ကရင်ပြည်နယ်မှာ စစ်ပွဲတွေကြား ကလေးငယ်တစ်သိန်းခွဲကျော် ထွက်ပြေးနေရ

Tue, 11 Oct 2022

    

 

တိုက်ပွဲ နေ့တိုင်းဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် သုံးသိန်းခွဲကျော် ရှိလာနေပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ပါတယ်။

အဲဒီသုံးသိန်းခွဲကျော်ထဲက ထက်ဝက်ဟာ ကလေးနဲ့လူငယ်တွေဖြစ်ပြီး မိန်းကလေးငယ်တွေ အများဆုံးဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ KHRG ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကနေ့ဟာ နိုင်ငံတကာ မိန်းကလေးများနေ့လည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မိန်းကလေးတွေအပေါ် အဓမ္မ ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ လူကုန်ကူးတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိနေတယ်လို့ KHRG ကပြောပါတယ်။

"မွေးကင်းစကနေ ဆယ်နှစ်အောက်ကလေးတွေရော၊ ၁ဝ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးငယ်တွေလည်း ထွက်ပြေးနေရတဲ့ထဲ အများကြီးပါတယ်။ မွေးကင်းစ ကလေးတွေဆိုရင် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းတွေမရှိဘူး။ မီးတို့ ဆေးဝါးတို့ နို့မှုန့်တို့ မရှိဘူး။ ကလေးရော၊ မွေးမိခင်အတွက်ပါ ကျန်းမာရေးအတွက် အန္တရာယ်များ ခက်ခဲနေတယ်" လို့ KHRG ရဲ့ ပြောခွင့်ရှိသူ ကိုစောနန္ဒထူးက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် သေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်တာတွေအတွက် အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ကြဖို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တောင်းဆိုထားပါတယ်။

စစ်ကောင်စီကို လက်နက်ခဲယမ်းတွေ၊ လေယာဉ်နဲ့ လေယာဉ်ဆီတွေ မရောင်းချဖို့နဲ့၊ လက်နက်ပွဲစားတွေကိုလည်း စီးပွားရေးပိတ်ဆို့ပေးဖို့ တောင်းဆိုထားပါတယ်။

Related Readings