Wed, 21 Dec 2022
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် အဓမ္မပြောင်းရွှေ့ခိုင်းစေခံရသည့် အမျိုးသမီးတစ်ဦး သေဆုံး (၂၀၂၂ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း)မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် အဓမ္မပြောင်း ရွှေ့ခိုင်းစေခံရသည့်အမျိုးသမီးတစ်ဦးသည် သူမ၏ကျေးရွာသို့ ဆန်ပြန်လာယူသည့်အချိန်တွင် လက်နက်ကြီးထိမှန် ပြီး သေဆုံးခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားသည်။ သူမ၏လည်ပင်းအနောက်၊ ပေါင်နှင့် ခြေထောက်ကို လက်နက်ကြီးအပိုင်းအစများထိမှန်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့သည်။ သူမမှာ အမျိုးသားနှင့်ကလေးငါးဦးကို ထားရစ်ခဲ့ ရသည်။ အခင်းမဖြစ်ပွားခင်တွင် သူမနှင့်သူမ၏မိသားစုဝင်များသည် အခြားရွာသားများနှင့်အတူ ရွှေကျင်အင်းကျေး ရွာအုပ်စုရှိ ရွာတော်တော်များများတွင် ထွက်ပြေးတိမ်းရှောင်၍ နေထိုင်ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း)မြို့နယ်၊ ရွှေကျင်အင်းကျေးရွာအုပ်စု၊ တောင်စုကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်သူးလေဖော

အသက်

၄၃နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ  

အလုပ်အကိုင်

လယ်ယာလုပ်ငန်း

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ရွှေကျင်အင်းကျေးရွာအုပ်စု၊ တောင်စုကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

SAC ခမရ အမှတ် (၃၅၁)

မူးမြို့နယ်၊ ရွှေကျင်အင်းကျေးရွာအုပ်စု၊ တောင်စုကျေးရွာ၊ နန်းသာကွင်းတံတား

ဗိုလ်ကြီးဇေရဲလေး

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးသည် သေဆုံးသူအမျိုးသမီး၏မိသားစုကို ဆက်သွယ်နိုင်ရန်အတွက် ဒေသခံ အာဏာပိုင်များကို ဆက်သွယ်၍စုံစမ်းမေးမြန်းခဲ့ပြီး မူးမြို့နယ်၊ အ---ကျေးရွာတွင် ပုန်းရှောင်နေသည့် သေဆုံးသူ အမျိုးသမီး၏မိသားစုဝင်များကို သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် KHRG သတင်းမှတ်တမ်းပြုစုသူသည် သေဆုံးသူအမျိုးသမီး နော်သူးလေဖော၏အမျိုးသားဖြစ်သူ စောဘ---ကို အင်တာဗျုးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်ကိုပေးသောသူသည် သေဆုံးသူအမျိုးသမီး၏အမျိုးသားဖြစ်ပြီး သူသည် အခင်းဖြစ်ပွား သည့်နေရာသို့ ကိုယ်တိုင်သွား၍ ၎င်း၏အမျိုးသမီးအလောင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်သူတစ်ဦးလည်း ဖြစ်သည်။ အခြားသောရွာသားများလည်း (ထိုအခင်းဖြစ်ပွားသည့်နေရာတွင်) သေဆုံးသူအမျိုးသမီးအလောင်းအား တွေ့ရှိခဲ့ပြီး သူမ၏အလောင်းအား မြေမြှုပ်သဂြိုလ်ပေးရန်အတွက် အ---ကျေးရွာသို့ ပြန်သယ်လာခဲ့ရကြောင်း သိရှိခဲ့ရသည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဖော်ပြသည့်သတင်းအကြောင်းအရာများသည် မျက်မြင်ကိုယ်တွေ့ခဲ့သူများ ၏ပြောပြချက်များအပေါ်တွင် အခြေခံ၍ ရေးသားထားပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်း (၁၁)နာရီဝန်းကျင်ခန့်တွင် မူးမြို့နယ်၊ ရွှေကျင်အင်းကျေးရွာအုပ်စု၊ တောင်စုကျေးရွာမှ စစ်ပြေးရှောင်အမျိုးသမီးတစ်ဦးဖြစ်သူ နော်သူးလေဖောသည် (တောင်စုကျေးရွာမှ) သူမစစ်ပုန်း ရှောင်နေရသည့်နေရာ (အခြားရွာတစ်ရွာ)သို့ ပြန်လာသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များမှ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့၍ သူမအား လက်နက်ကြီးအပိုင်းအစများ ထိမှန်ခဲ့သည်။ သူမသည် တောင်စုကျေးရွာသို့ လိုအပ်သည့်ဆန်ကို ပြန်လာယူပြီးနောက် (သူမပုန်းရှောင်နေရသည့်နေရာသို့ ဆန်ကို ပြန်သယ် လာခဲ့ခြင်းဖြစ်သည်။) သူမသည် (ကျေးရွာမှ ပြန်ထွက်လာပြီး) ရွာ၏အဝင်နားတွင်ရှိသည့်စပါးခင်းသို့ ရောက်ရှိသည့် အချိန်တွင် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။ (လက်နက်ကြီး) အပိုင်းအစများသည် သူမ၏ပေါင်၊ ခြေထောက်နှင့် လည်ပင်းအနောက်ဖက်ကို ထိမှန်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် တာဝန်ရှိသည့် SAC တပ်ဖွဲ့သည် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၁)ဖြစ်သည်။ ၎င်းတပ်ဖွဲ့သည် ဗိုလ်ကြီးဇေရဲလင်း၏အမိန့် အောက်တွင်ရှိသည်။ ၎င်းတပ်ဖွဲ့သည် (ဇူလှိုင်လမှစ၍ တောင်စုကျေးရွာအဝင်နားရှိ) နန်းသာကွင်းတံတားတွင် ယာယီ အခြေစိုက်နေထိုင်ခဲ့သည်။ သို့သော် ဗိုလ်ကြီးဇေရဲလင်းသည် လယ်ဒိုတပ်စခန်းတွင် အခြေစိုက်နေထိုင်သည်။

 

ဤအခင်းမဖြစ်ပွားမှီ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် SAC သည် မူးမြို့နယ်၊ ရွှေကျင်အင်းကျေးရွာအုပ်စုရှိ နို့ကူ၊ တမာထော၊ နို့ကလောနှင့်တောင်စုကျေးရွာများနှင့် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စုရှိ သဲကုန်း၊ ငါးပြက်အင်း၊ ညောင်ကုန်း (ခလာခို့)နှင့် အင်းနက်ကျေးရွာများမှ ရွာသားများကို ၎င်းတို့ကျေးရွာများမှ အဓမ္မရွှေ့ပြောင်းစေခဲ့သည်။ ဒေသခံတစ်ဦး၏ပြောပြချက်အရ လယ်ဒိုနှင့် နန်းသာကွင်းဒေသအတွင်း လှုပ်ရှားနေသည့် (ရွာသားများကို အဓမ္မရွှေ့ပြောင်းခဲ့သည့်) SAC တပ်ဖွဲ့များသည် ပြည်သူ့စစ်အဖွဲ့ဝင်များအပါအဝင် ခမရ အမှတ် (၅၉၀)၊ ခြေလျှင်တပ်ရင်း (ခလရ)အမှတ် (၆၀)နှင့် ခမရ အမှတ် (၄၄၀) များဖြစ်ကြသည်။ ရွှေကျင်အင်းကျေးရွာ အုပ်စုတစ်အုပ်စုအတွင်းတွင်သာ အဓမ္မပြောင်းရွှေ့ခံရသည့်ရွာသားများ (၂၀၅၆)ဦးရှိသည်။ အင်းနက်ကျေးရွာအုပ်စုမှ အဓမ္မပြောင်းရွှေ့ခံရသည့်ရွာသားများဦးရေကို KHRG မှ ရယူနိုင်ခြင်းမရှိခဲ့ပေ။ ရွာသားတစ်ဦးမှ (စက်တင်ဘာလ ၉ရက်နေ့တွင်) SAC စစ်သားများသည် ရွာသားများကို အဓမ္မပြောင်းရွှေ့ခဲ့သည့်အကြောင်းကို ဤကဲ့သို့ ပြောပြခဲ့ သည်။ “ဒီနေ့မှာ မင်းတို့ရွာသားတွေအားလုံး ပြောင်းရွှေ့ရမယ်။ ဘယ်သူမှ ရွာထဲမှာ နေလို့မရဘူး။ တကယ်လို့ တစ်ယောက်ယောက်က ရွာထဲမှာနေမယ်ဆိုရင် ငါတို့မင်းတို့ရွာထဲကို လက်နက်ကြီးတွေပစ်ချမယ်။” အမျိုးသမီး၊ ကလေးများနှင့် မွေးကင်းစကလေးငယ်များအပါအဝင် ရွာသားများအားလုံး ပြောင်းရွှေ့ခဲ့ရသည်။

 

ရွာသားများသည် ရုတ်တရက်ပြောင်းရွှေ့ခဲ့ရသည့်အတွက်ကြောင့် စားနပ်ရိက္ခာများ ၎င်းတို့နှင့်အတူ သယ်ယူသွားနိုင် ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် (နောက်ပိုင်းတွင်) တစ်ချို့သောရွာသားများသည် (၎င်းတို့ရွာသို့ပြန်၍) စားစရာများ ပြန်ယူပြီး မိမိကျွဲ၊နွားတိရစ္ဆာန်များနှင့် (ခြံစိုက်ခင်းများကို) ပြန်ကြည့်ခဲ့ကြသည်။ (နော်သူးလေဖောသေဆုံးမှု) ထိုမှုခင်းဖြစ်ပွားခဲ့ သည့်အတွက်ကြောင့် ယခုအချိန်တွင် ရွာသားများသည် ၎င်းတို့ရွာသို့ပြန်လာပြီး စားစရာများ ပြန်လာယူ၍ မိမိကျွဲ၊နွား တိရစ္ဆာန်များနှင့်ခြံစိုက်ခင်းများကို ပြန်လာကြည့်ရန် ကြောက်ရွံ့နေကြသည်။

 

အဓမ္မပြောင်းရွှေ့ခံရသည့်ရွာသားတစ်ဦးဖြစ်သူ နော်စ---၏ပြောပြချက်အရ “SAC စစ်သားတွေက ကျွန်မတို့ကို အတင်းပြောင်းရွှေ့ခိုင်းတယ်။ အဲဒါကြောင့် ကျွန်မတို့လည်း အခက်အခဲအများကြီးတွေနဲ့ ရင်ဆိုင်ရတာပေါ့။ တကယ် လို့ SAC စစ်သားတွေက ကျွန်မတို့ကို ပြောင်းရွှေ့မယ့်နေရာတစ်ခုခုပေးမယ်ဆိုရင် ကျွန်မတို့လည်း အဲဒီနေရာကို သွားပြီးနေထိုင်လို့ရတယ်လေ။ ဒါပေမဲ့အခုတော့ သူတို့က ကျွန်မတို့ရွာသားတွေကို ဒီလိုပဲပြောင်းရွှေ့ခိုင်းတယ်။ ကျွန်မတို့လည်း ဘယ်နေရာမှာ နေရမှန်းမသိဘူးလေ။ အဲဒါကြောင့် ကျွန်မတို့က တောထဲမှာဘဲ သွားနေရတယ်။ အခြေအနေကောင်းလာတဲ့အထိ ကျွန်မတို့စောင့်ကြည့်ခဲ့သေးတယ်။ ကျွန်မတို့ရွာကို သူများမသိအောင် သူခိုးလို ပြန်ပြီး စားစရာအချို့ကိုသွားယူခဲ့ရတယ်။ တကယ်လို့ သူတို့က ကျွန်မတို့ကို တွေ့သွားမယ်ဆိုရင် သူတို့က ကျွန်မတို့ကို ပစ်သတ်သွားလိမ့်မယ် ဒါမှမဟုတ် ဖမ်းလိမ့်မယ်။ SAC စစ်သားတွေက ကျွန်မတို့ကို ရွာပြန်ခွင့်မပေးဘူးလေ။ ဒါပေမဲ့ သူတို့က ကျွန်မတို့ရွာထဲကိုဝင်တယ်။ ပြီးတော့ ကျွန်မတို့ရဲ့စားစရာတွေ၊ ပစ္စည်းဥစ္စာတွေကို ခိုးယူနေကြတယ်။”

 

ယခုအခြေအနေကိုပြန်ကြည့်မည်ဆိုပါက ရွာသားများသည် ကျေးရွာတွင်းသို့ ပြန်လာရန်ကြောက်ရွံ့နေရသည့် အတွက်ကြောင့် (၎င်းတို့ပြောင်းရွှေ့သည့်နေရာတွင် အသက်ရှင်နေနိုင်ရန်အတွက်) အခက်အခဲစိန်ခေါ်မှုများစွာ ကြုံတွေ့နေကြသည်။ သူများအိမ်မှာသော်လည်းကောင်း၊ သူများယာခင်းထဲမှတဲအိမ်များတွင်သော်လည်းကောင်း၊ တောထဲတွင်သော်လည်းကောင်း ပြောင်းရွှေ့ပြီးနေထိုင်ရသည့်အချိန်တွင် ရွာသားများသည် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ကျေးရွာအနီးရှိ မိမိတို့ဆွေမျိုးများနှင့်သူငယ်ချင်းများအိမ်တွင် သွားနေရသည့်ရွာသားများသည် စားဝတ်နေရေးအတွက် ၎င်းတို့ဆွေမျိုးများနှင့်သူငယ်ချင်းကိုသာ မှီခိုအားထားရသည်။ တစ်ချို့သောရွာသားများ သည်လည်း လယ်ဒိုမြို့နယ်မှ မူးမြို့နယ်သို့သွားသည့်လမ်းမတစ်လျှောက်ရှိ တောထဲတွင် ပြောင်းရွှေ့ခဲ့ရသည်။

 

တစ်ချို့ရွာသားများသည် (ပဲခူးတိုင်း)၊ ဖြူမြို့နယ်အတွင်းရှိ တောင်ငူမြို့၊ ဖြူမြို့နှင့်ကျောက်ကြီးမြို့ပေါ်သို့ ပြောင်းရွှေ့ ခဲ့ရသည်။ ဤအခြေအနေသည် ဆက်လက်တည်ရှိအုန်းမည်ဆိုပါက ရွာသားများသည် (၎င်းတို့လယ်ယာခြံထဲရှိ) ကောက်ပဲသီးနှံများ ရိတ်သိမ်းနိုင်တော့မည်မဟုတ်ကြောင်း စိုးရိမ်မှုများစွာရှိနေသည်။ ရွာသားများစိုးရိမ်ရဆုံးတစ်ခု မှာ လာမည့်နှစ်တွင် စားနပ်ရိက္ခာများ ပြတ်လပ်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် ရွာသားများသည် ၎င်းတို့ဆွေမျိုးသား ချင်းများနှင့်မိတ်ဆွေသူငယ်ချင်းများအပေါ် စားဝတ်နေရေးအတွက် မှီခိုနေကြရသော်လည်း (လာမည့်နှစ်တွင်) စားနပ် ရိက္ခာများမရှိတော့မည်ကို စိုးရိမ်နေလျှက်ရှိသည်။ (အကြောင်းမှာ ၎င်းတို့ကောက်ပဲသီးနှံများကို ရိတ်သိမ်းနိုင်မည် မဟုတ်တော့ကြောင့်ဖြစ်သည်။) ဤအခြေအနေနှင့်ပတ်သတ်၍ အမျိုးသမီးတစ်ဦးမှ ယခုလိုပြောကြားခဲ့သည်။ “ကျွန်မတို့က  အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာလုပ်ငန်းလုပ်ကြတယ်။ ဒီနှစ်မှာ မိုးရေကြီးလို့ စပါးတွေ လည်း အထွက်နှုန်းမကောင်းဘူး။ အဲဒါအပြင် ကျွန်မတို့ရွာသားတွေ အဓမ္မပြောင်းရွှေ့ခိုင်းတဲ့အတွက်ကြောင့် ကျွဲ၊နွား တိရိစ္ဆာန်တွေကိုလည်း (ရွာထဲမှာ လိုက်အော်ပြီး) ဒီတိုင်းပဲ လွှတ်ထားလိုက်ရတယ်။ အဲဒါကြောင့် လာမယ့်တစ်နှစ်မှာ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားမှာကို စိုးရိမ်ပူပန်နေရတယ်။” 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သေဆုံးသူအမျိုးသမီး၏အမျိုးသားသည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထား ပါသည်။

Wed, 21 Dec 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖေါ်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်