ကိုဗစ်ကာလအတွင်း မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲဟု KHRG ပြော

Thu, 10 Dec 2020

     

 

ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

မြန်မာပြည်တောင်ပိုင်းရှိ ဒေသခံ တိုင်းရင်းသားများသည် ကိုဗစ်ကပ်ရောဂါ နှင့်ဆက်စပ်၍ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့်အပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ကြုံတွေ့နေရဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ ပြောဆိုလိုက်သည်။

ဒေသခံ တိုင်းရင်းသားများအနေဖြင့် ပဋိပက္ခကာလကို ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရသည့်အပြင် လက်ရှိ ကိုဗစ်ကာ လတွင်လည်း ၎င်းတို့၏ အသက်ရှင် နေထိုင်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်နှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုတို့ အတွက် လျစ်လျူရှုခံထားရကြောင်း KHRG က ဆိုသည်။

KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက “ဒီကိုဗစ်ကာလမှာလည်းပဲ အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးမျိုးရှိ နေ သေးပါတယ်။ အဓိက ကျတာက right to livelihood ပေါ့။ အထူးဖြင့် ဒေသအာဏာပိုင်တွေရဲ့ ကပ်ရောဂါ ကာကွယ်တားဆီးမှု အစီအစဉ်တွေမှာ သွားလာမှုကန့်သတ်ချက်တွေကြောင့် ဒေသခံ ကျေးရွာသားတွေက သူတို့ တောင်ယာစပါးခင်းတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်မရတော့တာကြောင့် သူတို့ရဲ့ စားဝတ် နေရေး အပေါ်မှာ ထိခိုက်စေတာမျိုးရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် မြန်မာ့ တပ်မတော်၏ လက်ရှိ ကာလအတွင်း အပစ်ရပ်လက်မှတ်စာချုပ်ပါကတိကဝတ်များကို ချိုး ဖောက်ပြီး နယ်မြေချဲ့ထွင်လှုပ်ရှားမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ဒေသ ခံ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိကြောင်းလည်း စောနန္ဒဆူး က ဆက်ပြောသည်။

အပစ်ရပ်ကာလကို အခွင့်ကောင်းယူပြီး ၎င်းတို့ နယ်မြေထဲတွင် တပ်အင်အားနှင့် တပ်စခန်းသစ် တိုးချဲ့ ဆောင် ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KNU ဘက်မှ ထုတ်ပြန်ပြောဆိုခဲ့ဖူးသလို NCA ပါ သဘောတူ ညီချက်များကို လိုက်နာအကောင်အထည်ဖောင်နိုင်ခြင်းမရှိဘဲ ကျေးရွာဒေသများတွင် တပ်မတော်တပ်စခန်း သစ်များအခိုင်အမာ တိုးချဲ့တည်ဆောက်မှုများရှိကြောင်းနှင့် ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုချက်ပါ သဘောထားထုတ်ပြန်ချက်ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ယခုလ ဒီဇင် ဘာလ ၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သေးသည်။

လက်ရှိ ကိုဗစ်ကပ်ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို အစိုးရအပြင် ကရင်အမျိုး သားအစည်းအရုံး-KNU အနေဖြင့် ကူညီဖြေရှင်းပေးရမည်ဖြစ်သလို ဒေသခံ ရွာသားများအပေါ်တွင်လည်း လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်မဖြစ်ပွားစေရန် အာမခံချက်ပေးရမည်ဖြစ်သည်ဟုလည်း KHRG က တိုက်တွန်းထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ စီးပွားရေး ကုသမှု အစီအစဉ်(Myanmar’s Covid-19 Economic Relief Plan) တွင်လည်း သက်ဆိုင်ရာ ကူညီထောက်ပံ့ပေးသည့်အဖွဲ့အစည်းများ၊ အစိုးရ နှင့် KNU အဖွဲ့အစည်းတို့မှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး မည်သူ့ကိုမျှ ချန်လှပ်ထားခြင်းမရှိစေရန် သေချာစွာ လုပ်ဆောင် သင့်ကြောင်းလည်း KHRGက ဆက်လက်တိုက်တွန်းထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ႓ာ့ကုလသမဂ္ဂမှ အတည်ပြု ပြဌာန်းလိုက်ပြီး ယနေ့ ၇၂ ကြိမ်မြောက် ရှိပြီးဖြစ်သည်။ KHRG က ဦးဆောင်၍ ယနေ့ ကျရောက် သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု အခမ်းအနားများကိုလည်း ပြည်တွင်း နယ်စပ် ဒေသများတွင် နှစ်စဉ်ပြုလုပ်ကျင်းပလျက်ရှိသည်။

Related Readings