Tue, 20 Jun 2023
ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - နို့တကောမြို့နယ်တွင် ရွာသားများ အဓမ္မပျောက်ဆုံးသွားခြင်းနှင့် မာရှယ်လောထုတ်ပြန်ကြေညာခြင်း (၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဒူးပလာယာခရိုင်၊ နို့တကော မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ SAC မှ ဆိပ်ကြီးမြို့တွင် မာရှယ်လော (စစ်အုပ်ချုပ် ရေးအမိန့်) ထုတ်ပြန်ကြေညာပြီးနောက်တွင် SAC မှ လူငယ်ခြောက်ဦးကို ဖမ်းဆီးခဲ့သည်။ ထိုလူငယ်ခြောက်ဦးသည် သတ်မှတ်ခွင့်ပြုထားသည့်အချိန်အတွင်း ခရီးသွားလာခြင်းမပြုသောကြောင့် အဖမ်းဆီးခံရခြင်းဖြစ်သည်။ အဖမ်းဆီးခံရ သည့် လူငယ်ခြောက်ဦးတွင် အသက်(၁၃)နှစ်သာရှိသော စတုတ္ထတန်းကျောင်းသားတစ်ဦးလည်းပါဝင်သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မော်လမြိုင်မြို့တွင်ရှိသည့် SAC စစ်ဌာနချုပ်မှ တိုင်းမှူးသည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဆိပ်ကြီးမြို့အတွင်း ည (၆)နာရီနောက်ပိုင်း မည်သူတစ်ဦးတစ်ယောက်မျှ အိမ်အပြင်ထွက်ခြင်း သို့မဟုတ် သွားလာခြင်းမပြုရဟု မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇွန်လအထိတွင် ထိုအဖမ်းဆီး ခံရသောလူငယ်များနှင့်ပတ်သက်၍ သတင်းအစအနများ မည်သူမျှ မရရှိကြပါ။ [1]

 

 

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မော်လမြိုင်မြို့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တိုင်းမှူးသည် ကျေးရွာခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံ၍ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့ နယ်၊ ဆိပ်ကြီးမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တိုင်းမှူးမှ (မြို့နယ်အတွင်းရှိ) ကျေးရွာများ အနေဖြင့် လိုက်နာရမည့်မာရှယ်လောဥပေဒေ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်သူအများ အနေဖြင့် ည (၆)နာရီနောက်ပိုင်းတွင် အိမ်အပြင်သို့သွားလာခြင်းကို တားမြစ်ပိတ်ပင်သည့်စည်းမျဉ်းစည်းကမ်းကို အဆိုပါတိုင်းမှူးမှ အမိန့်ထုတ်ပြန်ခဲ့သည်။ (ထိုအချိန်မှစ၍) အမိန့်ဥပဒေကို မလိုက်နာသည့်ရွာသူရွာသားများသည် အဖမ်းဆီးခံရမည်ဖြစ်သည်။ (ထိုသို့အဖမ်းဆီးခံရသည့်သူများအတွက် လွတ်မြောက်လာစေရန် လာဘ်ထိုးငွေပေး၍ မရနိုင်ပါ။) မူစလင်ဘာသာကိုးကွယ်သူများသည် ညနေ (၅)နာရီ မတိုင်မှီ ဘုရားရှိခိုးဝတ်ပြုရမည်ဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးများလည်း မနက် (၆)နာရီမှစ၍ ဆွမ်းခံကြွရမည်ဖြစ်သည်။ ဤထုတ်ပြန်ချက်ကို လူတိုင်းလိုက်နာရမည်ဖြစ် သည်။ အရေးပေါ်လူနာများသည်လည်း မိမိတို့ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ထိုမှတဆင့် SAC တာဝန်ရှိသူများကို အသိပေး၍ ခွင့်ပြုချက်ရမှသာလျှင် ဆေးရုံသွားခွင့်ရှိသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့ ညနေပိုင်းတွင် (မာရှယ်လောထုတ်ပြန်သည့်ရက်) ဒူးပလာယာခရိုင်၊ နို့တကော မြို့နယ်၊ တကုခီးကျေးရွာအုပ်စု၊ စ---ကျေးရွာတွင်နေထိုင်သည့် အသက် (၁၃)အရွယ်ရှိသော စတုတ္ထတန်းကျောင်း သားတစ်ဦးဖြစ်သူ တ---သည် နို့တကောမြို့နယ်၊ ဝါးမယ်ကျေးရွာအုပ်စု၊ က---ကျေးရွာရှိ သူငယ်ချင်းတစ်ဦးဆီ အလည်သွားပြီးနောက် ရွာပြန်လာသည့်လမ်းတွင် SAC မှ ၎င်းအား ဖမ်းဆီးခဲ့သည်။ အဆိုပါကျောင်းသားသည် ည (၆)နာရီကျော်ကျော်သာရှိပြီး အိမ်ပြန်လာသည့်လမ်းတွင် အဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုနေ့တွင် SAC စစ်သားများမှ ဝ---ရွာသို့ပြန်လာသည့်အချိန်တွင် ထိုကျောင်းသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာသည်ကို ဆိုင်ပိုင်ရှင်ဖြစ်သူတစ်ဦးက တွေ့ရှိခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အဆိုပါကျောင်းသားသည် အဖမ်းဆီးခံခဲ့ရသည်။ သို့သော်လည်း ၂၀၂၃ခုနှစ်၊ ဇွန်အလအထိ သူ့သတင်းအကြောင်းအရာကို မည်သူမှ မသိရှိသေးပေ။ ကျေးရွာခေါင်းဆောင်များသည် ဆိပ်ကြီးမြို့ဘေးတွင် အခြေစိုက်သည့် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၄) တပ်စခန်းသို့ သွားရောက်ခဲ့ပြီး တ---အကြောင်းကို စုံစမ်းမေးမြန်းခဲ့သည်။ သို့သော်လည်း SAC သည် အဆိုပါကျောင်းသားအား ဖမ်းဆီးခဲ့ခြင်းမရှိဟု ကျေးရွာခေါင်းဆောင်များအား ပြန်လည်ပြောခဲ့သည်။ အဖမ်းဆီးခံရသည့်နေ့တွင် တ---သည် သူငယ်ချင်းဖြစ်သူ စောယ---နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ခရီးသွားလာခဲ့သည်။ စောယ---သည် အသက် (၂၂)နှစ်ရှိပြီး နို့တောပလာ ကျေးရွာအုပ်စု၊ ပ---ကျေးရွာတွင် နေထိုင်သည်။ သို့သော်လည်း အဆိုပါကျောင်းသားနှင့်သူ၏သူငယ်ချင်းဖြစ်သူ စောယ---တို့နှစ်ဦးနှင့်ပတ်သက်၍ သတင်းအစအနများ မည်သူမှ မကြားသိရှိရပါ။

(နို့တကောမြို့နယ်တွင် မာရှယ်လောထုတ်ပြန်ကြေညာပြီးနောက် ရက်အနည်းငယ်အကြာတွင်) ဆိပ်ကြီးမြို့မှ လူငယ် အချို့လည်း အဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့အား ဖမ်းဆီးရသည့်အကြောင်းမှာ သတ်မှတ်ခွင့်ပြုထားသည့် အချိန်အတွင်း ခရီးသွားလာခြင်းမပြုသောကြောင့်ဖြစ်သည်။ အဖမ်းဆီးခံရသည့်လူငယ်များကို SAC ရဟတ်ယာဉ်တစ်စီးဖြင့် မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ အဖမ်းဆီးခံရသည့်လူငယ်များ၏အခြေအနေကို မည်သူမှ မသိရှိပါ။  အဖမ်း ဆီးခံရသည့်လူငယ်များ စုစုပေါင်း (၆)ဦးရှိပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ၎င်းတို့အား မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုလူငယ်များအားလုံးသည် ဆိပ်ကြီးမြို့တွင် နေထိုင်ပါသည်။ SAC အနေဖြင့် မိဘဖြစ်သူများမှ ထိုအဖမ်းဆီးခံရသည့်လူငယ်များအား တွေ့ဆုံရန်နှင့် ခေါ်ဆောင်သွားရန် ခွင့်မပြုခဲ့ပေ။ (၂၀၂၃ခုနှစ်၊ ဇွန်လအထိတွင် ထိုအဖမ်းဆီးခံရသည့်လူငယ်များ ပျောက်ဆုံးနေဆဲဖြစ်ပြီး သတင်းအစအနများ မရရှိသေးပေ။)

လက်ရှိအခြေအနေသည် (လွတ်လပ်စွာသွားလာခွင့်အခြေအနေ) တစ်ဖြည်းဖြည်းပို၍တင်းကျပ်လာသည်။ ရွာသားများ အနေဖြင့် ယခင်ကဲ့သို့ ဆိပ်ကြီးမြို့သို့ ဈေးသွားဝယ်ရန် မလွယ်ကူတော့ပေ။ အထူးသဖြင့် အသက် (၁၆)နှစ်မှ ၅၀နှစ် အရွယ်ရှိသည့်ရွာသားများသည် ခရီးသွားလာရာတွင် အခက်အခဲများရှိသည်။ (အကြောင်းမှာ SAC စစ်ဆေးရေး ဂိတ်များတွင် ၎င်းတို့အား ပို၍စစ်ဆေးမေးမြန်းသောကြောင့်ဖြစ်သည်။) ထို့အပြင် ည (၆) နာရီနောက်ပိုင်းတွင် မည်သူမှ အိမ်အပြင်မထွက်ရဟု SAC မှ အမိန့်ထုတ်ပြန်ထားသည်။ ထိုမျှမက ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လူကို ထိခိုက်နာကျင်စေနိုင်သည့်ပစ္စည်းကိရိယာများ ယူဆောင်သွားခွင့်မရှိကြပါ။ (ဥပမာအနေဖြင့်) လူတစ်ဦးသည် မီးခြစ် တစ်လုံး သို့မဟုတ် လေးဂွတစ်လက် ယူဆောင်သွားပါက ထိုသူသည် အဖမ်းဆီးခံရနိုင်သည်။ (ရွာသားများသည် ဆေးဝါးပစ္စည်းများကိုလည်း သယ်ဆောင်ခွင့်မရှိပေ။) SAC မှ မာရှယ်လော ထုတ်ပြန်ကြေညာပြီးချိန်မှစ၍ ထိုသို့သော တင်းကြပ်သည့်အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လအထိ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ရွာသားများမျှော်လင့်ထားသလို အခြေအနေတိုးတက်ကောင်းမွန်လာခြင်းမရှိခဲ့သည့်အပြင် တစ်ဖြည်း ဖြည်းပို၍ဆိုးရွားတင်းကြပ်လာပါသည်။

Tue, 20 Jun 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင် ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်