Mon, 22 Aug 2022
ဒူးသထူခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - ဘီးလင်းမြို့နယ်တွင် SAC နှင့် BGF တို့မှ ရွာသားများအား နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းအပြင် လမ်းပြ လုပ်သားနှင့် လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခြင်း (၂၀၂၂ခုနှစ်၊ မေလမှ ဇွန်လအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ မေလနှင့် ဇွန်လပထမအပတ်ကြားအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ ဤသတင်းတိုတွင် မဲပရီး တပ်စခန်းနှင့် နတ်ကြီးတပ်စခန်းတို့ကြားရှိဒေသအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေ စိုက် (စကခ) အမှတ် (၈) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃)နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၁)တို့၏ လှုပ်ရှားမှုများအကြောင်း ပါဝင်သည်။ SAC နှင့် BGF တပ်ဖွဲ့များသည် ဒေသခံရွာသား များအား ဖမ်းဆီး၍ လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခြင်းနှင့် ရွာသားများအား နှိပ်စက်သတ်ဖြတ်ခြင်းအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။ ဒေသအတွင်း SAC နှင့် BGF တပ်ဖွဲ့တို့၏လှုပ်ရှားမှုများကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဒေသခံကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှလည်း ၎င်းတို့၏နယ်မြေကို ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်။ မြေမြှုပ်မိုင်းနှစ်လုံးပေါက်ကွဲသွား၍ ရွာသား တစ်ဦးပိုင်ဆိုင်သော ဆိတ်များ သေသွားခဲ့သည်။ ရွာသားသည် ၎င်း၏မိသားစု စားဝတ်နေရေးအတွက် ၎င်းဆိတ်များ ကိုသာ မှီခိုအားထားခဲ့ရသည်။ [1]

 

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ မဲပရီးတပ်စခန်းနှင့် နတ်ကြီးတပ်စခန်း တို့တွင်အခြေစိုက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈)လက် အောက်ခံတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်ရင်း အမှတ် (၁၀၁၁)တို့သည် ၎င်းတို့ တပ်စခန်းတို့အကြား ဒေသတွင် စစ်လှုပ်ရှားမှုများကို ပို၍မြင့်တင်ဆောင်ရွက်ခဲ့သည်။ (BGF တပ်ရင်းအမှတ် (၁၀၁၁)သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ - DKBA တပ်ရင်းအမှတ် ၃၃၃ ဖြစ်သည်။) ၎င်းတို့စစ်လှုပ်ရှားမှု များတွင် SAC နှင့် BGF တပ်ဖွဲ့များသည် ဘီးလင်းမြို့နယ်၊ မဲပရီးခီးကျေးရွာအုပ်စုရှိ မဲပရီးခီးကျေးရွာ၊ ကဆယ်ဖိုး ကျေးရွာနှင့် ဝါခေါ်ပွာကျေးရွာနှင့် အီစူခီးကျေးရွာအုပ်စုရှိ ဝါကတဲကျေးရွာ၊ ကလူးထောလော် (ကွီးထောလော်) ကျေးရွာနှင့် အီစူခီးကျေးရွာများအစရှိသည့် ကျေးရွာများတွင် ဖြတ်သန်းသွားလာလှုပ်ရှားခဲ့သည်။ တစ်ခါတစ်ရံတွင် ၎င်းကျေးရွာများအနီး SAC နှင့် BGF တပ်ဖွဲ့များသည် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့်ထပ်တိုက်ဆုံ တွေ့၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း SAC နှင့် BGF တပ်ဖွဲ့များ ကရင်အမျိုးသားအဖွဲ့အစည်း (KNU) အုပ်ချုပ်နယ်မြေတွင် သွားလာလှုပ်ရှားနေစဉ်တွင် ဒေသခံ KNDO တပ်ဖွဲ့မှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ တိုက်ပွဲအတွင်းတွင် SAC နှင့် BGF တပ်ဖွဲ့များသည် ကျေးရွာများအနီးတစ်ဝိုက်တွင် လက်နက်ကြီးများ မကြာ ခဏ ရမ်းသန်းပစ်ခတ်ခဲ့သည်။ ဤကဲ့သို့ လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုကြောင့် ရွာသားများ၏ကျွဲနွား တိရိစ္ဆာန်များနှင့် ပိုင်ဆိုင်မှုများ ပျက်စီးသွားပြီး ၎င်းတို့၏ အသက်အန္တရာယ်အား ခြိမ်းခြောက်စေခဲ့သည်။ (တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုနှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များအား မသိရှိရပါ။)

၂၀၂၂ခုနှစ်၊ မေလအစပိုင်းမှစ၍ ဇွန်လ ၃ရက်နေ့အထိ SAC နှင့် BGF တပ်ဖွဲ့တို့၏စစ်လှုပ်ရှားမှုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသားများအတွက် အသက်အန္တရာယ်ရှိစေပြီး ၎င်းတို့အား သေနတ်ကျည်ဆံနှင့် လက်နက်ကြီး ထိမှန်စေနိုင်သည့် အခြေအနေသို့ တွန်းပို့စေသည်။ ထိုကာလအတွင်းတွင် SAC နှင့် BGF တို့သည် ရွာသားများအား ဖမ်းဆီး၍ ပေါ်တာလုပ်သားနှင့် လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခဲ့သည်။ ထို့အပြင် ရွာသားများအပေါ် နှိပ်စက် သတ်ဖြတ်ခြင်းလည်း ကျူးလွန်ခဲ့သည်။

ရွာသားအား ပစ်သတ်ခြင်း

၂၀၂၂ခုနှစ်၊ မေလ ၁၀ရက်လောက်တွင် (နေ့စွဲအတိအကျ မသိရှိ) စကခ အမှတ် (၈)လက်အောက်ခံ (တပ်ရင်းအမှတ် မသိရှိရသော)   SAC တပ်ဖွဲ့များနှင့် ဒုတပ်ရင်းမှူးဟင်နရီ ဦးဆောင်သော BGF တပ်ရင်းအမှတ် (၁၀၁၁)မှ တပ်သား များသည် ဒဏ်ရာရရှိခဲ့သော ၎င်းတို့တပ်သားတစ်ဦးကို ဆေးကုသပေးရန်အတွက် မဲပရီးတပ်စခန်းမှ နတ်ကြီးတပ်စ ခန်းသို့ ပို့ဆောင်ခဲ့သည်။ ၎င်းတို့သည် နတ်ကြီးတပ်စခန်းတွင် ရက်သတ္တပတ်ခန့် နေထိုင်ခဲ့ပြီးနောက် ၂၀၂၂ခုနှစ်၊ မေလ ၁၈ရက်နေ့တွင် အီစူခီးတပ်စခန်းသို့ ပြန်လာခဲ့သည်။ (မေလ ၁၈ရက်နေ့ အီစူခီးတပ်စခန်းသို့ ပြန်အလာတွင်) ၎င်းတို့ သည် အီစူခီးကျေးရွာအုပ်စုရှိ ဝ---ကျေးရွာတွင် ရောက်ရှိသောအခါ ကျေးရွာနားတွင်ရှိသော (KNDO စစ်သား တစ်ဦး)နှင့် ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ သေနတ်ထိမှန်၍ နှစ်ဦးစလုံး (KNDO စစ်သားနှင့်ရွာသား) ချက်ချင်းသေဆုံးခဲ့သည်။

ထိုရွာသားသည် စားစရာများ သွားဝယ်သည့်အချိန်တွင် အပစ်ခတ်ခဲ့ရသည်။ KNDO စစ်သားမှ ထိုရွာသားအား ၎င်းတို့ KNDO တပ်ဖွဲ့အတွက် စားစရာများ သွားဝယ်ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။ ထိုရွာသားမှ KNDO စစ်သားအား စားစရာ များပေးရန် ကျေးရွာ၏အနီးရှိလမ်းတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ (၎င်းတို့ချိန်းဆိုသည့်နေရာတွင် ရောက်ရှိသော အချိန်တွင်) SAC နှင့် BGF တို့မှ ၎င်းတို့အား ပစ်သတ်ခဲ့သည်။ ထို့ကြောင့် (ဒေသခံရွာသားများမှ ထင်မြင်ယူ ဆသည်မှာ)   SAC နှင့် BGF တို့သည် လမ်းဘေးတစ်နေရာတွင်ပုန်း၍ ထိုရွာသားနှင့် KNDO စစ်သားအလာတွင် စောင့်ကြို၍ ၎င်းတို့အား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် SAC နှင့် BGF တို့သည် အီစူခီးတပ်စခန်းသို့ ပြန်လာခဲ့ သည်။ အခင်းဖြစ်ပွားပြီးနောက် ထိုညတွင် အခြားသော  SAC နှင့် BGF တပ်ဖွဲ့များ (တပ်ရင်းအမှတ် မသိရှိ) သည် အီစူခီးတပ်စခန်းမှ နတ်ကြီးတပ်စခန်းသို့ သွားလာရာတွင် ကွီးထောလော်ကျေးရွာကို ဖြတ်သန်းသွားခဲ့သည်။ ထိုအခြေ အနေတွင် ရွာသားများ၏လုံခြုံရေးသည် အလွန်အန္တရာယ်ရှိခဲ့သည်။ မည်သို့ဖြစ်စေ ထိုအခင်းဖြစ်ပွားရာနေရာတွင် ဒေသခံ KNDO တပ်ဖွဲ့မှ မြေမြှုပ်မိုင်းရှိ၊မရှိ သေချာစစ်ဆေးခဲ့သည်။ သို့မှသာ ထိုသေဆုံးခဲ့သော ရွာသားတစ်ဦး ၏မိသားစုဝင်များသည် ၎င်းတို့အား မြေမြှုပ်သင်္ဂြိုဟ်ပေးရန် အလောင်းများကို ၂၀၂၂ခုနှစ်၊ မေလ ၁၉ရက်နေ့တွင် ပြန် လည်ယူဆောင်နိုင်ခဲ့သည်။

သေဆုံးသူရွာသားတစ်ဦး၏အမည်မှာ စောဟ---ဖြစ်သည်။ သူသည် အသက် ၃၄နှစ်ရှိပြီးဖြစ်သည်။ သူ့မှာ ဇနီးနှင့် ကလေးငယ် ငါးဦးရှိသည်။ စောဟ---မှာ သားသုံးဦးနှင့် သမီးနှစ်ဦးရှိသည်။ အငယ်ဆုံးကလေးမှာ တစ်နှစ်ဝန်းကျင် သာရှိသည်။ စောဟ---သည် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သည့်အတွက် ယခုလို ဆုံးသွားသောကြောင့် သူ၏မိသားစု ဘဝနှင့် စားဝတ်နေရေးအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။ ယခုအချိန်တွင် မုဆိုးမဖြစ်သွားသော သူ၏ဇနီးသည် သူမ၏ကလေးများရဲ့စားဝတ်နေရေး၊ ပညာရေးနှင့် ရှေ့ရေးအတွက် စိုးရိမ်ပူပန်နေရပါသည်။ ယခင်နှစ်က သူမ၏ ကလေးလေးဦးသည် ကျောင်းတက်နိုင်ခဲ့သည်။ သို့သော်လည်း ဤနှစ်တွင် သို့မဟုတ် လာမည့်နှစ်များတွင် သူမ၏ ကလေးများ ကျောင်းတက်နိုင်လိမ့်မည် မသေချာပေ။ စောဟ---၏မိသားစုဝင်တစ်ဦးမှ ယခုလို ပြောပြခဲ့သည်။ “အရာအားလုံးဟာ သူမအတွက် စိန်ခေါ်မှုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့သူမရဲ့ အမျိုး သားဆုံးသွားလို့လေ။ ဆိုတော့ သူမရဲ့အမျိုးသားမရှိဘဲ သူမရဲ့ကလေးတွေကို ဘယ်လိုလုပ်ကျွေးမွေးပြုစုပျိုး ထောင်နိုင်မှာလဲ။ (…) အခုတော့ သူမနဲ့ကလေးတွေဟာ အရမ်းဝမ်းနည်းငိုကြွေးနေရတယ်။ ဒါပေမဲ့လည်း ကျွန်တော် တို့ဘာမှ ကူညီပေးလို့မရဘူး။”  အီစူခီးကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများသည် စောဟ---၏မိသားစုအတွက် ငွေကြေး တစ်သိန်းကျပ် ထောက်ပံ့ခဲ့သည်။ သို့သော်လည်း စောဟ---၏မိသားစုဝင်များသည် မည့်သည့်လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် အာဏာပိုင်များထံမှ အကူအညီ (သို့) လျော်ကြေးများ မရရှိခဲ့ပေ။

ရွာသားများအား လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြုခြင်း

နတ်ကြီးတပ်စခန်းနှင့်မဲပရီးတပ်စခန်းတို့တွင် အခြေစိုက်နေထိုင်သော SAC နှင့် BGF တပ်ဖွဲ့များသည် ၎င်းတို့တပ်စ ခန်းနှစ်လုံးကြားတွင် သွားလာလှုပ်ရှားနေသည့်အချိန်တိုင်းတွင် မည်သည့်ရွာသားကိုမဆို တွေ့ရှိပါက လမ်းပြအဖြစ် ခိုင်းစေခြင်းနှင့် လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြုရန် ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည်။ ၂၀၂၂ခုနှစ်၊ မေလ ၃ရက် နေ့တွင် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃)နှင့်[2]  BGF တပ်ရင်းအမှတ် (၁၀၁၁) တို့သည် ရွာ သားအချို့ကို (ရွာသားဦးရေအတိအကျ မသိရှိ) လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုရန် ဖမ်းဆီးခဲ့ပြီး အခြားနေရာသို့ (နေရာအတိ အကျ မသိရှိ) ရောက်ရှိုသောအခါ ထိုရွာသားများကို ပြန်လွတ်ခဲ့သည်။ အဖမ်းဆီးခံရသည့်ရွာသားများတွင် ဝါကတဲကျေးရွာသားလေးဦးနှင့် အီစူခီးကျေးရွာသားလေးဦးလည်း အဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

ရွာသားတစ်ဦးအပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေခြင်း

ထို့အပြင် ဘ---ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စောလ---သည် ၎င်း၏အိမ်ဘေးနားတွင် မတ်တပ်ရပ်နေသည့်အ ချိန်တွင် SAC စစ်သားတစ်ဦးက အကြောင်းပြချက်မပေးဘဲ ၎င်း၏ပါးနှစ်ဖက်ကို လက်ဖြင့်ရိုက်ခဲ့သည်။ စောလ---၏မျက်နှာမှာ ရောင်ရမ်းလာပြီး နာကျင်ခံစားရသည်။ ၎င်းဖြစ်စဉ်သည် ၂၀၂၂ခုနှစ်၊ မေလ ၃ရက်နေ့ နေ့လည်တွင် ဖြစ်ပွားခဲ့သည်။ ကျူးလွန်သူမှာ စကခ အမှတ် (၈)လက်အောက်ခံ ခလရ အမှတ် (၄၀၃)မှ စစ်သားတစ်ဦးနှင့် ဗိုလ်ဟင်နရီ ဦးဆောင်သော BGF တပ်ရင်းအမှတ် (၁၀၁၁)မှ စစ်သားများဖြစ်ကြသည်။ ၎င်းတို့သည် နတ်ကြီးတပ် စခန်းနှင့်မဲပရီးတပ်စခန်းတို့ကြားတွင် သွားလာလှုပ်ရှားနေစဉ်အတွင်း ဘ---ရွာတွင် ရောက်ရှိလာသည့်အခါ ထိုရွာသား အား ရိုက်နက်ခဲ့ခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ

၂၀၂၂ခုနှစ်၊ မေလတွင် (ရက်အတိအကျ မသိ) ဘီးလင်းမြို့နယ်၊ အီစူခီးကျေးရွာအုပ်စု၊ ကွီးထောလော်ကျေးရွာအနီး တွင် မြေမြှုပ်မိုင်းနှစ်လုံးပေါက်ကွဲခဲ့သည်။ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားသောကြောင့် KNDO တပ်ရင်းတစ်ရင်းမှ ၎င်းတို့နယ်မြေကို ကာကွယ်ရန်တွက် ထိုမြေမြှုပ်မိုင်းများကို  ထောင်ထားခဲ့ခြင်းဖြစ်သည်။ ပထမမြေမြှုပ်မိုင်းတစ်လုံး သည် ကွီးထောလော်ကျေးရွာအပြင်ဖက်တွင် ပေါက်ကွဲခဲ့ပြီး ဆိတ်သုံးကောင်အား ထိမှန်၍ သေဆုံးခဲ့သည်။ ဒုတိယ မြေမြှုပ်မိုင်းတစ်လုံးသည် ဘူးလော်ကလိုးမြစ်ချောင်းဘေးနားရှိ ချောကလိထနေရာတွင် ပေါက်ကွဲခဲ့ပြီး ဆိတ် (၇)ကောင်အား ထိမှန်၍ သေဆုံးခဲ့ပြန်သည်။ ထိုသေဆုံးသွားသော ဆိတ်ဆယ်ကောင်သည် ကွီးထောလော်ကျေးရွာမှ ရွာသားတစ်ဦး၏ဆိတ်များဖြစ်သည်။ (ကျေးရွာအပြင်ဖက်ရှိ) ဒေသခံလယ်ယာခြံများအနီးတွင် ဤကဲ့သို့ မြေမြှုပ်မိုင်း များထောင်ထားခြင်းသည် (လယ်ယာခြံတွင် သွားလာလုပ်ကိုင်နေသော) ရွာသားများ၏လုံခြုံရေးအတွက် အလွန် အန္တရာယ်ရှိသည်။

၂၀၂၂ခုနှစ်၊ ဇွန်လအစောပိုင်းမှစ၍ SAC နှင့် BGF တို့သည် ၎င်းတို့တပ်စခန်းများကြားတွင် သွားလာလှုပ်ရှားခြင်းအား ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အီစူခီးကျေးရွာတွင် အခြေအနေပုံမှန်အတိုင်းပြန်ဖြစ်ခဲ့ပြီး တိုက်ပွဲများ မဖြစ်တော့ပေ။ ထို့အပြင် ရွာသားများသည် SAC နှင့် BGF တို့၏ဖမ်းဆီးနှိပ်စက်ခြင်းကို မကြုံတွေ့ရတော့ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကြောက်စရာမလိုတော့ပေ။ ထို့အတွက်ကြောင့် ယခုအချိန်တွင် ရွာသားများသည် ၎င်းတို့စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းကို ပြန်လည်စတင်လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း  SAC နှင့် BGF တပ်ဖွဲ့များမှ စစ်လှုပ်ရှားမှုများကို ပြန်လည်ပြုလုပ်လာလျှင် တိုက်ပွဲများ ဖြစ်ပွားနိုင်သည်။ မကြာသေးမှီက SAC နှင့် BGF တပ်ဖွဲ့များမှ စစ်လှုပ်ရှားမှုများ ပြန်လည်ဆောင်ရွက်နေသည့်အကြောင်း ရွာသားများက သတင်းရရှိခဲ့သည်။ ထို့ကြောင့် ရွာသားများသည် တိုက်ပွဲနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကြုံတွေ့လာမည်ကို  ကြောက်နေရပြီး သတိရှိစွာနှင့် အသက်ရှင်နေထိုင်ရသည်။

 

Mon, 22 Aug 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

[2] (တပ်ရင်းနှင့်ပတ်သတ်သည့်) သတင်းအကြောင်းအရာကို KNU-Doo Tha Htu District မှ ၂၀၂၂ခုနှစ်၊ မေလ ၅ရက်နေ့တွင် တင်ခဲ့သော ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရယူခဲ့ခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်