Mon, 12 Jun 2023
ဒူးသထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ကျိုက်ထုံမြို့နယ်တွင် လူနေအိမ်မီးရှို့မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ကျိုက်ထုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၈)သည် ကျိုက်ထုံမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စု၊ အ---ကျေးရွာသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနေ အိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏စားဝတ်နေရေးနှင့်လုံခြုံရေး ကိုလည်း ထိခိုက်စေခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့တွင် SAC စစ်သားများသည် ကျိုက်ထုံမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ ဘ---ကျေးရွာရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) ၏စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီးနောက် လူနေအိမ်တစ်လုံးနှင့် အခြားတဲအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။[1]

 

 

SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် ဒေသခံလူထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ

ဒေသခံရွာသားများ၏ပြောပြချက်အရ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၈)သည် ဒူးသထူ (သထုံ)ခရိုင်၊ ကျိုက်ထုံမြို့နယ်၊ ဝင်းကံကျေး ရွာအုပ်စု၊ အ---ကျေးရွာတွင် ကင်းလှည့်နေခဲ့သည်။  ခမရ (၅၉၈) သည် ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ဆောထီး (ရွှေကျင်)မြို့နယ်၊ ရွှေကျင်မြို့တွင် အခြေစိုက်သည်။ အ---ကျေးရွာသည် ကရင်အမျိုးသားအဖွဲ့အစည်း (KNU) ၏အုပ် ချုပ်သည့်နယ်မြေတွင် တည်ရှိသည်။ အ---ကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) စစ်ဆေး ရေးဂိတ်နှစ်လုံးရှိသည်။ SAC စစ်သားများသည်လည်း အ---ကျေးရွာတွင် လှုပ်ရှားနေကြသည်။ အ---ကျေးရွာအနီး ပတ်ဝန်းကျင်တွင် SAC တပ်စခန်းများလည်းရှိသည်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့ မနက် (၈)နာရီဝန်းကျင်တွင် ခမရ (၅၉၈) သည် အ---ကျေးရွာအနီးရှိ KNLA လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်လုံးကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ (အဆိုပါတိုက်ပွဲသည် တစ်နာရီခန့်ကြာမြင့်ခဲ့သည်။) တိုက်ပွဲဖြစ်ပွားပြီး (၅)မိနစ်အကြာ မနက် (၉)နာရီဝန်းကျင်တွင် ခမရ (၅၉၈) သည် အ---ကျေးရွာသို့ လက်နက်ကြီး (၄၀)မမ ငါးလုံး၊ ခြောက်လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးသုံးလုံးသည် ကျေးရွာသို့ ကျပြီးပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီးများပေါက်ကွဲသွား၍ လူနေ အိမ်သုံးလုံးကို ထိမှန်၍ပျက်စီးသွားခဲ့သည်။ ထိုအိမ်သုံးလုံးသည် ဒေသခံရွာသားများဖြစ်ကြသည့် မခ---၊ ဦးဒ---နှင့် ဦးဗ---တို့အိမ်များဖြစ်ကြသည်။ သို့သော်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးမှ ထိမှန်၍ ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။ အကြောင်းမှာ တိုက်ပွဲဖြစ်ပွားနေ စဉ်အတွင်း သေနတ်ပစ်ခတ်သံများကိုကြားရပြီးနောက်တွင် ရွာသားများသည် ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖြစ်သည်။

အ---ရွာသားများသည် ကျိုက်ထုံမြို့နယ်အတွင်းရှိ အ---ကျေးရွာအနီးနားတွင်တည်ရှိသော ဖ---ရွာ၊ ဃ---ရွာ၊ ဟ---ရွာနှင့် င---ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် ၎င်းတို့၏တောင်ယာခြံထဲသို့ တိမ်းရှောင်ခဲ့သည်။ အ---ကျေးရွာတွင် လူဦးရေ (၁၃၅၀)ဦးကျော်ရှိသည်။ ရွာသားများ (၁၃၀၀)ခန့်သည် ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာထဲတွင် အသက်ကြီးသည့်ရွာသားများ အနည်းသာကျန်ခဲ့သည်။ ထိုသို့ထွက်ပြေးတိမ်းရှောင်ရသောကြောင့် ရွာသား များသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန်အခက်အခဲ များလည်းရှိခဲ့သည်။ ဤအခြေအနေနှင့်ပတ်သက်၍ အ---ရွာတွင် နေထိုင်သည့်အမျိုးသမီးဖြစ်သူ ဒေါ်ည---မှ KHRG အား ဤသို့ပြောပြခဲ့သည်။ “(ကျိုက်ထုံမြို့နယ်ရှိ) သိမ်ဇရပ်မြို့မှာတော့ ဆေးရုံ၊ဆေးခန်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ နေရာနဲ့အရမ်းဝေးတယ်။ ညဖက်ဆိုရင် (ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်) မြို့ထဲကိုသွားဖို့မလွယ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မတို့အတွက် မလုံခြုံဘူးလေ။ ဆေးဝါးတွေမရှိပေမဲ့ ကျွန်မတို့ဘာမှလုပ်လို့မရဘူး။ ဖျားနာရင် ဒီအ တိုင်းပဲ ခံစားနေရတယ်။”

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏စားဝတ်နေရေးကိုလည်း ထိခိုက်စေခဲ့သည်။ ဤအခြေအနေနှင့်ပတ် သက်၍ ဒေါ်ည---မှ ထပ်မံ၍ပြောပြခဲ့သည်။ “ရွာသားတွေအတွက် အရမ်းအန္တရာယ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ SAC စစ်သားတွေက ရွာထဲကို လက်နက်ကြီးတွေပစ်ချတယ်လေ။ လက်နက်ကြီးတွေပစ်တဲ့အတွက် ရွာသားတွေက သူတို့ရဲ့ လယ်ယာခြံထဲကို မသွားလာရဲတော့ဘူး။ ကျွန်မတို့ပြေးနေရတယ်။ အဲဒါကြောင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ အချိန်မရတော့ဘူး။ လက်နက်ကြီးတွေက ရွာထဲကျမှာကို ရွာသားတွေ အရမ်းကြောက်ကြတယ်။” အ---ရွာတွင် နေထိုင် သည့်အခြားအမျိုးသမီးဖြစ်သူ ဒေါ်ထ---မှလည်း KHRG အား ဤသို့ပြောပြခဲ့သည်။ “စားဝတ်နေရေးအတွက် ကျွန်မတို့ ရွာသားတွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့မရဘူး။ ဘယ်အချိန်တိုက်ပွဲဖြစ်မှာလဲ၊ ဘယ်အချိန်လက်နက်ကြီး ပစ်မှလဲ အချိန်တိုင်း ပူပင်နေရတယ်။ ကျွန်မတို့တွေ အပြင်ကိုထွက်ပြီး မသွားလာရဲတော့ဘူး။ ကျွန်မတို့ အရမ်းကြောက် တယ်။ ကောင်းကောင်းလည်း အိပ်လို့ မရဘူး။ နောက်တစ်ခါ ဘယ်အချိန်ပြေးရမလဲပဲ တွေးပူနေရတယ်။” 

(အ---ရွာမှ) အချို့ရွာသားများသည် ကျိုက်ထုံမြို့နယ်ရှိ ဖ---ကျေးရွာသို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တဖန် ပဲခူးတိုင်း၊ ဝေါ်မြို့နယ်တွင် အခြေစိုက်သည့် SAC စစ်သားများသည် ဖ---ရွာအနီးသို့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့ပြန်သည်။ ထို့ကြောင့် ဖ---ရွာတွင် ထွက်ပြေးခိုလှုံသည့် အ---ရွာသားများသည် (ဖ---ရွာသားများနှင့်အတူ) အခြားအဝေးတစ်နေရာ သို့ ထွက်ပြေးတိမ်းရှောင်ရပြန်သည်။ ထိုဒေသတွင် စစ်ဘေးရှောင်ရွာသားများအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှု များပေးသည့်အဖွဲ့အစည်းများ မရှိဟု ဒေသခံများ တင်ပြခဲ့သည်။ ဤသတင်းကို ရေးသားပြုစုနေစဉ်အတွင်း လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် မတည်ငြိမ်သည့်အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားအများစုသည် ၎င်းတို့ကျေးရွာများသို့ မပြန်လာနိုင်ခဲ့ပေ။

SAC မှ ရွာသားများ၏နေအိမ်တစ်လုံးနှင့် တဲအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခြင်း

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့ ညနေပိုင်းတွင် SAC စစ်သားများသည် ဒူးသထူခရိုင်၊ ကျိုက်ထုံမြို့နယ်၊ ဇီးပြောင်း ကျေးရွာအုပ်စု၊ ဘ---ကျေးရွာရှိ လူနေအိမ်တစ်လုံးနှင့် တဲအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံရွာသားများ၏ပြောပြချက်အရ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့တွင် ခမရ (၂၀၇)မှ SAC စစ်သား (၅၀)ဦး ခန့်သည် ခမရ (၂၀၇)တပ်စခန်းအနီးနားရှိ ဝါးဒတ်ကွင်းတွင် စစ်ရေးလှုပ်ရှားခဲ့သည်။ (ဝါးဒတ်ကွင်းသည် ဘ---ရွာသို့ ခြေကျင်ဖြင့်သွားလျှင် မိနစ်သုံးဆယ်ခန့်ကြာသည်။) ထိုနေ့တွင် SAC စစ်သားများသည် KNU ထိန်းချုပ်သည့်နယ်မြေသို့ သွားသည့်လမ်းကို သွားလာခွင့်မပေးဘဲ ပိတ်လိုက်သည်။ ထိုလမ်းပေါ်တွင် သွားလာနေသည့်ဆိုင်ကယ်နှင့်ကားများကို တားဆီး၍ရပ်ခိုင်းခဲ့ပြီး မည်သူ့ကိုမျှ ခရီးသွားလာခွင့်မပေးခဲ့ပေ။ SAC သည် ဝင်းကံကျေးရွာအုပ်စုမှ ဇီးပြောင်းကျေးရွာ အုပ်စုအတွင်းသို့ သွားလာနေသည့်ဆိုင်ကယ်၊ကားများကို ရပ်ခိုင်းပြီး ရွာသားတွေဆီမှ ဖုန်းများကို သိမ်းဆည်းခဲ့သည်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့ ညနေ (၃)နာရီခန့်တွင် SAC စစ်သား (၆၀)ဦးခန့်သည် ဝါးဒတ်ကွင်းမှ ဘ---ရွာသို့ ခရီးသွားခဲ့ပြီး ထိုဒေသတွင် စစ်ကြောင်းထိုးခဲ့သည်။ စစ်ကြောင်းထိုးသည့်အချိန်တွင် (ဝါးဒတ်ကွင်းတွင် ကျန်ရစ်သည့်) ခမရ (၂၀၇)မှ အချို့စစ်သားများသည် ဘ---ရွာသို့စစ်ကြောင်းထိုးလာနေသော SAC စစ်သားများကို ကူညီသည့်အနေဖြင့် ဒေသအတွင်း လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများသည် ဘ---ရွာအနီးတွင် ကျပြီးပေါက်ကွဲ ခဲ့သည်။ ဘ---ရွာတွင် KNLA စစ်ဆေးရေးဂိတ်တစ်လုံးရှိသည်။ ထိုစစ်ဆေးဂိတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်သားများသည် KNLA စစ်သားများနှင့် အတူရှိသည်။ ထိုဒေသတွင် SAC မှ စစ်ကြောင်းထိုးရသည့်အကြောင်းရင်းမှာ အဆိုပါ KNLA စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးရန်ဖြစ်သည်။

SAC စစ်သားများမှ ဘ---ရွာသို့ရောက်ရှိသည့်အချိန်တွင် ထို SAC စစ်သားများကို စစ်ကူအနေဖြင့်ကူညီပေးရန် အတွက်   (နောက်တွင်ကျန်ရစ်သည့်) ခမရ (၂၀၇) သည် လက်နက်ကြီးများပစ်ခတ်ခြင်းကိုရပ်ပြီး ဘ---ရွာသို့ ၎င်းတို့၏စစ်သား များကို စေလွှတ်ခဲ့သည်။ ညနေပိုင်း (၄)နာရီခန့်တွင် SAC စစ်သားများ (၁၀၀)ဦးခန့်သည် အဆိုပါ KNLA စစ်ဆေးရေး ဂိတ်အနီးနားတွင်ရှိသော ရွာသားအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ SAC စစ်သားများသည် ၎င်းတို့မီးရှို့ဖျက်ဆီးခဲ့ သည့်လုပ်ရပ်များကို ဓာတ်ပုံရိုက်၍မှတ်တမ်းယူခဲ့သည်။ ထိုအိမ်သည် ဇီးပြောင်းကျေးရွာအုပ်စု၊ မ---ကျေးရွာတွင် နေထိုင်သည့် ဦးလ---၏အိမ်ဖြစ်သည်။ ထို့အပြင် SAC သည် ဦးလ---၏အိမ်အနီးနားရှိ ထင်းများစုပုံထားသည့်တဲအိမ် တစ်လုံးနှင့် ဆိတ်မွေးမြူသည့်အဆောက်အဦးတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဦးလ---၏အိမ်သည် ကာလပေါက် ဈေးအရ သိန်း (၂၀၀)ရှိသည်။ ထိုသို့လူနေအိမ်နှင့် အဆောက်အဦးများကို မီးရှို့ဖျက်ဆီးပြီးနောက် SAC စစ်သား များသည် ဘ---ရွာမှ ထွက်ခွာလာခဲ့သည်။  SAC စစ်သားများသည် ထိုရွာသားအိမ်ကို PDF အဖွဲ့ဝင်များ၏အိမ်ထင်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများ က ယူဆကြသည်။

ဤဖြစ်စဉ်မဖြစ်ပွားမှီတွင် အရင်က SAC စစ်သားများသည် ကျိုက်ထုံမြို့နယ်အတွင်း ရွာသားများ၏အိမ်များကို နှစ်ကြိမ် မီးရှို့ခဲ့ပြီးဖြစ်သည်။ ဤတစ်ကြိမ်လူနေအိမ်မီးရှို့မှုသည် သုံးကြိမ်မြောက်ဖြစ်သည်။ ၂၀၂၂ခုနှစ်၊ အောက် တိုဘာလတွင် SAC မှ ကျိုက်ထုံမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ န---နှင့် ဝ---ကျေးရွာများရှိ လူနေအိမ်များကို မီးရှို့ခဲ့သည်။ ထိုရွာနှစ်ရွာမှ ၎င်းတို့မီးရှို့ခဲ့သောအိမ်များသည် စုစုပေါင်း (၁၇)လုံးရှိသည်။

Mon, 12 Jun 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်