Thu, 02 Jun 2022
ဘားအံခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - SAC ၏စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံအရပ်သားများကို ခြိမ်းခြောက်ခြင်းနှင့် ပေါ်တာအဖြစ် အဓမ္မခိုင်းစေခံရမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း (၂၀၂၂ခုနှစ်၊ ဧပြီလမှ မေလအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့မှ မေလ ၁၀ရက်နေ့အတွင်း ဘားအံခရိုင်၊ တနေးဆားမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ဤအစီရင်ခံစာတွင် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၇) စစ်သားများမှ သေနတ်မိုးပေါ်ထောင်ပစ်၍ ရွာသားများအား ခြိမ်းခြောက်ခဲ့ခြင်းနှင့် ကျေးရွာများအနီးတွင် တည်ရှိနေသော ၎င်းတို့တပ်စခန်းအနားတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သော သတင်းအကြောင်းအရာများ ပါဝင်ပါသည်။ BGF စစ်သားများ လှုပ်ရှားမှုကြောင့် တနေးဆားမြို့နယ်အတွင်း နေထိုင်သောရွာသားများကြားတွင် အဓမ္မပေါ်တာခိုင်းစေခံရမည်ဟုလည်း စိုးရိမ်ကြောက် ရွံ့မှုများ ထွက်ပေါ်လာသည်။ [1]

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ရွာသားများအား ခြိမ်းခြောက်ခြင်း

၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့ညအချိန်တွင် တနေးဆားတပ်စခန်းတွင် အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၇)မှ စစ်သားများသည် (၎င်းတို့တပ်စခန်းအနီးတွင်နေထိုင်သည့်) ပုရစ်များရှာဖွေနေသော ရွာသားများဆီမှ မီးအလင်းရောင်ကို မြင်တွေ့ပြီး သေနတ်များ မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့သည်။ တနေးဆားတပ်စခန်းသည် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ တနေးဆားကျေးရွာတွင် တည်ရှိသည်။ SAC စစ်သားများမှ သေနတ်များပစ်ခတ်ချိန်တွင် အိပ်ရာဝင်နေသည့်ရွာသားများသည် ကြောက်ရွံ့နေခဲ့ပြီး ရွာထဲတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို အထူး စိုးရိမ်ကြောင့် ကြခဲ့သည်။ သေနတ်ပစ်ခတ်သည့်နေရာအနီးတွင် နေထိုင်သောရွာသားတစ်ဦးမှ ၎င်း၏စိုးရိမ်မှုကို ဤကဲ့သို့ပြောခဲ့ သည်။ “သူတို့သေနတ်ပစ်တဲ့အချိန်က ကျွန်တော်တို့အိပ်နေပြီး။ တိုက်ပွဲဖြစ်တော့မှာဆိုပြီး စိုးရိမ်နေပြီးတော့ ချက်ချင်း ပဲဗုံးခိုကျင်းထဲကို ဝင်ပြေးနေလိုက်တယ်။ အဲဒီလိုပဲ အခြားရွာသားတွေလည်း ကြောက်ပြီး ကျင်းထဲကိုဝင်ပြေးနေ တယ်။ တစ်ချို့ရွာသားတွေက အကြောက်လွန်တာကြောင့် သူတို့ကလေးတွေတောင် မခေါ်လာနိုင်တော့ဘူး။”  SAC စစ်သားများ သေနတ်ပစ်ဖောက်ခြင်းသည် ပုရစ်ရှာဖွေနေသောရွာသားများကို ခြောက်လှန့်နေခြင်းသာ ဖြစ်သည်ဟု ရွာသားများမှ ထင်မြင်ယူဆခဲ့သည်။ တပ်စခန်းအနား တစ်ဝိုက်တွင် နေထိုင်ကြသောရွာသားများသည် ညအချိန်တွင် အပြင်ထွက်ရာတွင် လုံခြုံမှုမရှိတော့ဟု ခံစားနေရသည်။ ထိုရွာသားများသည်လည်း လုံခြုံရေးစိုးရိမ်မှုကြောင့် အခြားရွာသားများကိုလည်း ညအချိန်တွင် အပြင်မထွက်ရန် အကြောင်းကြားခဲ့သည်။ ပုရစ်များပေါ်သည့်ရာသီကာလ တွင် ဤကဲ့သို့သေနတ်ပစ်ဖောက်သည့် လုပ်ရပ်ဖြစ်ပွားခဲ့သော်လည်း အချို့ရွာသားများသည် မိသားစုစားဝတ်နေရေး အတွက် ညအချိန်တွင် အပြင်ထွက်၍ ပုရစ်များရှာဖွေနေသေးလျှက်ရှိသည်။

၂၀၂၂ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် သေနတ်ပစ်ခတ်သည့်ဖြစ်စဉ် မဖြစ်ပွားမှီအချိန်တွင် SAC စစ်သားများသည်ရွာ သားများကို ၎င်းတို့တပ်စခန်းအနားတွင်မသွားရန် တပ်စခန်းပတ်လည်တွင်တည်ရှိသော ကျေးရွာအုပ်ချုပ်ရေး မှူးများ ကို ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် (SAC) တပ်စခန်းအနားတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများထောင် ထားမည်ဆိုသောကြောင့်ဖြစ်သည်။ ထိုရွာများမှာ လယ်ပူ၊ နို့တာဘော၊ နို့ကော်တေး၊ တနေးဆား၊ တဝဲဒါးနှင့် အခြား ရွာများလည်း ပါဝင်ပါသည်။ SAC သည် မြေမြှုပ်မိုင်းများအသုံးပြုရခြင်း၏ အကြောင်းရင်းကိုလည်း ရွာသားများအား ပြောပြထားခြင်းမရှိပေ။ SAC သည် ရွာသားများအား တပ်စခန်းဘေးနားရှိ လမ်းမတွင်သာ ခရီးသွားလာရန်ခွင့်ပြု ခဲ့သည်။ စစ်တပ်စခန်းသည် ကျေးရွာများနှင့်နီးသည့်အတွက်ကြောင့် ရွာသားများ၏ကျွဲနွားတိရိစ္ဆာန်များသည် တပ်စ ခန်းအနားတွင်ရှိသော စားကျက်မြေများတွင် အမြဲတမ်းလာရောက်လေ့ပြီး ရွာသားများလည်း နေ့လယ်ပိုင်းတွင် ၎င်းတို့၏ကျွဲနွားတိရိစ္ဆာန်များကို လာရောက်ထိန်းကျောင်းလေ့ရှိသည်။ ထို့ကြောင့် ရွာသားများနှင့် ၎င်းတို့၏ကျွဲနွား တိရိစ္ဆာန်များသည် ထိုနေရာတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများနင်းမိနိုင်ချေများပြီး အလွန်အန္တရာယ်ရှိသည်။ သို့သော် လည်း ရွာသားများသည် SAC မှ အမှန်တကယ် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းရှိသည်၊ မရှိသည်ကို သေချာစွာ မသိရှိရပေ။ အဘယ်ကြောင့်ဆိုသော် ရွာသားများသည် မြေမြှုပ်မိုင်းထောင်ထားပြီး အသိပေးအကြောင်းကြားသည့် ဆိုင်းဘုတ်များ မတွေ့ရှိသောကြောင့်ဖြစ်သည်။

BGF လှုပ်ရှားမှုကြောင့် ဒေသခံရွာသားများ အဓမ္မပေါ်တာခိုင်းစေခံရမည်ကို စိုးရိမ်ကြောက်ရွံ့

၂၀၂၂ခုနှစ်၊ မေလ ၁၀ရက်နေ့ မနက်ပိုင်းတွင် (တပ်ဖွဲ့များစုပေါင်း၍) BGF စစ်သားအများအပြားသည် ဒူးသထူ (သထုံ) သို့မဟုတ် မူတြော် (ဖာပွန်) ခရိုင်များမှ (မည်သည့်ခရိုင်မှ သေချာမသိရ) နေပြီး ဘားအံခရိုင်၊ တနေးဆားမြို့နယ်သို့ ခရီးသွားလာခဲ့သည်။ တနေးဆားမြို့နယ်ရှိ ရွာသားများသည် BGF စစ်သားများမှ ရွာသားများအား (ဒူးသထူခရိုင်မှ အခြေအနေမျိုး) လိုက်လံဖမ်းဆီး၍ ပေါ်တာအဖြစ်ခိုင်းစေနေသည့် သတင်းအကြောင်းအရာကို ကြားသိရှိခဲ့ရသည်။ ထို့ကြောင့် ဒေသခံရွာသားများသည် BGF မှ ၎င်းတို့အား ပေါ်တာအဖြစ် အဓမ္မခိုင်းစေမည်ကို အလွန်တရာစိုးရိမ် ကြောင့်ကြခဲ့သည်။ ကားလမ်းမဘေးတွင် နေထိုင်သော အမျိုးသားရွာသားများသည် တနေးဆားမြို့နယ်၊ ထို့ကော်ကိုး ကျေးရွာအုပ်စုရှိ အများပြည်သူအသုံးပြုသည့်လမ်းမများပေါ်တွင် BGF စစ်သားများ ခရီးသွားလာနေသည်ကို မြင်တွေ့ ပြီးနောက်တွင် ၎င်းတို့ကျေးရွာများမှ ထွက်ခွာတိမ်းရှောင်ခဲ့သည်။ (အမျိုးသားဖြစ်သည့် ရွာသားများအား အဓမ္မပေါ် တာခိုင်းစေရန်ဖြစ်နိုင်ချေပိုများသောကြောင့်ဖြစ်သည်။) 

Thu, 02 Jun 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဘားအံခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်