Fri, 11 Jun 2021
ကရင်လူ့အခွင့်အရေးအဖွဲ့ နှင့် ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲတို့၏ ပူးတွဲထုတ်ပြန်ချက်: သံလွင်မြစ်အတွင်းဟတ်ကြီးရေကာတာဆောက်လုပ်မှုအစီအစဉ်ကိုဖျက်သိမ်းရမည်

     

 

အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ကရင်ပြည်နယ်ခရီးစဉ် ကာလအတွင်း မေလ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ၎င်း၏ ဌာနဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဘားအံမြို့ရှိ ပြည်နယ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးတွင်  တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် သံလွင်မြစ်အတွင်းရှိ ဟတ်ကြီး ရေအားလျှပ်စစ် ရေ ကာတာဆောက်လုပ်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြန်လည်စတင်ရန် ရည်ရွယ်ချက်ရှိသည့်အ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ ထိုပြောကြားချက်အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် ကရင်မြစ်ချောင်း စောင့်ကြည့်ရေး အဖွဲ့တို့မှလုံးဝရှုပ်ချကန့်ကွက်ပါသည်။ ရေကာတာ ဆောက်လုပ်ခြင်းသည် သံလွင်မြစ်အား မှီခိုနေ ထိုင်သော ဌာနေတိုင်းရင်းသားများအပေါ် ဆိုးရွားစွာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေပါသည်။ ဟတ်ကြီးရေကာ တာသည် ကရင်တိုင်းရင်းသာဒေသရှိ သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ရန်အစီအစဉ်ရှိသည့် လျပ်စစ်ဓါတ်အား ပမာဏ  ၁၃၆၀ မီဂါဝပ် ရှိသော  ရေကာတာတစ်ခုဖြစ်သည်။  လူဦးရေ ၁၀ သန်းကျော်ကသံလွင်မြစ်အပေါ် စားဝတ် နေရေးအတွက်မှီခို‌နေရပြီး ဟတ်ကြီးရေကာတာဆောက်လုပ်ပါက မြစ်ချောင်း၏ ဂေဟစနစ်နှင့်တကွ မြစ်ကိုမှီခို နေသောဒေသခံများ၏ စားဝတ်နေရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာစေ မည်ဖြစ်သည်။ ရေကာတာ ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး အဓမ္မခိုင်းစေမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များနှင့် တိုက်ပွဲများကြောင့် ဒေသခံကရင်တိုင်းရင်းသား ၅၀၀၀ ခန့်အတင်းအဓမ္မနေရပ်ရွေ့ပြောင်းခံရမှု ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ရေကာတာ ဆောက် လုပ်ရန် လျှာထားသည့် နေရာအနီးတစ်ဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာစစ်တပ် အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့သောကြောင့် နေရပ်ရွေ့ပြောင်းနေထိုင်ရမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ ရေကာတာ ဆောက်လုပ်ရေးကြောင့် ဒေသခံအပေါ် ဖြစ်ပေါ်လာသောဆိုးကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကရင်လူ့အခွင့် အရေးအဖွဲ့နှင့်ကရင်မြစ်ချောင်းစောင့်ကြည့်ရေး အဖွဲ့တို့မှ ပူးတွဲအစီရင်ခံစာအား ၂၀၁၈ တွင်ထုတ်ပြန်ခဲ့ပါသည်။

ဤရေကာတာ ဆောက်လုပ်ရေးကို လူမှုအသိုက်အဝန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါသည်။ ဒေသခံလူထုမှ သံလွင်မြစ်တစ်လျှောက်တွင် ရေကာ တာဆောက်လုပ်မှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သောကြောင့် ဟတ်ကြီးရေကာတာဆောက်လုပ်မှု အ စီအစဉ်ကို ယခုအချိန်ထိ ရပ်နားထားခဲ့ရသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ ပိုမိုပြင်းထန် လာခဲ့ပါသည်။ ကရင်တိုင်းရင်းသား ဒေသတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု များနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင် နေရသူ ၇၀၀၀၀ ကျော်ရှိခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီသည် သဘာဝသယံဇာတများ တူးဖော်ရောင်းချခြင်း ဖြင့် ၎င်း၏စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ရန် စီစဉ်လုပ်ဆောင်နေပြီး ၎င်းတို့၏စီးပွားရေးအတွက် သံလွင်မြစ် တစ်လျှောက်တွင် အကြီးစား ရေကာတာ ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော်ရန်လည်း ကြိုးစားနေပါသည်။ ဤကဲ့သို့သော လုပ်ဆောင်မှုများသည် ကရင်တိုင်းရင်းသား ဒေသများအတွင်း စစ်ကောင်စီ၏ စစ်ရေး ထိုးစစ်ဆင်မှု များကြောင့် ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းကို ပိုမိုဆိုရွား စေမည်ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ တိုင်းရင်း သားပြည်သူများ အတိဒုက္ခရောက်နေသည့် အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ စစ်ရေးထောက်ပံ့ရန်နှင့် စီးပွား ရေးလုပ်ဆောင်ရန် စီစဉ်နေသည်မှာ လုံးဝလက်ခံနိုင်စရာ မရှိပါ။ အကြောင်းမှာ တိုင်းရင်းသား ပြည်သူများ၏ စီးပွား ရေး၊ လူမှုရေး၊ လုံခြုံရေးများအတွက် မည်သည့်အာမခံချက်မှမရှိသောကြောင့်ဖြစ်သည်။ ထို့အပြင်  ယခုအချိန်သည် ဂေဟစနစ်၊ ဌာနေယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းမှုများအတွက် အလွန်အရေးပါသော သံလွင်မြစ်ကို ကာ ကွယ်ရန် အရေးကြီးသည့်အချိန်ဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့မှ အောက်ပါအချက်များကို အရေးတကြီးတောင်းဆို လိုက်ပါသည်။

၁. စစ်ကောင်စီ (ဝါ) တပ်မတော်သည် ဒေသခံလူထုအပေါ် ရက်စက်ကြမ်းကြုတ်ပြီး ကရင်တိုင်းရင်းသား ဒေသအ တွင်း စစ်စခန်းများ ဆောက်လုပ်ရန်နှင့် ဒေသခံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် ရေကာတာကဲ့ သို့သော စီမံကိန်းများကို လုပ်ဆောင်ရန်အတွက် ကျူးကျော်ဝင်‌ရောက်နေသည်။ ထို့ကြောင့် ၎င်းတို့သည် ကရင်ဒေ သများမှ ချက်ချင်းထွက်ခွာပေးရမည်ဟု လေးနက်စွာတောင်းဆိုပါသည်။

၂. မြန်မာပြည်တစ်ဝန်းရှိ လူထုမှ မလိုလားသည့် ဆောက်လုပ်ရေးစီမံကိန်းများကို ချက်ချင်းဖျက်သိမ်းရပါမည်။ ထို အထဲတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကြီးစား ရေကာတာစီမံကိန်းများနှင့် သံလွင်မြစ်တစ်လျှောက်ရှိ ရေကာတာ စီမံကိန်းများလည်း ပါဝင်ပါသည်။ မြစ်ချောင်းအင်းအိုင်များသည် ဒေသခံလူထုမှ ငြိမ်းချမ်းစွာအသက်ရှင်နေထိုင်နိုင် ရန်အတွက် အသက်သွေးကြောများဖြစ်သည်။

၃. နိုင်ငံတကာအသိုင်းအဝိုင်းမှ ရေအားလျှပ်စစ်စီမံကိန်းနှင့် အခြားရင်းနှီမြှုပ်နှံမှုများကဲ့သို့သော မြန်မာစစ်တပ်၏ ဝင်ငွေဖြစ်စေမည့် အရင်းအမြစ်များကိုပိတ်ဆို့ထားရမည်။

၄. ဟတ်ကြီးရေကာတာအကောင်အထည်ဖော်ရာတွင် ပါဝင်ပတ်သက်သူအားလုံး (ရင်နှီးမြှုပ်နှံမှုနှင့် ဆောက်လုပ် ရေးတွင်ပါဝင်သည့်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီများ) သည် ဤရေကာတာနှင့် ပတ်သက်သည့်အစီအစဉ်များကို ရပ်ဆိုင်းရမည်။

ဆက်သွယ်ရန်

စောသာဘိုး (KRW) -  (+95) 09 782 639 714
စောနန္ဒဆူး (KHRG) – (+66) 811 297 564

Fri, 11 Jun 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်