တိုင်းရင်းသားကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာ ပိုမိုဆိုးရွာလာ

Sat, 11 Jun 2022

    

 

စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့တဲ့ ဝန်ဆောင်မှုတွေကို စစ်ကောင်စီက ကြီးမားစွာ ဖြတ်တောက် လိုက်တာကြောင့် တိုင်းရင်းသားဒေသက ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာ ပိုမိုဆိုးရွာလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ "ငြင်းပယ်ခံပြည်သူများ၏ဘဝများ" အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆေးဝါးပစ္စည်းတွေသယ်ယူပို့ဆောင်တာကို စစ်ကောင်စီက ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့သလို အဲဒီစစ်ဆေးရေးဂိတ်တွေမှာ ရွာသားတွေ သယ်ဆောင်လာတဲ့ ဆေးဝါးနဲ့ဆေးပစ္စည်းတွေကို စစ်ကောင်စီက သိမ်းယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ တချို့ရွာသားတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို မြန်မာနိုင်ငံအတွင်း ဒါမှမဟုတ် ထိုင်း-မြန်မာနယ်စပ်က လူထူအခြေပြုနယ်စပ်အဖွဲ့အစည်းတွေ ကွန်ယက်ထံကနေ ရရှိကြပြီး စစ်ဘေးရှောင်တွေအနေနဲ့ ဆေးဝါးပစ္စည်းတွေကို လက်လှမ်းမမီ နိုင်တဲ့အတွက် သေဆုံးတာတွေ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် မိခင်နဲ့ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလောက်စွာ လက်လှမ်းမှီနိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မီးဖွားတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရသလို စစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမီးဖွားမှုအတွက် အကူအညီပေးနိုင်တဲ့ ကျန်းမာရေးလုပ်သားတွေလည်း မရှိဘူးလို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေမှာလည်း ကျေးရွာထဲမှာနေထိုင်ခြင်းက လုံခြုံမှုမရှိပေမယ့် သူတို့အနေနဲ့ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ ပိုမိုဆိုးရွာတဲ့ ကျန်းမာရေးအခက်အခဲတွေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျေးလက်ဒေသရှိ ကျေးရွာတွေအများစုမှာ ပြင်ပကထောက်ပံ့မှုတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ရွာသားတွေမှာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ဖို့ ဒေသတွင်းမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပံ့ပိုးကူညီပေးချက်ရှိပြီး အခြားအဖွဲ့အစည်းတွေထံကနေ ကူညီထောက်ပံ့မှုနဲ့ ငွေလှူဒါန်းမှုမရှိပါက ရွာသားတွေအချင်းချင်းကြား ထောက်ပံ့နေမှုကို ရေရှည် လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ KHRG က ဆိုထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

Related Readings