Fri, 04 Nov 2022
ခလယ်လွီထူခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်ဒိုမြို့နယ်တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ (၂၀၂၂ခုနှစ်၊ ဇူလှိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားပါသည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ ၉ရက်နေ့ မနက် (၇)နာရီဝန်းကျင်ခန့်တွင် လေးနှစ်သားအရွယ်ယောကျ်ားကလေးတစ်ဦးသည် မြေမြှုပ်မိုင်း တစ်လုံးကို နင်းမိခဲ့၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အသက်၂၄နှစ်အရွယ်ရှိသော သူ၏မိခင်လည်း ဒဏ်ရာရရှိခဲ့ သည်။ ၎င်းသားအမိနှစ်ဦးသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ ရ--- ကျေးရွာတွင် နေထိုင် ကြသည်။ ထိုမြေမြှုပ်မိုင်းပေါက်ကွဲမှုသည် လှေဆိပ်တစ်ခုတွင် ဖြစ်ပွားခဲ့ပြီး ရ---ကျေးရွာနှင့်သုံးမိုင်လောက်ဝေး ပါသည်။ မိခင်ဖြစ်သူသည် သူမ၏သားနေမကောင်းဖြစ်သည့်အတွက် သားဖြစ်သူကို ကရင်ရိုးဆေးရုံသို့ ပို့ဆောင်ရန် လှေဆိပ်တွင် ရောက်လာခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏သားဖြစ်သူ၏ခြေထောက်နှစ်ဖက် စလုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူမလည်း တံတောင်ဆစ်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မျက်နှာနှင့် ခေါင်းတွင်လည်း ဒဏ်ရာရရှိခဲ့သည်။ သူမ၏မိသားစုသည် စားဝတ်နေရေးအတွက် နေ့စားအလုပ်ကို လုပ်ကြရပြီး ဝင် ငွေအနည်းငယ်သာရရှိသောကြောင့် ဆေးကုသမှုကုန်ကျစရိတ်ကို မတတ်နိုင်၍ ငွေရေးကြေးရေးအခက်အခဲများ နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သူမ၏မိသားစုသည် အချို့သောကူညီထောက်ပံ့ငွေများ လက်ခံရရှိသော်လည်းသွားလာ ရေးကုန်ကျစရိတ်အတွက် ငွေလိုအပ်နေသေးသည်။[1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ ရ--- ကျေးရွာနှင့်သုံး မိုင် လောက်ဝေးသည့် လှေဆိပ်နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

က---

ဘ---

အသက်

လေးနှစ်

၂၄နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာ

ဗမာ

မိသားစုရှိ/မရှိ   

ရှိ

ရှိ

အလုပ်အကိုင်

မှီခို

နေ့စားအလုပ်သမား

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ်ရွာအမည်

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ ရ--- ကျေးရွာ

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ ရ--- ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် ၎င်းမြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်ကို သတင်းမီဒီယာတွင် တွေ့မြင်ပြီးနောက် အခင်းဖြစ်ပွားမှုနှင့်ပတ်သတ်၍ သတင်းအချက်အလက်များ အသေးစိတ် ရရှိရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒေသခံခေါင်းဆောင်တစ်ဦးကို ဆက်သွယ်လာပြီး ထိုသား အမိနှစ်ဦးမိသားစုဝင်များ၏ဆက်သွယ်ရန်ဖုန်းနံပတ်ကို မေးမြန်းရယူခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့တွင် KHRG သတင်းစုဆောင်းသူသည် ထိုသားအမိ၏မိသားစုဝင်တစ်ဦးဖြစ်သူ တ---နှင့် အင်တာဗျူးပြုလုပ်၍ မေးမြန်း ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေမြှုပ်မိုင်းထိမှန်ခဲ့သည့်ကလေး၏အဖိုးဖြစ်သူ တ---မှ ဤသတင်းအကြောင်းအရာကို မျှဝေခဲ့သည်။ တ---သည် ထိုကလေးငယ်တစ်ဦး၏အုပ်ထိန်းသူတစ်ဦးလည်းဖြစ်သည်။ ဦးလေးကြီးဖြစ်သူသည် သူ၏တူမနှင့်မြေးလေး ကို ဆေးရုံသို့ပို့ဆောင်ရာတွင် တာဝန်ယူပေးခဲ့ရသည်။ ထို့ကြောင့် ဦးလေးကြီးဖြစ်သူသည်  ၎င်းတို့ဆေးကုသမှုရရှိရန် အတွက် ဆေးကုသမှုပိုင်းဆိုင်ရာလက်မှတ်ရေးထိုးခဲ့၍ ထောက်ခံချက်ပေးခဲ့တစ်ဦးလည်း ဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ ၉ရက်နေ့ မနက်ပိုင်း (၇)နာရီဝန်းကျင်တွင် လေးနှစ်သားအရွယ်‌ယောကျ်ားကလေးတစ်ဦးဖြစ်သူ က---သည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ ရ--- ကျေးရွာအနီးရှိ လှေဆိပ်တစ်ခုတွင် မြေမြှုပ် မိုင်းတစ်လုံးကို နင်းမိခဲ့၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အသက်၂၄နှစ်အရွယ်ရှိသော သူ၏မိခင်ဖြစ်သူ ဘ---လည်း ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာသည် ရ---ကျေးရွာနှင့်သုံးမိုင်ခန့်ကွာဝေးသည်။ မိခင်ဖြစ်သူ သည် သူမ၏သားနေမကောင်းဖြစ်သောကြောင့် သူမ၏သားကို ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကရင်ရိုးဆေးရုံသို့ ပို့ဆောင်ရန် လှေဆိပ်တွင်သွားရောက်၍ လှေစောင့်နေခဲ့သည်။ (ကရင်ရိုးဆေးရုံသည် KHRG ၏လှုပ်ရှားရာနယ်မြေ၏ အပြင်ဘက်တွင် တည်ရှိသည်။) မိခင်ဖြစ်သူဘ---က သူမတို့သားအမိနှစ်ဦးသည် ကရင်ရိုးဆေးရုံသို့ သွားနိုင်သည်ဟု ထင်မြင်ခဲ့သည်။ အကြောင်းမှာ အခြားရွာသားများသည် ၎င်းတို့ဆွေမျိုး တစ်ဦးဆုံးပြီး ၎င်းအသုဘတက်ရောက် ရန်အတွက် ရ---ကျေးရွာမှ င---ကျေးရွာသို့ ဖြတ်သန်းသွားလာခဲ့သည်ကို ထိုသားအမိမြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ဘ---သည် အပေါ့ သွားရန် လှေဆိပ်အပြင်သို့ ထွက်သွားခဲ့သည့်အချိန်တွင် သူမ၏သားသည် လှေဆိပ်အနီးတစ်နေရာတွင် မြေမြှုပ်မိုင်း တစ်လုံးနင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏သားသည် ခြေနှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ပြီး သူမလည်း တံတောင်ဆစ်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မျက်နှာနှင့်ခေါင်းတွင်လည်း ဒဏ်ရာရရှိခဲ့သည်။

 

အခင်းဖြစ်ပွားပြီးနောက် ဘ---သည် သူမ၏သားအတွက် ကျေးရွာရှိကျန်းမာရေးလုပ်သားများထံမှ ဆေးကုသမှုရရှိ ရန် ရွာသို့ပြန်ပို့ရန် သူမ၏သားကို ထမ်း၍ ကြိုးစားပြီးသယ်ဆောင်လာခဲ့သည်။ ကျေးရွာသို့ပြန်လာနေသည့်အချိန် တွင် ရ---ကျေးရွာတွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား လမ်းတွင်ဆုံတွေ့ပြီး ထိုအမျိုးသမီးက သူမတို့သားအမိ အား ဆိုင်ကယ်ပေါ်တင်၍ ရွာသို့ပြန်ပို့ဆောင်ခဲ့သည်။ ရွာသို့ရောက်ရန် နာရီဝက်ခန့်ကြာမြင့်ခဲ့သည်။ ရွာသို့ရောက်ရှိ သည့်အချိန်တွင် ဘ---သည် ရရှိထားသည့်ဒဏ်ရာများကြောင့် သတိလစ်နေခဲ့သည်။ ကျေးရွာမှ ကျန်းမာရေးလုပ်သား များသည် သူမ၏သားကို ဆေးကုသပေးရန်အတွက် ဘာမျှမတတ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ တွင် လုံလောက်သည့်ဆေးပစ္စည်းကိရိယာများ မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုသားအမိကို (အခင်းဖြစ်ပွား သည့်နေရာ) လှေဆိပ်သို့ပြန်ပို့ခဲ့ပြီး ထိုမှတစ်ဆင့် လှေဖြင့် (ကျောက်တံခါးမြို့နယ်) ကရင်ရိုးဆေးရုံသို့ ပို့ဆောင်ခဲ့ သည်။ ၎င်းသားအမိနောက်ကို ၎င်းတို့မိသားဝင် (၇)ဦးလည်း လိုက်ပါလာခဲ့သည်။ ကရင်ရိုးဆေးရုံသို့ ရောက်ရန် မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့သည်။ ကရင်ရိုးဆေးရုံမှ ဆရာဝန်သည် ထိုသားအမိရရှိထားသည့်ဒဏ်ရာများကို ပတ်တီး စီးပေးခဲ့သည်။ သို့သော် ကရင်ရိုးဆေးရုံမှလည်း ၎င်းသားအမိ ရရှိထားသည့်ဒဏ်ရာများအား ဆေးကုသမှု အပြည့်အဝ မပေးနိုင်ခဲ့ပေ။ အကြောင်းမှာ ၎င်းတို့တွင်လည်း လုံလောက်သည့် ဆေးပစ္စည်းကိရိယာများ မရှိသောကြောင့်ဖြစ် သည်။ ထို့နောက် ထိုသားအမိအား လူနာတင်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်၍ ကျောက်တံခါးပြည်သူ့ဆေး ရုံသို့ပို့ ဆောင်ခဲ့သည်။ ကျောက်တံခါးပြည် သူ့ဆေးရုံသို့ ရောက်ရှိသည့်အချိန်တွင် အဖိုးဖြစ်သူတ---သည် သူ့မြေးလေး၏ နှုတ်ခမ်းသားမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်ကို သတိထားမိခဲ့သည်။ က---အား သွေးသွင်းပေးရန် တ---သည် ကျောက်တံခါးပြည်သူ့ဆေးရုံမှ ကျန်းမာရေးလုပ်သားများအား ပြောခဲ့ပြီးနောက် ဆရာဝန်များမှ သွေးသွင်းပေးခဲ့သည်။ ထို့နောက် ကျောက်တံခါးပြည်သူ့ဆေးရုံမှ ကျန်းမာရေးလုပ်သားများသည် က---နှင့်ဘ---အား ပဲခူးအထွေထွေ ဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ပထမတွင် က---၏ အဖိုးဖြစ်သူသည် သူ၏မြေးနှင့်တူမကို ရန်ကုန်အထွေထွေ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် စဉ်းစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ကျောက်တံခါးဆေးရုံမှ အကြံပေး သည့်အတိုင်း လိုက်နာလုပ်ဆောင်ခဲ့သည်။

 

က---အား သွေးသွင်းပြီးနောက် သူနှင့်သူ၏မိခင်ကို ပဲခူးမြို့ရှိ အထွေထွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဇူလိုင် လ၊ ၉ရက်နေ့ ည (၁၂)နာရီဝန်းကျင်တွင်  ပဲခူးဆေးရုံသို့ရောက်ရှိခဲ့သည်။ ပဲခူးဆေးရုံသို့ရောက်ရှိပြီးနောက် ဆရာဝန်မှ က---သည် ခြေထောက်နှစ်ဖက်လုံးဖြတ်ပစ်ရန်လိုအပ်သည်ဟု အဖိုးဖြစ်သူအား ပြောပြခဲ့သည်။ ညနေ (၃)နာရီ ဝန်းကျင်တွင် ဆရာဝန်များမှ က---၏ခြေထောက်နှစ်ဖက်လုံးကို ဖြတ်ပစ်ခဲ့သည်။ ဘ---လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခဲ့ပြီး မြေမြှုပ်မိုင်းအပိုင်းအစကြောင့် သူမရရှိခဲ့သည့်ဒဏ်ရာများကို ဆေးကုသမှုခံယူရန် လိုအပ် ခဲ့သည်။ ၎င်းသားအမိနှစ်ဦးသည် ပဲခူးအထွေထွေပြည်သူ့ဆေးရုံတွင် (၇)ရက်ကြာ ဆေးကုသမှုခံယူခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့တွင် ၎င်းတို့သည် ဆေးရုံမှ ဆင်းလာနိုင်ခဲ့သည်။ ဆေးရုံမှဆင်းလာပြီးနောက် ထိုသားအမိသည်  အ---ရွာတွင်ရှိသော မိတ်ဆွေတစ်ဦး၏အိမ်တွင် နေထိုင်ခဲ့ပြီး ကျောက်တံခါးဆေးရုံတွင် နောက်ထပ်ဆေးကုသမှုခံယူ ရန်အတွက် စောင့်စားနေထိုင်ခဲ့ခြင်းဖြစ်သည်။ (အ---သည် မည်သည့်ကျေးရွာအုပ်စုတွင်တည်ရှိနေသည်ကို မသိရှိပါ။) ဆေးကုသမှုခံယူပြီးနောက် (ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို ရေးသားနေစဉ်အတွင်း) ထိုသားအမိနှစ်ဦးစလုံး ရရှိထားသည့်ဒဏ်ရာများသည် ကောင်းမွန်စွာပြန်လည်ကောင်းလာခြင်းမရှိသေးပေ။ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) မှ ခြေထောက်နှစ်ဖက်လုံး အဖြတ်ခံရသည့်က---အတွက် ခြေထောက်တုများရရှိရန် ဘားအံမြို့ရှိ ခြေထောက်တုပြုလုပ်သည့်စက်ရုံအား ဆက်သွယ်ပေးခဲ့သည်။ နောက်နှစ်လကြာပြီးမှ ထိုခြေထောက်တုများကို က---မှရရှိစေမည်ဖြစ်ပြီး (အခုလော လောဆယ်တွင် သူ၏ဒဏ်ရာများ အပြည့်အဝပြန်ကောင်းလာသည့်အထိ စောင့်ရမည် ဖြစ်သည်။) 

 

ထိုသားအမိသည် ကျောက်တံခါးမြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဗိုလ်ကြီးတစ်ဦးထံမှ ကျပ်ငွေ တစ်သိန်းလက်ခံရရှိခဲ့သည်။ ပဲခူးတိုင်းအစိုးရဝန်ကြီးမှလည်း ထိုသားအမိအား ငွေကျပ်ဆယ်သိန်းပေးခဲ့သည်။ က---၏ဖခင်သည် ထိုင်းနိုင်ငံတွင် နေ့စားကျပန်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေပြီး သူ၏မိသားစုအား ငွေတစ်ချို့ ထောက်ပံ့ခဲ့သည်။ (ငွေကြေးမည်မျှထောက်ပံ့ခဲ့သည်ကို မသိရှိရပါ။) မြန်မာနိုင်ငံကြက်ခြေနီအ သင်းမှလည်း က---အတွက် ထိုသားအမိအား ငွေကျပ်ခြောက်သိန်းပေးလှူခဲ့သည်။ ဦးလေးကြီးအပါအဝင် ၎င်းသားအမိနောက်ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သော မိသားစုဝင်များ (၇)ဦးရှိသည်။ မိသားစုဝင်များအားလုံး၏ခရီးသွား လာကုန်ကျ စရိတ်များနှင့်ခရီးစားစရိတ်များအားလုံးပေါင်း ငွေကျပ် (၁၃)သိန်းကုန်ကျခဲ့သည်။ သို့သော်လည်း ၎င်းသားအမိ နှစ်ဦး၏ဆေးကုသမှုကုန်ကျစရိတ်များအတွက် ၎င်းတို့ငွေကြေးပေးဆောင်ရခြင်း မလိုခဲ့ပေ။ 

 

အဆိုပါမြေမြှုပ်မိုင်းကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ထောင်ထားခဲ့သည်ကို မသိရှိခဲ့ရပါ။ အကြောင်းမှာ အခင်း ဖြစ်ပွားခဲ့သည်နေရာဒေသသည် SAC တပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် အခြားသော ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအစရှိသော လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ လှုပ်ရှားနေသောနေရာ ဖြစ်သော ကြောင့်ဖြစ်သည်။ ယခင်တုန်းက ရ---ရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တစ်ခုမှ မရှိခဲ့ပါ။ ယခုတစ်ကြိမ်မြေမြှုပ် မိုင်းပေါက်ကွဲမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ရ---ကျေးရွာသားများသည် မိုင်းအန္တရာယ်အသိ ပညာပေးသင် တန်းကို တစ်ခါမှ မတက်ရောက်ဖူးခဲ့ပါ။ ယခုအချိန်တွင် ရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်ရွံ့နေ ကြရသည်။

 

အဆိုပါသားအမိနှစ်ဦး၏မိသားစုဝင်များသည်လည်း ရိုးရိုးသာမန်နေ့စားအလုပ်သမားဖြစ်ကြပြီး လုပ်ကိုင်စား သောက် ရန် စိုက်ပျိုးမြေများ မရှိကြပါ။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့်ထိုကလေး၏ဖခင်သည်သာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်လုပ်ကျွေးနေရပါသည်။ ၎င်းတို့မိသားစုဝင်များသည် ခရီးသွားလာကုန်ကျ စရိတ်အတွက် လူမှုဖူလုံရေးအဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ လိုအပ်နေသည်။ ထိုကလေး၏ဦးလေး ကြီးသည် ကျေးရွာအတွင်း သို့မဟုတ် ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်းကို အလိုမရှိကြောင်း KHRG အား တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြေမြှုုပ်မိုင်းများတည်ရှိမှုသည် ရွာသားများစားဝတ်နေရေးနှင့် ခရီးသွားလာခြင်းအတွက် အခက်အခဲများရှိနေသောကြောင့်ဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အင်တာဗျူးမေးမြန်းခံရသူသည် ဤသတင်းအကြောင်းအရာများအား မှတ်တမ်းတင်ပြီး ဖြန့်ဝေအသုံးပြုရန် ခွင့်ပြု ချက်ပေးထားပါသည်။

Fri, 04 Nov 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်