Fri, 05 Mar 2021
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - သထုံမြို့နယ်တွင် မြေမြှုပ် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ (၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ)

၂၀၂၁ခုနှစ်၊ ဇန်ဝါရီလ ၈ရက်နေ့၌ ဒူးသထူ (သထုံ) ခရိုင်၊ သထုံမြို့နယ်၊ တမော်ဒေါကျေးရွာအုပ်စုတွင် ၁၂နှစ်သားအရွယ် ကလေးယောကျင်္ားလေးတစ်ဦးသည် မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိခဲ့သည်။ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သူ၏ ဘယ်ခြေဖမိုးတွင် ဆုတ်ပြဲသွားပြီး သူ၏ယာခြေထောက်ပေါင်တွင် ဒဏ်ရာများ ရရှိခဲ့ သည်။ ၎င်းအား သူ၏ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပြီးနောက်တွင်  သူသည် ဒေသခံဆေးခန်းတစ်လုံးတွင် သုံးပတ်ကြာ ဆေးကုသမှု ခံယူခဲ့ရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဒေသအ တွင်း တပ်မတော်စစ်လှုပ်ရှားမှုများမြှင့်တက်လာမှုအပေါ် ပြန်လည်တုန့်ပြန်ကာကွယ်ရန်အတွက် ၎င်းမြေမြှုပ် မိုင်းအား ထောင်ထားခဲ့ခြင်းဖြစ်သည်။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ တမော်ဒေါကျေးရွာအုပ်စု၊ အ---ကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘ--- 

အသက်

၁၂ နှစ်

ကျား/မ

ယောင်္ကျာလေး

မိသားစုရှိ/မရှိ

မရှိ

ရာထူးအဆင့်

ကျောင်းသား

နေရပ် ရွာအမည်

ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ တမော်ဒေါကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ

မသိ

တပ်မဟာ (၁)၊ KNLA တပ်ရင်းအ မှတ် (၂) နှင့် KNDO စစ်သားများ 

မသိ 

မသိ 

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

 သထုံမြို့နယ်အဆင့် ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) အတွင်းရေးမှူးမှ ဤသတင်းအကြောင်းအရာ များအား မျှဝေတင်ပြခဲ့ခြင်းဖြစ်သည်။  

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်အား မျှဝေသူသည် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် ကလေးတစ်ဦး ၏မိသားစုအား ကူညီထောက်ပံ့ခဲ့ပြီး ထိုကလေးအား ဆေးခန်းသို့ပို့ဆောင်ရန် ပါဝင်ကူညီပေးခဲ့သူဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ တမော်ဒေါကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင်နေထိုင်သော အသက်၁၂နှစ်အရွယ် စောဘ---သည် အခြားသောအသက်ကြီးသည့် ရွာသား များနှင့်အတူ ရွာနှင့်သုံးမိုင်ခန့်အကွာဝေးတွင်ရှိသော  တောထဲသို့ သေ့တဝေ (တရော်ပင်)[2]  အခေါက်များကို သွားရောက်ရှာဖွေနေစဉ် မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူ၏ဘယ်ခြေ ဖမိုး ဆုတ်ပြဲသွားပြီး သူ၏ယာခြေထောက်ပေါင်တွင် ဒဏ်ရာများ ရရှိခဲ့သည်။ 

 

မြေမြှုပ်မိုင်းပေါက်ကွဲပြီးနောက်တွင် အခြားသောသက်ကြီးသည့်ရွာသားများက ၎င်းအား ကျေးရွာသို့ပြန် သယ်လာခဲ့သည်။ ထိုတစ်နေ့တွင်ပင် စောဘ---အား ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်ရုံး တွင်ရှိသည့် ကရင်လူမှုဖူလုံရေးနှင့် ကျန်းမာရေးဌာန၏ဆေးခန်း (KDHW) သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြပါသည်။ သူသည် ဆေးခန်းတွင်သုံးပတ်ကြာ ဆေးကုသူမှုခံယူပြီးနောက်တွင် ဆေးခန်းမှ ဆင်းလာခဲ့ပြီး ၎င်းရွာသို့ပြန်လည်ပို့ဆောင်ခဲ့သည်။ စောဘ---သည် မိဘမဲ့ကလေးတစ်ဦးဖြစ်သည် (အမေဖြစ်သူမှာကွယ်လွန်သွားပြီး အဖေဖြစ်သူသည် ၎င်းအား ပစ်ထားခဲ့ခြင်းဖြစ်သည်)။ ယခုအချိန်တွင် စောဘ---သည် သူ၏အဒေါ်မုဆိုးမနှင့်အတူ နေထိုင်ကြသည်။ သို့သော် သူ၏အဒေါ်သည် စားဝတ်နေရေး အခက်အခဲများနှင့် ရုန်းကန်နေရသည်။ စောဘ---သည် ဆေးဖိုးဝါးခနှင့်ဆေးကုသမှုကုန်ကျစရိတ်အတွက် ပိုက်ဆံပေးစရာ မလိုခဲ့ပေ။ ထို့အပြင် သူသည် ဒေသခံရွာသားများ၊ မြို့နယ်ခေါင်းဆောင်များနှင့် KWO တို့ထံမှ ငွေကြေးဆိုင်ရာအထောက်အပံ့များ ရရှိခဲ့သည်။ သူသည် ထောက်ပံ့ကြေးငွေစုစုပေါင်းအားလုံး ၃၅၀၀၀၀ ကျပ် လက်ခံရရှိခဲ့သည်။ 

 

စောဘ---၏အဒေါ်သည် ၎င်းအား ဆေးခန်းသို့ ပြန်လည်ပို့ဆောင်ရန် အခက်အခဲများရှိသည့်အတွက် ကြောင့် KNU ကျန်းမာရေးဝန်ထမ်းများသည် စောဘ---၏ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန် အတွက် အ---ကျေးရွာသို့ပုံမှန်လာရောက်ကြည့်ရှုကြပါသည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၄ရက်နေ့တွင် KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်အရ စောဘ---သည် ခြွင်းချက်မရှိ ပြန်လည်ကောင်းမွန်လာ ပြီးဖြစ်သည်။ 

 

စောဘ---နင်းမိခဲ့သည့်မြေမြှုပ်မိုင်းတစ်လုံးကို တပ်မဟာ (၁) KNLA တပ်ရင်းအမှတ် (၂) နှင့် ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) တို့မှ ထောင်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် KNLA မှ တောထဲတွင် မြေမြှုပ်မိုင်းများ ထောင်ထားမည်ဖြစ်ကြောင်း ဒေသခံရွာသားများ ထံသို့ အကြောင်းကြားအသိပေးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ရရက်နေ့ ညနေပိုင်းနှင့် ၈ရက်နေ့ မနက်ပိုင်းတွင်လည်း KNLA စစ်သားများမှ ဒေသခံများအား ထပ်မံအကြောင်းကြားခဲ့သည်။ သထုံမြို့နယ်အ ဆင့် KWO အတွင်းရေးမှူး၏ ပြောပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲမှုမဖြစ်ခင်တွင် တောထဲတွင် သေ့တဝေ အခေါက်များ သွားရောက်ရှာဖွေနေသော ရွာသားတစ်စုသည် သစ်ခေါက်ရှာဖွေနေစဉ် KNLA စစ်သားများ အား တွေ့ရှိခဲ့သည်။ 

 

၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလကုန်ခါအနီးအချိန်တွင် တပ်မတော်မှ မူတြော်ခရိုင်ရှိဒေသများတွင် ၎င်းတို့စစ်အင် အားများပို၍ သယ်ယူပို့ဆောင်ခြင်းနှင့် စစ်လှုပ်ရှားမှုများကို ပို၍တိုးချဲ့လုပ်ဆောင်လာခြင်းကြောင့် KNLA စစ်သားများနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည်။[3] တပ်မတော်၏စစ်လှုပ်ရှားမှုများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အပိုင်း (၅) (ဂ)အား ချိုးဖောက်ရာရောက်သည်။ အပိုင်း (၅) (ဂ)တွင် ဖော်ပြထားသည်မှာ NCA အဖွဲ့ဝင်များအား “အပစ်ရပ်နယ်မြေတွင် လုပ်အပ်သော အုပ်ချုပ်မှုထောက်ပံ့ရေးမှ လွှဲ၍ တပ်အင်အားဖြည့်တင်းခြင်းများ မပြုလုပ်ရန်” တားမြစ်ထားပါသည်။ 

 

တပ်မတော်စစ်လှုပ်ရှားမှုများ များပြားလာခြင်းကြောင့် တပ်မဟာ (၁) KNLA တပ်ရင်းအမှတ် (၂) မှ တစ်ချို့ သောဒေသများတွင် တပ်မတော်မှ သွားလာလှုပ်ရှားခြင်းအား တားမြစ်ရန်အတွက် မြေမြှုပ်မိုင်းများအား ထောင်ထားခဲ့ခြင်းဖြစ်သည်။ (KHRG သတင်းစုဆောင်းသူတစ်ဦးမှ တင်ပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာဖြစ်သော တောထဲတစ်ဝိုက်တွင် တပ်မတော်စစ်သားများသည် အဓိကထား၍ ကျင်လည်လှုပ်ရှားသည့်နေကြသည်။) မြေမြှုပ်မိုင်းအသစ်များ အသုံးပြုထောင်ထားခြင်းသည် NCA စာချုပ် ၏ အပိုင်း (၅) (က)နှင့် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဦးနှစ်ဖက်လိုက်နာစောင့်ထိန်းရမည့် သဘောတူ စာချုပ်တွင်ပါရှိသည့် အပိုင်း (၈) (က) တို့အား ချိုးဖောက်ခြင်းဖြစ်သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုထိမှန်သူ ကလေး၏အဒေါ်သည် ဤသတင်းအကြောင်းအရာအား အသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ 

Fri, 05 Mar 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထား ပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

[2] ဒေသခံရွာသားများသည် ရိုးရာခေါင်းလျှော်ရည်ပြုလုပ်ရန် တရော်ပင်အခေါက်အား အသုံးပြုလေ့ရှိသည်။ ဒေသအတွင်းတွင် တရော်ပင်အခေါက်အား တစ်ပိဿာ သုံးရာကျပ်ဖြင့် ဝယ်ယူ၍ ရသည်။

[3] ဒေသအတွင်း တပ်မတော်စစ်လှုပ်ရှားမှုများနှင့် ပိုမိုသိရှိလိုပါက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် KHRG မှ ထုတ်ဝေသော အစီရင်ခံစာ “Southeast Myanmar Field Report: COVID-19, armed conflict, killings and sexual violence, July to December 2020” အား ဖတ်ရှုပါ။ 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်