်မှစ၍ KHRG အနေဖြင့် ကရင်ပြည်နယ်အတွင်း တိုးမြင့်လာသည့် လူ့အခွင့်အ ရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာများကိုလက်ခံရရှိခဲ့သည်။ ၎င်းအစီရင်ခံစာများတွင် အထူးသဖြင့် မြန်မာစစ်တပ်မှ လက်နက်ကိုင်အဖွဲ့များအစား ပြည်သူများအပေါ် ဦးတည်ပစ်မှတ်ထားသည့် ချိုးဖောက်မှုအခြေအနေများကို ဖော်ပြနေသည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ SAC ၏ပြည်သူများအပေါ် ပစ်မှတ်ထားနေကြောင်းကို လက်ခံသိရှိနေသော်လည်း အထူးသဖြင့် တိုင်းရင်း သားဒေသများတွင် အမှန်စင်စစ်ဖြစ်ပွားလျက်ရှိသော ဤတိုက်ခိုက်မှုများ၏အကြောင်းနှင့်ပတ်သက်၍ အလေးပေးလေ့လာစိစစ်မှုမှာ အနည်းငယ်သာရှိပါသည်။ ဤအကြမ်းဖက်မှုပုံစံများကို အတွင်းကျကျစုံစမ်းစစ်ဆေးခြင်းမရှိပဲ ကရင်ပြည်နယ်အတွင်းရှိ ရွာသားများ၏ရုန်းကန်မှုများနှင့် ပဋိပက္ခအခြေအနေများကို ပြည့်ပြည့်ဝဝနားလည်သဘောပေါက်နိုင်မည်မဟုတ်ပါ။ ဤအကြောင်းအရာကို သေချာစွာဖော် ထုတ်ခြင်းဖြင့် နိုင်ငံတော်အဆင့်၊  အာစီယံဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရာတွင် မြန်မာပြည်ရှိ ပြည်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက်တင်ပြနိုင်ပြီး နိုင်ငံအ တွင်း အဓိပ္ပါယ်ရှိသည့်ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်။

ထို့အတွက်ကြောင့် ဤအစီရင်ခံစာတွင် မြန်မာစစ်တပ်၏ ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများအပေါ် ဦးတည်တိုက်ခိုက်မှုများအား ဆန်းစစ်လေ့လာထားပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူများအနေဖြင့် မြန်မာစစ်တပ်မှကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား မည်သို့နားလည်လက် ခံထားသည်ကို အထူးသဖြင့် အသေးစိတ်လေ့လာဖော်ပြထားပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်အချိန်မှစ၍ KHRG ၏ သတင်းအချက်အလက်ကောက်ယူသောဒေသများတွင် နေထိုင်သောရွာသားများအနေဖြင့် ၎င်းတို့အပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့်ပတ်သက်သော ထွက်ဆိုချက်များအပြင် အခြားသောလူ့အခွင့်အရေးကျုးလွန်မှုပုံစံများကိုလည်း ဤအစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားပါသည်။ အစီရင်ခံစာတွင် SAC ၏ တရားမဝင်လုပ်ဆောင်မှုများနှင့် လူသားမဆန်သောလုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များကို ရှင်းလင်းဖော်ပြထားပြီး  ပြည်သူများအပေါ် SAC ၏ အကြမ်းဖက်မှုကျုးလွန်ရခြင်းအကြောင်းရင်းများစွာကိုလည်း ဖော်ပြထားသည်။ SAC မှ  ရွာသားများကို ၎င်းတို့၏ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ အကြောင်းရင်းမှာ ၎င်းတို့၏စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ဆန္ဒပြခြင်းအား အထောက်အပံ့ပေးသောသူများ သို့မဟုတ် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိသောသူများဟု ယူဆသောကြောင့်ဖြစ်သည်။ SAC တပ်ဖွဲ့သည် ဒေသအတွင်း အကြောက်တရားဖုံးလွှမ်းစေရန်နှင့် ၎င်းတို့၏အုပ်ချုပ်ရေးကို ပြဌာန်းနိုင်ရန်အပြင် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုအားဟန့်တားရန်အတွက် ရွာသားများအပေါ် အ ကြမ်းဖက်မှုများကိုလည်း ကျူးလွန်လျက်ရှိသည်။ ထောက်ပံ့မှုလုံလောက်စွာမရသော တပ်သားများကလည်း ရွာသားများ၏ပိုင်ဆိုင်မှုများအား လုယက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ဖြစ်ရပ်အများစုတွင် SAC တပ်နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ပိုင်းတွင် အနီးအနားရှိကျေးရွာများအပေါ် ပစ်မှတ်ထားခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။ နောက်ဆုံးအနေဖြင့် SAC ၏အမိန့်အား လိုက်နာရန်ငြင်းဆန်သည့် ရွာသားများအနေဖြင့် ပစ်မှတ်ထားခံကြရသည်။ 

မြန်မာစစ်တပ်မှ ပြည်သူများအပေါ်တိုက်ခိုက်ခြင်းသည် မတော်တဆမဟုတ်ပါ။ ထို့အတူ မြန်မာစစ် တပ်အနေဖြင့် ပြည်သူများနှင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအကြား ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိသည့်အ တွက်လည်း မဟုတ်ပါ။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများသည် ရွာ သားများအား ဓားစာခံဖြစ်စေသော အလေ့အထတစ်ခုအဖြစ် ခိုင်မာစွာအမြစ်တွယ်နေသည်သာမက ၎င်းတို့အား စစ်တပ်ကိုဆန့်ကျင်သည့်အဖွဲ့တစ်ဖွဲ့အနေဖြင့် အမြဲတစေယူဆအပြစ် တင်ခြင်းခံရသည်။  ရွာသားများသည် စုပေါင်းပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ခံစားရလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦးတစ်ယောက်၏ လုပ်ဆောင်မှုမျိုးမဆို SAC မှ ၎င်းဆန့်ကျင်မှုကိုတုံ့ပြန်ရာတွင် တူညီသည့်အဖွဲ့တစ်ခုတည်း၏ လုပ်ရပ်ဖြစ်သည်ဟုယူဆသောကြောင့်ဖြစ်သည်။ ဤကဲ့သို့အရပ်သားများအား ပစ် မှတ်ထားခြင်းသည် SAC မှ  စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအားကျုးလွန်ခြင်းကြောင့်  နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်။
 

အဓိကရှာဖွေတွေ့ရှိချက်များ

စစ်အုပ်စုသည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပေါ် တိုက်ရိုက်တိုက်ခိုက်မှုများကို ပြုလုပ်မည့်အစား မြန်မာပြည်အရှေ့တောင်ပိုင်းရှိအရပ်သားများအပေါ် အမြဲတစေပစ်မှတ်ထားတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ပါသည်။ ထိုသို့သောလုပ်ဆောင်မှုများကဒေသတွင်းရှိလူမှုအသိုက် အဝန်းများအတွက် ဆိုးရွားသည့်အကျိုးဆက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေသည်။ ဤအ ကြမ်းဖက်မှုများတွင် လေကြောင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခြင်း၊ ကျေးရွာများအတွင်းသို့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ရွာသားများအားပစ်ခတ်ခြင်း၊ အဓမ္မဖမ်းဆီးခြင်းနှင့်၎င်းတို့၏ပိုင်ဆိုင်မှုများအား လုယက်ခိုးယူဖျက်စီးခြင်းများပါဝင်သည်။ 

SAC ၏ရွာသားများအပေါ် ပစ်မှတ်ထားခြင်းများ၏နောက်ကွယ်မှ လုပ်ဆောင်မှုပုံစံများကို ရှင်းပြထားသည့် ရွာသားများ၏ သက်သေခံချက်များတွင် ကွဲပြားခြားနားမှုရှိသော်လည်း များသောအားဖြင့် တူညီသည့်ပုံစံများကို မကြာခဏတွေ့နိုင်သည်။ ဤပုံစံများတွင် မြန်မာစစ်တပ်၏ ကရင်ပြည်နယ်ရှိ ရွာသားများအား ရန်ဘက်အဖြစ်သဘောထားခြင်း၊ ရန်တုံ့ပြန်ရန်ဓားစာခံအဖြစ်အသုံးပြုခြင်းနှင့် စု ပေါင်းအပြစ်ပေးမှုများကိုဖော်ပြလျက်ရှိပြီးထိုသို့လုပ်ဆောင်ခြင်းက ပြည်သူများအပေါ်အလွန်ဆိုးရွား သည့်အကြမ်းဖက်မှုများကို ဖြစ်ပွားစေခဲ့သည်။ 

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပဋိပက္ခများအား သမားရိုးကျနားလည်မှုများသည် မြေပြင်တွင်ဖြစ်ပျက်နေသောပဋိပက္ခများ၏ အဓိကကျသောအချက်များကို သတိလက်လွှတ်ဖြစ်စေနိုင်သည်။ အရပ် သားများသည် SAC တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အကြား ဖြစ်ပွားသည့်ပဋိပက္ခကြားတွင် ထိခိုက်ခံရခြင်းမဟုတ်ပါ။ လက်တွေ့တွင် စစ်အုပ်စုမှ ပြည်သူများအား ရည်ရွယ် ချက်ရှိရှိ စနစ်တကျပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုအချက်က ၎င်းတို့၏တရားမဝင်ခြင်းနှင့် လူ့အသက်များအားလျစ်လျူရှုနေခြင်းကို ဖော်ပြလျက်ရှိသည်။ 

SAC ၏ပြည်သူများအပေါ်တိုက်ခိုက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနှင့် ရာဇဝတ်မှုဥပဒေများအား ချိုးဖောက်နေခြင်းဖြစ်သည်။ အထူးသဖြင့် မြေပြင်တွင်မည်သူတစ်ဦးတယောက်ကိုမျှ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်ခြင်းမပြုရန်တားမြစ်ချက်နှင့် အရပ်သားများအား ပစ်မှတ်ထားခြင်းကိုပိတ်ပင်ထားသည့် လက်နက်ကိုင်နှင့် အရပ်သားများကြား ခွဲခြားသတ်မှတ်ထားရန်မူဝါဒများအား ချိုးဖောက်နေခြင်းဖြစ်သည်။ ထို့အတွက် စစ်ခေါင်းဆောင်များအနေဖြင့် ထိုကျူး လွန်မှုများအတွက် တရားစွဲဆိုခြင်းခံရမည်။

ကရင်ပြည်နယ်ရှိလူ့အဖွဲ့အစည်းမှ စစ်တပ်၏ထိန်းချုပ်မှုကို လက်နက်ကိုင်ခုခံတော်လှန်သည့်နည်းလမ်းအပြင် ရွာသားများ၏တုံ့ပြန်မှုနည်းဗျုဟာများသည်လည်း စစ်တပ်ကိုဆန့်ကျင်ရာတွင် အဓိကကျသောအချက်ဖြစ်သည်။ ထိုသို့သော  ကြိုးစားအားထုတ်မှုများအား ဆန်းသစ်သောနည်းလမ်းများဖြင့် ပံ့ပိုးကူညီသင့်သည်။ မြန်မာပြည်အတွင်း ပြည်သူများအားအကာအကွယ်ပေးရန်နှင့် အဓိပ္ပါယ်ပြည့်ဝသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာဆွေးနွေးမှုများနှင့် တုံ့ပြန်ဆောင် ရွက်မှုများတွင် အကဲဆတ်သောပဋိပက္ခအခြေအနေမှန်ကို  ထည့်သွင်းဆွေးနွေးရန်လိုအပ်ပါသည်။  

SAC ၏ချိုးဖောက်မှုမှအကာအကွယ်‌ရရှိရန်  ရွာသားများ၏အသံများနှင့် ပြတ်သားသည့်တောင်းဆိုမှုများသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူဆောင်ရွက်ခြင်းမရှိပဲ လျစ်လျူရှုထားခြင်းခံရသော ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးများ သည် ပိုမိုဆိုးရွားလာရသည်။ ထို့အပြင် အဓိပ္ပါယ်ပြည့်ဝသည့်တုံ့ပြန်ဆောင်ရွက်မှုမရှိခြင်းက ရွာသားများအား လက်နက်ကိုင်ရန်တွန်းအားပေးနေပြီး နိုင်ငံအတွင်းစစ်ရေးလှုပ်ရှားမှုများ ပိုမိုများပြားလာစေသည်။ 
 

အကြံပြုချက်များ

နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေးထောက်ပံ့သည့်အဖွဲ့အစည်းများနှင့် အစိုးရများ -

  • မြန်မာစစ်တပ်သည် လက်ရှိဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတို့၏ အဓိကတရားခံဖြစ်သည်ကို လက်ခံအသိအမှတ်ပြုပြီး ၎င်းတို့နှင့်သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းနှင့် စစ်အုပ်စုအား တရားဝင်အခွင့်အာဏာပေးအပ်နေမှုများကိုရပ်တန့်ရန်။
  • အာဆီယံအနေဖြင့် ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်တင်မြောက်သော အရပ်သားအစိုးရပြန် လည်ဖွဲ့စည်းနိုင်သည့်အချိန်ထိ မြန်မာပြည်အား အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားရန်၊ လက်ရှိဘုံသဘောတူညီချက်ငါးရပ်အား ပယ်ဖျက်ပြီး ပါဝင်ပတ်သက်သူများ၏ ဝေဖန်ချက်များ ထည့်သွင်းထားသည့်အစီအစဉ်အသစ်အားရေးဆွဲရန်၊ မြန်မာပြည်သူများအပေါ် စစ်အာဏာရှင်၏ အကြမ်းဖက်မှုအားရပ်တန့်ရန်အတွက် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန်။
  • စစ်အုပ်စုခေါင်းဆောင်များအား တရားစွဲဆိုနိုင်ရန်အတွက် လက်ရှိဆောင်ရွက်နေသော စုံစမ်းစစ် ဆေးမှုများနှင့် တရားရေးလုပ်ငန်းဆောင်ရွက်မှုများကိုထောက်ပံ့ပေးရန်နှင့် မြန်မာစစ်တပ်အား ၎င်းတို့ကျူးလွန်ထားသည့် ချိုးဖောက်မှုများအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်အတွက် အခြားသောအခွင့်အလမ်းများ (အထူးခုံရုံးများ၊ အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်နှင့် အခြားသော   ယန္တယားများမှတဆင့်) ရှာဖွေရန်။ 
  • လက်ရှိစုံစမ်းစစ်ဆေးမှုများတွင် ထည့်သွင်းထားခြင်းမရှိသေးသော SAC မှ ကရင်ပြည်သူများအပေါ် ချိုးဖောက်ခဲ့သည့်ရာဇဝတ်မှုများကို အနာဂတ်တွင်ပြုလုပ်မည့် စုံစမ်းစစ်ဆေးရေးတာဝန်ခံမှုနယ် ပယ်ကို ပို၍တိုးချဲ့ရန်အပြင်  စစ်ရာဇဝတ်မှုဆိုင်ရာအုပ်စုလိုက်ပြစ်ဒဏ်ပေးခြင်းနှင့် လူသားမျိုးနွယ်စုများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်။ 
  • မြန်မာပြည်အတွင်းရှိ ဖိနှိပ်ခံပြည်သူများ၏အသံများနှင့် အတွေ့အကြုံများကို ကိုယ်စားပြုနိုင်ရန်အ တွက် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် မြေပြင်တွင်လှုပ်ရားနေသူများအား ငွေကြေးပံ့ပိုးမှုပေးရန်နှင့်ပူးပေါင်းဆောင်ရွက်ရန်။ 
  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူများအပေါ် SAC မှ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသည့် အ လေ့အထသည် မှန်ကန်ကြောင်းဝန်ခံသဘောတူရန်။  လေကြောင်းတိုက်ခိုက်မှုခံရခြင်း၊ နေရပ်ရွှေ့ ပြောင်းနေထိုင်ရခြင်း၊ ပိုင်ဆိုင်မှုများဖျက်စီးခံရခြင်း၊ အကြမ်းဖက်နှိပ်စက်ခံရခြင်း၊ အဓမ္မဖမ်းဆီးခံရခြင်းနှင့် အခြားသောချိုးဖောက်မှုခံရခြင်းများကို ရင်ဆိုင်ခံစားရသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် အကာအကွယ်များပိုမိုတိုးမြှင့်ပေးရန်နှင့် လုံလောက်မှုရှိစေရန်အ တွက် သေချာစွာဆောင်ရွက်ရန်။ 
  • ကူညီထောက်ပံ့မှုများကိုဖြန့်ဝေရာတွင် SAC အနေနှင့် ဆုံးဖြတ်ချက်ချရသည့်အာဏာမရှိစေရန်နှင့် ပံ့ပိုးကူညီမှုများသည် SAC မှတဆင့်စီးဝင်မှုမရှိစေရန်အတွက် သေချာစွာလုပ်ဆောင်ရန်။
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အကြပ်အတည်းများအတွက်ဖြေရှင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဒေသတွင်းလှုပ်ရှားသူများနှင့် ဒေသခံလူမှုအသိုက် အဝန်းများကိုထည့်သွင်းပြီး တိုင်ပင်ဆွေး‌နွေးခြင်းပြုရန်။ ထို့အပြင် ဒေသတွင်းလူထုအကျိုးပြုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် လူထုဝန်ဆောင်မှုပေးသော တိုင်းရင်းသားအဖွဲ့အစည်းများအပေါ်အမှီပြုသည့် ဝန်ဆောင်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုနည်းလမ်းများကို ဦးစားပေး ၍ အားကောင်းအောင်ဆောင်ရွက်ပေးရန်။ 
  • နယ်စပ်ဖြတ်ကျော်၍ ခိုလှုံရာရှာဖွေသူများအား  ငြင်းဆန်မှုမပြုလုပ်ရန်အတွက် အိမ်နီးချင်းနိုင်ငံရှိအစိုးရအာဏာပိုင်များအား တိုက်တွန်းရန်။ ထို့အပြင် ၎င်းဒေသတွင်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်နယ်စပ်ဖြတ်ကျော်အဖွဲ့အစည်းများနှင့် ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများမှတဆင့် မြန် မာပြည်အတွင်းသို့ ကူညီထောက်ပံ့မှုများပေးပို့ခြင်းကိုခွင့်ပြုရန်။  
  • မြန်မာနိုင်ငံသို့လေကြောင်းလောင်စာဆီတင်ပို့မှုနှင့် လက်နက်တင်သွင်းရောင်းချမှုအပါအဝင်လက် နက်ခဲယမ်းများနှင့် လုံခြုံရေးဆိုင်ရာကိရိယာများတင်သွင်းခြင်းအပါအဝင် ထောက်လှမ်းရေးနည်းပ ညာများနှင့် အခြားစစ်ဘက်ဆိုင်ရာကူညီပံ့ပိုးပေးခြင်းများအပေါ် ရပ်တန့်အောင်လုပ်ဆောင်ပြီး ထိုကဲ့သို့စစ်ဘက်ဆိုင်ရာပံ့ပိုးကူညီမှုနှင့် တင်ပို့မှုနည်းလမ်းများကိုတိုက်ရိုက်၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ် စေပါဝင်ကူညီပေးခြင်းမရှိအောင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်။ 
  • နိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ရှိပြီး အပြည်ပြည်ဆိုင်ရာဥပဒေများအား ဆိုးရွားစွာချိုးဖောက်သည်ဟုသံသယရှိသည့် စစ်အာဏာရှင်၏အရာရှိများနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သည့်ကုမ္ပဏီများအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရာတွင်ပံ့ပိုးပေးရန်။ 

 

အစီရင်ခံစာရေးသားပြုစုပုံနည်းစနစ်

၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်အချိန်မှစ၍ ကရင်ပြည်နယ်အတွင်း ပြည်သူများအပေါ်တိုက်ခိုက်မှုများ ၏နောက်ကွယ်အရင်းခံအကြောင်းအရာများကို ဖော်ထုတ်ရန်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ တုံ့ပြန်တိုက်ခိုက်မှုကိုယ်တိုင်ခံစားခဲ့ရသော သို့မဟုတ် မျက်မြင်ကြုံတွေ့ခဲ့သည့်ရွာသားများထံမှ အချက်အလက်များကို စုဆောင်းခဲ့သည်။ ၂၀၂၂  ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း KHRG လုပ်ငန်းဆောင်ရွက်ရာခရိုင် ၇ ခုအတွင်းမှ ခရိုင် ၆ ခုဖြစ်သော ဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ မြိတ်-ထားဝယ်၊ မူတြော် (ဖာပွန်) နှင့် ဒူးပလာယာ ခရိုင်များမှ အမျိုးသမီးသုံးဦးအပါအဝင် စုစုပေါင်းတွေ့ဆုံမေးမြန်းမှု ၂၃ ခုကိုပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံမေးမြန်းခဲ့သူများထဲမှ ၆ ဦးမှာ ယခင်က သို့မဟုတ် လက်ရှိအချိန်တွင် ကျေးရွာခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူး သို့မဟုတ် ရွာသူကြီးအဖြစ်တာဝန်ယူထားလျက်ရှိသည်။ ဤနှုတ်ထွက်သက်သေခံချက်များအား စကောကရင်နှင့်ဗမာဘာသာစကားများဖြင့်အသံသွင်းယူခဲ့သည်။ တွေ့ဆုံမေးမြန်းမှုများကို KHRG ဝန်ထမ်းများနှင့် KHRG ၏သတင်းအချက်အလက်စုဆောင်းမှုနည်းလမ်းများကို အသုံးချတတ်စေရန် လေ့ကျင့်သင်ကြားပေးထားသည့် ဒေသတွင်းသုတေသနပြုသူများကွန်ယက်အဖွဲ့ဝင်များမှ ပြု လုပ်ကြသည်။ 

ဤအစီရင်ခံစာသည် ထိုတွေ့ဆုံမေးမြန်းမှုများနှင့်အတူ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ အရပ်သားများအပေါ် တုံ့ပြန်တိုက်ခိုက်မှုဖြစ်ရပ်များအား KHRG မှ မှတ်တမ်းတင်ပြုစုထားသည့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း ထုတ်ပြန်ထားသောကွင်းဆင်းအစီရင်ခံစာ ၆၃ စောင်အပေါ် အခြေခံထားသည်။ ထိုအထဲတွင် SAC ၏ အရပ်သားများအပေါ်တိုက်ခိုက်မှုများအား သုံးသပ်မှုများ ပိုမိုပြုလုပ်နိုင်ရန် အသုံးပြုထားသည့်သတင်းအကျဉ်းချုပ်များ၊ တွေ့ဆုံမေးမြန်းခန်းများ၊ နောက်ဆုံးရအခြေ အနေတင်ပြချက်များ၊  ဒေသတွင်းနောက်ဆုံးရ အခြေအနေတင်ပြချက်များနှင့် မှုခင်းဖော်ပြသည့်မှတ် တမ်းလွှာအစီရင်ခံစာများပါဝင်သည်။ ဤသို့ မူလအရင်းအမြစ် သတင်းအချက်အလက်များအား စု ဆောင်းပြီးနောက် KHRG မှ မေးခွန်းဖြေကြားသူများကြုံတွေ့ရသော သို့မဟုတ် မျက်မြင်တွေ့ရသောတုံ့ပြန်တိုက်ခိုက်မှု၏ အဓိကအကြောင်းအရာများနှင့် ဖြစ်ပွားမှုပုံစံများကို အကြောင်းအရာအလိုက်အ ချက်အလက်ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ 

ဤအစီရင်ခံစာရေးသားရာတွင် ကန့်သတ်ချက်များလည်းကြုံတွေ့ခဲ့ရသည်။ မေးခွန်းဖြေကြားသူများကြား ကျား၊မ တန်းတူညီမျှမှုမရှိခြင်းက အမျိုးသမီးများအပေါ် အထူးသဖြင့်ရင်ဆိုင်ရသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏အမြင်များကိုရယူရန် ခက်ခဲစေခဲ့သည်။ ထို့အပြင် ဒေသတွင်းမလုံခြုံမှုများ မြင့်မားသည့်အတွက် မေးခွန်းဖြေကြားသူများတွင် ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်အ တွင်းရှိခရိုင်အားလုံးမှ တန်းတူညီစွာပါဝင်နိုင်ခြင်းမရှိပေ။ မေးခွန်းဖြေကြားသူအများစုမှာ တောအူးနှင့် ဒူးပလာယာခရိုင်များမှ ဖြစ်သည်။ ဤအစီရင်ခံစာနှင့်သက်ဆိုင်သည့် ဖြစ်ပျက်မှုပုံစံများဖြစ်သော ရွာ သားများအပေါ်တုံ့ပြန်တိုက်ခိုက်မှုကို (များသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုပြီးနောက်မကြာမီအချိန်တွင် လုပ်ဆောင်လေ့ရှိသည်။) အခြေခံ၍ ဖားအံ (ဘားအံ)ခရိုင်အားကျွန်ုပ်တို့၏သုတေသနမှဖယ်ထားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဤသို့သောဖြစ်ရပ်များသည် အစီရင်ခံစာရေးသားသည့်ကာလအတွင်း ဖားအံခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းမရှိပါ။ [KHRG အနေ ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှစတင်၍ ဖားအံခရိုင်တွင် ပြည်သူများအပေါ် ဓားစာခံကဲ့သို့ သဘောထားတိုက် ခိုက်မှုနှင့်ပတ်သက်၍ အစီရင်ခံစာများကိုရရှိခဲ့ပါသည်။]  ဖော်ပြပါအားနည်းချက်များရှိသော်လည်း ဤသုတေသန၏အဓိကရှာဖွေတွေ့ရှိချက်ဖြစ်သည့် ထပ်တလဲလဲပုံစံတူတိုက်ခိုက်မှုများက SAC အနေနှင့် အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟူသောအချက်သည် ပဋိပက္ခဖြစ်ပွားမှုပုံစံနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှ ပြည်သူများကြုံတွေ့ရင်ဆိုင်ရသည့် ရုန်းကန်ရမှုများအား ပိုမိုတိတိကျ ကျနားလည်လိုသူများအတွက် တန်ဖိုးရှိနေမည်ဖြစ်သည်။  

မေးခွန်းဖြေကြားရာတွင် ပါဝင်သူအားလုံးကို တွေ့ဆုံမေးမြန်းခြင်း၏ရည်ရွယ်ချက်အား အသိပေးခဲ့ပြီး ဤအစီရင်ခံစာတွင် ထည့်သွင်းခွင့်ပေးရန်ခွင့်ပြုချက်တောင်းခံခဲ့သည်။ မေးခွန်းဖြေကြားသူများ၏အ မည်များနှင့် အခြားခွဲခြမ်းသတ်မှတ်နိုင်သည့် အသေးစိတ်အချက်များအပါအဝင် ရွာသားများအား အန္တ ရာယ်ပေးနိုင်သည်ဟု KHRG မှ ယူဆသည့်သတင်းအချက်အလက်များကို လုံခြုံရေးအရဖုံးကွယ်ထား သည်။  အချို့သောဖြစ်ရပ်များတွင် ကျေးရွာနှင့် အမည်များအား က--- မှ အ--- အထိ စာလုံးများအသုံးပြု ၍ ဆင်ဆာဖြတ်ထားသည်။ ထိုကုဒ်များသည် အမည်အရင်းများ သို့မဟုတ် KHRG ၏ ယခင်အစီရင်ခံစာများတွင် အသုံးပြုထားသည့်ကုဒ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။ အမည်များနှင့် နေရာများအားလုံးကို KHRG မှ ရရှိထားသောအမည်အရင်းများ၊ နေရပ်လိပ်စာမူရင်းများနှင့်သက်ဆိုင်မှုမရှိသည့် စနစ်ဖြင့် ဆင်ဆာဖြတ်ထားသည်။ ထို့အတွက်ကြောင့် ဆင်ဆာဖြတ်ခြင်းသည် သတင်းအချက်အလက် မပြည့်စုံခြင်းမဟုတ်ပါ။ ထို့အပြင် ရွာသားများသည် မြန်မာစစ်တပ်၏တိုက်ခိုက်ခြင်းကိုရှောင်ရှားနိုင်ရန်အသုံးပြုသည့်နည်းလမ်းများကို ၎င်းတို့အနေဖြင့် ဆက်လက်အသုံးပြုရမည်ဖြစ်သည့်အတွက် ရွာသားများ၏လုံ ခြုံရေးအရ ထိမ်ချန်ထားခဲ့ခြင်းဖြစ်သည်။ 

Fri, 16 Jun 2023

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်