Wed, 09 Dec 2020
မူတြော်ခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဘူးသိုမြို့နယ်တွင် တပ်မတော်မှ ရွာသားများအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ကျေးရွာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း (၂၀၂ဝခုနှစ်၊ မေလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂ဝခုနှစ်၊ မေလနှင့်ဇွန်လအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအာဒါးကျေးရွာအုပ်စုတွင် တပ်မတော် စစ်ကွပ်ကဲအခြေစိုက်အမှတ် (၈) လက်ခံအောက်ဖြစ်သည့် ခြေမြန်တပ်ရင်း အမှတ် (၄၀၇)မှ ရွာသားများအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ကျေးရွာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ် ခြင်းစသည့်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂ဝခုနှစ်၊ မေလ ၁၈ရက်နေ့၌ တပ်မတော်စစ်သားများမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) အား ပြန်လည်တိုက်ခိုက်ရန်အတွက် အရပ်သားများနေထိုင်သည့် ဒေသများတွင် အနည်းဆုံး လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့သည်။ သို့သော် လက်နက်ကြီးသုံးလုံးသာ ပေါက်ကွဲခဲ့သည်။ ၂၀၂ဝခုနှစ်၊ မေလအတွင်း ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၇)မှ ဘူးအားဒဲကျေးရွာအုပ်စု၊ က---ကျေးရွာမှ ရွာသား (၉)ဦးကိုလည်း လေးရက်တိတိ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ထို့နည်းတူ ၂၀၂ဝခုနှစ်၊ ဇွန်လ ၁၃ရက်နေ့၌ ခမရ (၄၀၇)မှ တပ်မတော်စစ်သားများသည် ကောကော့ထ တပ်စခန်းအနီးနားရှိ သံလွင်မြစ်တွင် စက်လှေဖြင့် ခရီးသွားလာနေသော ရွာသား (၁၀)ဦးကျော်ကို နာရီပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[1]  

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် တရားလက်လွတ်ပစ်ခတ်တိုက်ခိုက်ခြင်း 

အခင်းဖြစ်ပွားသည့်နေ့ရက်

မတရားဖမ်းဆီးချုပ်နှောင်ခြင်း - ၂၀၂ဝခုနှစ်၊ မေလ ၁၈ ရက်နေ့ 
တရားလက်လွတ်ပစ်ခတ်တိုက်ခိုက်ခြင်း - ၂၀၂ဝခုနှစ်၊ မေလ ၁၉ရက်မှ ၂၃ရက်အထိ နှင့် ၂၀၂ဝခုနှစ်၊ ဇွန်လ ၁၃ရက်နေ့  

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာအုပ်စု  

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

စောဂ---

စောခ---

စောလ---

အသက်

၄၂နှစ်

၄ဝနှစ်

၃၃နှစ်

၃၉နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ

ရှိ

ရှိ

ရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

စက်လှေမောင်းသူ

စက်လှေမောင်းသူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ကျေးရွာအုပ်ချုပ် ရေးမှူး

ရွာသား

ရွာသား

နေရပ် ရွာအမည်

က---ကျေးရွာ

က---ကျေးရွ

ဘ---ကျေးရွာ

ဇ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ 

တပ်ရင်းမှူး

ခြေမြန်တပ်ရင်း (၄၀၇)

ကောကော့ထတပ်စခန်း

စစ်ကွပ်ကဲအခြေစိုက် (၈) 

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂ဝခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှ ၂၃ရက်အထိတွင် ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းမှတ်တမ်းပြုစုသူ တစ်ဦးသည် ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာအုပ်စု၊ က---၊ ဘ---နှင့် ဇ---ကျေးရွာများတွင်နေထိုင်သော ရွာသားများနှင့်သွားရောက်တွေ့ဆုံပြီး စုစုပေါင်း တွေ့ဆုံမေးမြန်းမှု (၄)ခု ပြုလုပ်ခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းမှတ်တမ်းပြုစုသူမှ တွေ့ဆုံမေးမြန်းခဲ့သော ရွာသားများအချို့သည် တပ် မတော်မှ ၎င်းတို့အား ၂၀၂ဝခုနှစ်၊ မေလ ၁၉ရက်နေ့မှ ၂၃ရက်အထိနှင့် ဇွန်လ၁၃ရက်နေ့တွင် ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း တင်ပြခဲ့သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

မှုခင်း (၁) - မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် တရားလက်လွတ်ပစ်ခတ်တိုက်ခိုက်ခြင်း 

၂၀၂ဝခုနှစ်၊ မေလ ၁၉ရက်နေ့ မနက်ပိုင်းတွင် က---ကျေးရွာမှ ရွာသား (၉)ဦး (အမျိုးသမီး ၂ ဦးနှင့် အမျိုး သား ရဦး) သည် ကောကော့ထ တပ်စခန်းအနီးနား၌် ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ် တွင် ခမရ (၄၀၇)မှ တပ်ရင်းမှူးသည် မဲလယ်ထ လမ်းဟောင်းကို တပ်မတော်စစ်သားများ အသုံးပြု၍ ရနိုင် သည်၊ မရနိုင်သည်ကို သိရှိရန်အတွက် ထိုရွာသားများအား တပ်စခန်းသို့ လာရောက် အကြောင်းကြားရန် ခိုင်းစေခဲ့သည်။ ၎င်းမဲလယ်ထ လမ်းဟောင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ထိန်းချုပ်သည့် နယ်မြေတွင် တည်ရှိနေပြီး ထိုလမ်းအား သွားလာအသုံးပြုခြင်းကို KNLA မှ ၂၀၂ဝခုနှစ်၊ မတ်လ ၈ရက်နေ့ တွင် ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် တပ်မတော်အတွက် ဟောမဒေါ တပ်စခန်းသို့ စားနပ်ရိက္ခာများ သယ်ယူပို့ ဆောင်ရာတွင် အတားအဆီး ဖြစ်စေခဲ့သည်။ 

 

KNLA မှ တားမြစ်ထားသော နယ်မြေဒေသတွင် သွားလာလှုပ်ရှားရန် တပ်မတော်အား ခွင့်မပြုကြောင်း က---ကျေးရွာအုပ်ချုပ်ရေးမှှူးဖြစ်သူ စောဂ---က တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်မှ ရှေ့ တန်း တပ်စခန်းများသို့ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်သည့် အချိန်တိုင်းတွင် ၎င်းတို့၏စစ်သား အင်အားများကိုပါ ပို့ဆောင်လာသည်ကို ဒေသခံရွာသားများနှင့် KNLA တို့မှ သတိထားမိခဲ့ခြင်းဖြစ်သည်။  ဤလုပ်ရပ်သည် တပ်မတော်မှ နယ်မြေဒေသကို ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့၏နည်းဗျူဟာတစ်ခု ဖြစ်ကြောင်း ဒေသခံများနှင့် KNLA တို့က ထင်မြင်ယူဆကြသည်။ 

 

ယခုလက်ရှိအခြေအနေတွင် စောဂ---မှ ကရင်လူ့အခွင့်အရေးအဖွဲ့ကို ဤကဲ့သို့ရှင်းပြခဲ့သည်။ “ဒါတွေက တပ်မတော်စစ်သား အင်အားတွေကို ပိုမိုတိုးချဲ့လာတာဖြစ်တယ်။ ဒေသခံခေါင်းဆောင်နဲ့ရွာသားတွေကို အကြောင်းကြား အသိပေးတာတွေမရှိဘဲ လမ်းတစ်လျှောက်မှာ သူတို့တွေက လုံခြုံရေး အစောင့်တွေ ချထားတယ်။ ပြီးတော့ ဃ---ရွာမှာလည်း သူတို့တပ်စခန်းတွေကို ပိုပြီးတည်ဆောက်လာကြတယ်။ အဲဒီအတွက်ကြောင့်ဘဲ KNLA က သူတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ သူတို့ထဲက တချို့စစ်သားတွေ လည်း မြေမြှုပ်မိုင်း နင်းမိခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့တွေ အရမ်းဒေါသ ထွက်သွားတယ်။ အဲဒါကြောင့်သူတို့က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ သူတို့က ကျေးရွာ အနီးနားတွေမှာ လက်နက်ကြီးပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ရွာတွေကိုတော့ မပစ်ဘူး။ ရှေ့တန်းမှာနေတဲ့ KNLA စစ်သားတွေကို ကျွန်တော်မေးမြန်းခဲ့တယ်။ ကျွန်တော်သိလိုက်ရတာက တပ်မတော်စစ်သားတွေ လမ်းသစ် တွေကို ဖောက် လုပ်နေကြပြီး သူတို့တပ်စခန်းသစ်တွေကိုလည်း ဆောက်လုပ်ကြတယ်။” 

 

မေလ ၁၈ရက်နေ့ မနက်ပိုင်း (၉)နာရီဝန်းကျင်မှာ တပ်မတော်စစ်သားများသည်  ဘူးအားဒဲကျေးရွာအုပ်စု တွင် လက်နက်ကြီးများပစ်ခတ်ခဲ့သည် (တပ်မတော်မှ KNU တားမြစ်ထားသည့်နယ်မြေများတွင် ကျူးကျော် ဝင်ရောက်ခဲ့သည့်အတွက် KNLA စစ်သားများမှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တပ်မ တော်မှ KNLA ပစ်ခတ်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ရန်အတွက် လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။) တပ်မတော်မှ ပစ်ခတ်ခဲ့သောလက်နက်ကြီးငါးလုံးအနက် သုံးလုံးသာပေါက်ကွဲခဲ့သည်ဟု စောဂ---မှ ကရင် လူ့အခွင့်အရေးအဖွဲ့အား တင်ပြခဲ့သည်။ လက်နက်ကြီးတစ်လုံးမှာ က---ကျေးရွာတွင် နေထိုင်သည့်ရွာသား တစ်ဦး၏အိမ်အနီးနားတွင် ပေါက်ကွဲခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မည်သူမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။ ခမရ (၄ဝရ)မှ လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု က---ကျေးရွာတွင်ရှိသည့်ရွာသားများမှ မှတ်ချက် ချခဲ့သည်။

 

၎င်းလက်နက်ကြီးပစ်ခတ်မှုသည် က---ကျေးရွာသားများမှ တပ်မတော်နှင့် ချက်ချင်းလာရောက်တွေ့ဆုံရန် သတိပေးသည့်အရာဖြစ်သည်ဟု ရွာသားများမှ ထင်မြင်ယူဆခဲ့သည်။ ထို့ကြောင့် စောဂ---နှင့် အခြားသောရွာသား (၈)ဦးဖြစ်သည့် နော်အ---၊ နော်မ---၊ နော်န---၊ သ---၊ စ---၊ ဆ---၊ ဦးတ---နှင့် ဦးဖ---တို့သည် ကောကော့ထတပ်စခန်းသို့ ခြေလျင်ဖြင့် သွားရောက်ခဲ့သည်။ ထိုတပ်စခန်းသို့ရောက်ရှိရန် နှစ်နာရီခန့်ကြာမြင့်ခဲ့သည်။ ၎င်းတပ်စခန်းသည် ကျေးရွာ၏အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ရွာနှင့်နှစ်မိုင် ခန့် ဝေးသည်။ 

 

ရွာသားများသည် တပ်စခန်းသို့ရောက်ရှိသောအခါ ခမရ (၄၀၇) မှ စစ်သားများသည် ၎င်းတို့အား ကြိုဆိုပြီး ကောင်းမွန်စွာ ဆက်ဆံပြောဆိုခဲ့သည်။ တပ်ရင်းမှူးသည် စောဂ---အား ဤသို့မေးမြန်းခဲ့သည်။ “သူတို့က (ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - KNLA) ငါတို့ကို ဘာဖြစ်လို့တိုက်ခိုက်ရတာလဲ။ တီးဘန့် (KNLA အရာ) က အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတာ။ သူ့ကို အထက်အရာရှိဆီမှာ မင်းက ဘာဖြစ်လို့ မတိုင်ကြားတာလဲ။” စောဂ---မှ ဤကဲ့သို့ပြန်လည်ဖြေဆိုခဲ့သည်။ “ဘာဖြစ်လို့လဲဆိုတာ ကျုပ်လဲ မသိဘူး လေဗျာ။ သူတို့လည်း သူတို့အကြောင်းနဲ့သူတို့ရှိမှာပေါ့။”

 

ထို့နောက် ရွာသားများသည် နယ်ခြားစောင့်တပ်ခေါင်းဆောင်ဖြစ်သူဒီးကာ ပြန်လာသည့်အထိ တပ်စခန်း တွင်နေရမည်ဟု တပ်မတော်မှ အမိန့်ချမှတ်ခဲ့သည်။ ဒီးကာသည် မဲလာထလမ်းဟောင်းတစ်လျှောက်တွင် လုံခြုံရေးအခြေအနေများနှင့်ပတ်သက်ပြီး တပ်မတော်တပ်ရင်းမှူးအား ပြန်လာအကြောင်းကြားရမည်ဖြစ် သည်။ သို့သော်လည်း ဒီးကာသည် ပြန်လာအကြောင်းကြားရန် နောက်ကျခဲ့သည်။ နောက်ဆုံး၌ ၂၀၂၀ ခုနှစ်၊ မေလ ၂၃ရက်နေ့တွင် ဒီးကာပြန်ရောက်လာခဲ့သည်။ ထို့နောက် ဖမ်းဆီးထိန်းသိမ်းခံရသော ရွာသား များလည်း ပြန်လွှတ်လာခဲ့သည်။ ၎င်းတို့အား ပြန်မလွှတ်ခင်တွင် ၎င်းတို့၏နာမည်များ၊ ၎င်းနေထိုင်သည့် ကျေးရပ်နာမည်နှင့် ရက်စွဲများကို ရေးချပေးရန် တပ်ရင်းမှူးမှ ၎င်းတို့အား ခိုင်းစေခဲ့သည်။ သို့သော် ရွာသားများ ဘာကြောင့်ထိုကဲ့သို့လုပ်ရသည်ကို တပ်ရင်းမှူးမှ ရှင်းပြခဲ့ခြင်း မရှိပေ။ 

 

KNLA မှ တပ်မတော်ကို တိုက်ခိုက်ခြင်းအား ရပ်တန့်ပေးရန်အတွက်  စောဂ---မှ KNLA အား ဖျောင်းဖြ ပေးရန်အတွက် တပ်ရင်းမှူးသည် ၎င်းအား ပြောဆိုခဲ့သည်။ “ငါတို့ကို တိုက်ခိုက်တာတွေ ရပ်တန်းက ရပ်ပါလို့ သူတို့ကိုသွားပြောပေး။ ကြားလား။ ငါဒီအရာကို ကြုံတွေ့လာခဲ့တာ အခါပေါင်းများနေပြီး။ ငါသည်း မခံနိုင်တော့ဘူး။ ငါလည်း ဘာအမှားမှ လုပ်တာလည်းမဟုတ်ဘူး။ အခုငါက မင်းကိုဒီမှာ အတင်း နေခိုင်း တယ်လို့ လူတွေထင်နေကြပြီး။ ဒါပေမဲ့ မင်းကို ငါဘာမှ မလုပ်ဘူး။ (အရပ်သားများ နေထိုင်သည့် ဒေသများ တွင်) လက်နက်ကြီးပစ်ခတ်ခဲ့တာက ငါ့ရဲ့အမှားပါ။ အဲဒါငါ့အမှားပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (KNLA) တိုက်ခိုက်မှုတွေကိုကြုံတွေ့ခဲ့တာ အခါပေါင်းများပြီး။ ငါလည်း သည်းမခံနိုင်တော့လို့ လက်နက်ကြီးပစ်ခတ် တာကို လုပ်မိလိုက်တာ။ မင်းတို့အပြစ်တင်ရင်တော့ ခံရမှာဘဲ။” 

 

တပ်မတော်မှ မဲလာထလမ်းဟောင်းကို လွတ်လပ်စွာ အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပေးဖို့ KNLA  အား တောင်းဆိုပေးရန် တပ်ရင်းမှူးသည် ကျေးရွာအုပ်ချုပ်ရေးမှူးအား ခိုင်းစေခဲ့ပြန်သည်။ “သူတို့ (KNLA) ကို ပြောပြလိုက်။ လမ်းမှာ ငါလာရင် လာမနှောင့်ယှက်နဲ့တော့။ ငါလည်းသူတို့ကို မနှောင့်ယှက်ဘူး။ သူတို့လည်း ကြိုက်သလို သွားလာလှုပ်ရှားရတယ်။ ဒါပေမဲ့ သူတို့လည်း ငါတောင်းဆိုသလို မလိုက်လျော ပေးနိုင်ဘူးဆို ရင် ငါလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ လမ်းကို အသုံးပြုဖို့ သူတို့ဆီက ခွင့်ပြုချက်ပဲ တောင်းပေး။ ငါကျူးကျော်ဝင်ရောက်မယ်ဆိုရင် ငါ့ကို သူတို့ပစ်နိုင်တယ်။”  သို့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တပ်ရင်းမှူးခိုင်းစေသည့်အတိုင်း လိုက်နာရန် ငြင်းဆိုခဲ့သည်။ “အဲဒီအတွက် သူတို့ကို ကျွန်တော်သွားမေးမှာ မဟုတ်ဘူး။ လမ်းအခြေအနေနဲ့ပတ်သက်ပြီး ဗိုလ်ကြီးကို ကျွန်တော်ပြောစရာ မရှိတော့ဘူး။ ကျွန်တော်သိ တာတွေ အားလုံးပြောပြီပြီး။ ကျွန်တော်ဗိုလ်ကြီးကို ပြောခဲ့သလိုဘဲ နိုင်ငံရေးနဲ့ပတ်သက်လာရင် ဗိုလ်ကြီးခိုင်း သလိုမျိုး ရွာသားတွေက သူတို့ဆီကိုသွားပြီး ခွင့်ပြုချက်ရဖို့ မသွားမေးသင့်ဘူး။ ဒေသခံခေါင်းဆောင်တွေ လည်း ဗိုလ်ကြီးအတွက် အဲဒါတွေ မလုပ်ပေးသင့်ဘူး။ ဗိုလ်ကြီးရဲ့အထက်အရာရှိအချို့တွေလည်း ခွင့်ပြု ချက် ရဖို့ပတ်သက်ပြီး သူတို့ကို မေးမြန်းခဲ့ပြီပြီး။ သူတို့က ခွင့်ပြုချက်သာ ပေးမယ်ဆိုရင် သူတို့ပေးတာ ကြာပြီး။ ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့တွေက အဲဒီကိစ္စကို သွားဝင်စွက်ဖက်လို့မရဘူး။” 

 

၎င်းရွာသား (၉)ဦးမှာ မေလ ၁၉ရက်နေ့မှ ၂၃ရက်နေ့အထိ စုစုပေါင်း လေးရက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ သူတို့သည် ကောင်းမွန်စွာ ဆက်ဆံခံရပြီး လုံလောက်သော စားစရာများကိုလည်း ရရှိခဲ့သည်။ အမျိုးသား (၇) ဦးကို တပ်မတော်တပ်စခန်းအနီးနားရှိ နယ်ခြားစောင့်တပ်စစ်သားများနေထိုင်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အမျိုးသမီး (၂)ဦးကို တပ်မတော်တပ်စခန်းအနီးနားရှိ တဲအိမ်တစ်လုံးတွင် ထိန်းသိမ်းခဲ့ သည်။ ၎င်းတဲအိမ်သည် ရွာသားတစ်ဦးဖြစ်သူ စောဌ---ပိုင်ဆိုင်သည့်တဲအိမ်ဖြစ်ပြီး အသေးစားဆိုင်လေး တစ်လုံးဖွင့်လှစ်ထားသည်။ ဖမ်းဆီးထိန်းသိမ်းခံရသည့်အမျိုးသမီးတစ်ဦးဖြစ်သူ နော်အ---သည် သူမ၏အ တွေ့အကြုံကို ဤကဲ့သို့ပြန်လည်ပြောပြခဲ့သည်။ “သူတို့က ကျွန်မတို့ကို စားစရာတွေ အများကြီးပေးတယ်။ သူတို့က ကျွန်မတို့ကိုလည်း အလုပ်မလုပ်ခိုင်းဘူး။ ဒါပေမဲ့ သူတို့က ကျွန်မတို့ကို မပြန်ခိုင်းဘူး။ အဲဒါကတော့ နည်းနည်းလေး စိတ်ပျက်မိတယ်။ ဟိုမှာနေတဲ့အချိန်မှာ ကျွန်မတို့အရမ်းစိုးရိမ်တယ်။ ကျွန်မဟိုမှာ သွားနေ ရတဲ့ချိန်မှာ ကျွန်မကလေးနှစ်ယောက်ကို အိမ်မှာ ထားခဲ့ရတယ်။ ကျွန်မနဲ့ကျွန်မအမျိုး သားလည်း ဟိုမှာ သွားနေရတယ်။ အဲဒါကြောင့် ကျွန်မစိုးရိမ်တယ်။ ဘယ်သူတွေက ကျွန်မကလေးတွေကို ကြည့်ရှုစောင့် ရှောက်မှာလဲ။” 

 

ရွာသားများသည် ၎င်းတို့ရပ်ရွာသို့ပြန်လာရာတွင် ကောကော့ထတပ်စခန်းနှင့် ဟောမဒေါတပ်စခန်းကြားရှိ မဲလာထလမ်းဟောင်းကို အသုံးပြုရန် တပ်မတော်မှ ၎င်းတို့အား အမိန့်ပေးခဲ့သည်။ ၎င်းလမ်းဟောင်းကို အသုံးပြုရန် အလွန်အန္တရာယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းတွင် မြေမြှုပ်မိုင်းများရှိသည်။ နော်အ---မှ  ဤကဲ့သို့ပြောပြခဲ့သည်။ “ကျွန်မတို့ရွာပြန်မယ်ဆိုရင် တပ်မတော်တပ်စခန်းကြားမှာရှိတဲ့လမ်း ကို အသုံးပြုဖို့ သူတို့က ကျွန်မတို့ကို ပြောခဲ့တယ်။ အဲဒါက အရမ်းအန္တရာယ်ရှိတယ်။ ကျွန်မတို့ဘာမှ မသိခဲ့ဘူး။ ကျွန်မတို့ရွာရောက်တဲ့အချိန်မှာ လမ်းအခြေအနေ ဘယ်လိုလဲဆိုတာ KNLA စစ်သားတွေကို မေးခဲ့တယ်။ သူတို့ပြောတာက ကျွန်မတို့ပြန်လာတဲ့ လမ်းဟာ အမှန်တကယ်တော့ အရမ်းအန္တရာယ်များ တယ်တဲ့။” 

 

နောက်ဆုံးတွင် စောဂ---မှ တပ်မတော်၏တောင်းဆိုမှုကို KNLA စစ်ဗိုလ်တစ်ဦးဖြစ်သူဖါးဒါးအား အကြောင်း ကြားခဲ့သည် (ကရင်လူ့အခွင့်အရေးအဖွဲ့မှ စောဂ---မှ KNLA အား မည်သည့်အချိန်တွင် အကြောင်းခဲ့သည် ကို တိတိကျကျမသိရှိရပါ။) ထို့နောက် KNLA သည် တပ်မတော်မှ မဲလာထလမ်းဟောင်းကို အသုံးပြုရန် ခွင့်ပြုခဲ့သည်။ ၂၀၂ဝခုနှစ်၊ မေလ ၁၉ရက်နေ့ကစပြီး ရွာသားများသည် စက်လှေဖြင့်ခရီးသွားလာရာတွင် အမြဲတမ်း စစ်ဆေးမေးမြန်းခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရွာသားများသည် KNLA အတွက် စားနပ် ရိက္ခာနှင့်လိုအပ်သည့်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမည်ကို တပ်မတော်မှ ၎င်းတို့အား သံသယရှိခဲ့ခြင်း ဖြစ်သည်။ 

 

မတရားဖမ်းဆီးချုပ်နှောင်ခြင်း 

၂၀၂ဝခုနှစ်၊ ဇွန်လ ၁၃ရက်နေ့ မနက်ပိုင်းတွင် ဘူးအားဒဲကျေးရွာအုပ်စု၊ မဲ့ပါဒေသရှိရွာသား (၁၀)ဦးကျော် သည် သူးမွဲထကျေးရွာသို့ စက်လှေဖြင့် ကောက်ပဲသီးနှံများနှင့် အသီးအရွက်များကို သယ်ယူလာကြသည်။ သူးမွဲထကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသည်။ ၎င်းတို့မှ ဒို့ဒေးဒေသတွင်ရောက်ရှိသော အခါ ကောကော့ထတပ်စခန်းရှိ ခမရ (၄၀၇)မှ စစ်သားများသည် ၎င်းတို့အား တားဆီးခဲ့သည်။ ကောကော့ ထတပ်စစခန်းသည် ဒို့ဒေးဒေသအနီးရှိ သံလွင်မြစ်နားတွင် တည်ရှိပါသည်။ ဒို့ဒေးဒေသသည် ထိုရွာ သားများ၏ကျေးရွာနှင့် ၂ နာရီခန့် သွားလာရသည်။

ထိုနေ့တွင် ရွာသားများသည် စက်လှငါးစီးဖြင့် ခရီးသွားလာကြသည်။ ထိုရွာသားများသည် စောခ---၊ စော လ---၊ စောတ---နှင့် ၎င်း၏အမျိုးသမီး၊ စောထ---နှင့် ၎င်း၏အမျိုးသမီး၊ နော်ဠ---နှင့် အခြားသော ရွာသားများဖြစ်ကြသည်။ ၎င်းတို့အနက် ရွာသားတစ်ဦးမှ တပ်မတော်စစ်သားများသည် ၎င်းတို့အား တား ဆီးခဲ့သည်ကို ကရင်လူ့အခွင့်အရေးအဖွဲ့အား တင်ပြခဲ့သည်။ စစ်သားများမှ ၎င်းတို့အား ဤသို့ပြောခဲ့သည်။ “စက်လှေပေါ်မှာစီးလာတဲ့မင်းတို့တွေ ထိုင်းနယ်စပ်ကိုသွားဖို့ ငါတို့ကခွင့်ပြုမှာ မဟုတ်ဘူး။” 

 

တပ်မတော်သည် ရွာသားများအားလုံးကို ဖမ်းဆီးခဲ့ပြီး စောဌ---၏တဲအိမ်တွင်  ထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးခံရသည့် တချို့ရွာသားများ၏ပြောပြချက်အရ တပ်မတော်သည် ၎င်းတို့အား ဖမ်းဆီးခဲ့သည့်အ ကြောင်းရင်းမှာ တပ်မတော်သည် စောဂ---နှင့် ဝ---ကျေးရွာတွင်နေထိုင်သည့်စောဏ---တိို့ကို အမျက် ထွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ခမရ (၄၀၇)သည် ဟောမဒေါ တပ်စခန်းသို့ စားနပ်ရိက္ခာများကို သယ်ယူပို့ ဆောင်ရန် လိုလားခဲ့သည်။ သို့သော် ၎င်းတို့က လုံခြုံရေးအတွက်စိုးရိမ်မိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် KNLA စစ်သားများသည် ဒေသအတွင်း လှုပ်ရှားနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့နှစ်ဖွဲ့ကြားရှိ တင်းမာမှုများသည် ပိုမိုမြင့်မားလာခဲ့သည်။ 

 

ထိုအတွက်ကြောင့် ယခင်တုန်းက တပ်မတော်မှ စားနပ်ရိက္ခာများကို သယ်ယူပို့ဆောင်ရာတွင် ခွင့်ပြုပေးရန်အတွက် KNLA အား ဖျောင်းဖျစေရန် ခမရ (၄၀၇)သည် စောဂ---နှင့်စောဏ---အား ခိုင်းစေ ခဲ့သည်။ ဝ---ကျေးရွာရှိရွာသားများသည် တပ်မတော်နှင့် ဆက်ဆံပြောဆိုရန် စောဏ---ကိုသာ မှီခိုအား ထားရသည်။ အကြောင်းမှာ စောဏ---သည် ဗမာစကားကောင်းကောင်း ပြောတတ်သောကြောင့် ဖြစ် သည်။ 

 

တပ်မတော်သည် ရွာသားများအပေါ် အမျက်ထွက်ခဲ့သည့်အကြောင်းမှာ မဲလာထလမ်းဟောင်းကို အသုံးပြု ရန်အတွက် KNLA ဆီမှ ခွင့်ပြုချက်ရ၊ မရနှင့်ပတ်သက်ပြီး စောဏ---နှင့်စောဂ---တို့မှ ၎င်းတို့အား ပြန်လာ အကြောင်းကြားရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဘ---ကျေးရွာတွင် နေထိုင်သည့် စောခ---သည် ကရင်လူ့အခွင့်အရေးအဖွဲ့အား ပြောပြခဲ့သည်။ “သူတို့က ကျွန်တော် တို့ကို ဆူပူကြိမ်းမောင်းတာတွေ မလုပ်ဘူး။ ဒါပေမဲ့ သူတို့က အဲဒီကိစ္စနဲ့အရမ်းဒေါသထွက် သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မ တော်က ရိက္ခာတွေပို့လို့ရ၊မရနဲ့ပတ်သက်ပြီး စောဏ---နှင့် စောဂတွေက တပ်ရင်းမှူးကို ပြန်လာအကြောင်း မကြားဘူးလေ။”  ဇ---ကျေးရွာတွင် နေထိုင်သည့် စောလ---မှလည်း ဤသို့ထပ်မံဖြည့်စွက်ခဲ့သည်။ “သူတို့တွေက ကျွန်တော့်တို့ကို တားမြစ်တဲ့အချိန်မှာ သူတို့အရမ်းဒေါသထွက်နေတယ်။ ဒါပေမဲ့ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ကျွန်တော် တို့ဘာမှ မသိရဘူး” 

 

တပ်မတော်သည် ရွာသားနှစ်ဦးအား စောဏ---၊ ဒီးကာနှင့် ဒေသခံနယ်ခြားစောင့်တပ်မှ စစ်ဗိုလ် တစ်ဦးတို့ ကို သွားကြိုခိုင်း၍ တပ်မတော်တပ်စခန်းတွင် လာရောက်တွေ့ဆုံရန် ခိုင်းစေခဲ့သည်။ စက်လှေသမားဖြစ်သူ စောလ---သည် နို့ဒေးဒေသကို သွား၍ ဒီးကာကို သွားကြိုခဲ့သည်။ ဒီးကာမှ ရွာသားတွေနှင့် လိုက်ပါ လာခြင်းမရှိသော်လည်း ၎င်းမှ စောလ---အား တပ်မတော်အတွက် စာတစ်စောင်ပေးခဲ့သည်။ အခြားရွာ သားတစ်ဦးကတော့ ဝ---ရွာတွင် စောဏ---အား သွားကြိုခဲ့သည်။ ဒီးကာကိုသွားကြိုပေးခဲ့သည့် ရွာသား သည် နို့ဒေးဒေသသို့ ရောက်ရှိရန်အတွက် စက်လှေဖြင့်သော်လည်းကောင်း၊ ခြေကျင်ဖြင့်သော်လည်း ကောင်း နှစ်နာရီခန့်သွားခဲ့ရသည်။ သို့သော် တပ်မတော်သည် ၎င်းတို့ခရီးစရိတ် (ဆီဖိုး) အတွက် ပိုက်ဆံ ပေးဆောင်ခဲ့ခြင်း မရှိပေ။ 

 

စောဏ---မှ တပ်စခန်းသို့ရောက်ရှိချိန်တွင် ၎င်းအား အခြားသောရွာသားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။ ထို့နောက် ၎င်းမှ တပ်မတော်အား မဲလာထလမ်းဟောင်းနှင့်ပတ်သက်သည့်အခြေအနေကို ရှင်း ပြခဲ့သည်။ “KNLA တွေက မြေမြှုပ်မိုင်းတွေကို ထောင်ထားကြတယ်။ ဒါပေမဲ့ အဲဒါတွေကို ရှင်းထုတ်ဖို့ သူတို့က မလုံခြုံဘူးလို့ ခံစားရတယ်။ တကယ်လို့ တပ်မတော်သာ အဲဒီလမ်းမှာ သွားရဲလို့ရှိရင် သွားလို့ရ တယ်။” စောဏ---မှ တပ်မတော်အား အကြောင်းကြားပြီး နောက်တွင် ရွာသားများအား နေ့လယ် ၁၂နာရီ တွင် ပြန်လွှတ်ခဲ့သည်။ ထိုင်းနယ်စပ်ကိုလည်း သွားလာရန်ခွင့်ပြုခဲ့သည်။ ထို့နောက် ရွာသားများသည် စားစ ရာများကို သွားဝယ်ယူနိုင်ခဲ့ပြီး ၎င်းတို့ ရပ်ရွာသို့ပြန်လာနိုင်ခဲ့သည်။ 

 

တပ်မတော်၏လုပ်ရပ်များသည် ဒေသအတွင်း KNLA နှင်တပ်မတော်တို့အကြားရှိ တင်းမာမှုများကို ပိုမိုမြင့် တက်စေသည်။ ထို့ကြောင့် ၎င်းသည် ဒေသခံပြည်သူတွေအကြားတွင် လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်စ ရာများ ဖြစ်စေခဲ့သည်။ စောလ---မှ ဤသို့ တင်ပြခဲ့သည်။ “ကြောက်စိတ်တွေနဲ့ပဲ ကျွန်တော်ခရီးသွား လာနေရတယ်။ တပ်မတော်နဲ့ KNLA ကြား တစ်ခုခု (တိုက်ပွဲ) ဖြစ်မှာကိုဘဲ စိုးရိမ်ရတယ်။ တစ်ခုခုဖြစ်ခဲ့ရင် သူတို့က (တပ်မတော်) ကျွန်တော့်ကို လာဖမ်းပြီးစစ်ဆေးမေးမြန်းမယ်။ ပြီးရင် သူတို့အတွက် အလုပ်လုပ် ခိုင်းမယ်။ မင်းသိတဲ့အတိုင်းပဲ ဒါက တပ်မတော်တွေရဲ့ လုပ်နေကြလုပ်ရပ်တွေပဲ။ သူတို့တွေက ကြိုက်တဲ့ အချိန်မှာ မင်းကို အချိန်မရွေးပြဿာနာရှာပြီး စစ်ဆေးမေးမြန်းလို့ရတယ်။” 

 

ကောကော့ထတပ်စခန်းအကြောင်း

တပ်မတော်မှ ကောကော့ထတပ်စခန်းကို ၁၉၉၅ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ရွာသားများ ဖမ်းဆီးထိန်း သိမ်းခံရသည့်အချိန်ကာ၌ ၎င်းတပ်စခန်းတွင် စကခ အမှတ် (၈) ခမရ (၄၀၇) မှ အခြေပြုလှုပ်ရှား နေထိုင် ခဲ့သည်။ ဒေသခံရွာသားများ သည် ခမရ (၄၀၇) အား ဦးဆောင်သည့်တပ်ရင်းမှူး၏နာမည်ကို မသိရှိရပေ။ ခမရ (၄၀၇)သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၁၆ရက်နေ့အထိ ကောကော့ထတပ်စခန်းတွင် နေထိုင် လှုပ်ရှားခဲ့သည်။ (တပ်မ တော်သည် ဒေသအတွင်း ပုံမှန်အားဖြင့် ၎င်းတို့တပ်ရင်းများကို ခြောက်လ တစ်ကြိမ် ပြောင်းလဲ၍လှုပ်ရှားခဲ့သည်။) ဒေသခံများသည် ၎င်းတပ်ရင်းတွင် စစ်သားအင်အားမည်မျှရှိကို အတိအကျမသိရှိရပါ။ သို့သော် ထိုတပ်ရင်းတွင် စစ်သားဦးရေ ၃ဝမှ ၄၀ အထိရှိလိမ့်မည်ဟု ရွာသားများ က ခန့်မှန်းကြသည်။ ရွာသား များသည် ခရီးသွားလာမည်ဆိုပါက ခမရ (၄၀၇) အား ကြိုတင်၍ အမြဲတမ်း အကြောင်းကြား ရပါသည်။ ရွာသားများသည် တပ်မတော်မှ ၎င်းတို့အား သံသယဖြစ်၍ မေးမြန်းစစ်ဆေး သည့်ကိစ္စရပ်များကို ကြုံတွေ့ခဲ့ ရသည်။ ထို့အပြင် တပ်မတော်သည် ရွာသားများအား တစ်ဦးလျှင် ဆန်သုံးအိတ်သာ သယ်ယူသွားလာ ခွင့်ပြုသည်။ (အဘယ်ကြောင့်ဆိုသော် ရွာသားများသည် KNLA အတွက် စားနပ်ရိက္ခာများ သယ်ယူပို့ ဆောင်ပေးမည်ကို တပ်မတော်မှ စိုးရိမ်နေသောကြောင့်ဖြစ်သည်။) 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဖမ်းဆီးခံရသည့်ရွာသားများသည် ဤသတင်းအကြောင်းအရာများကို အသုံးပြုရန် ကရင်လူ့အခွင့်အရေး အဖွဲ့အား ခွင့်ပြုချက်ပေးခဲ့သည်။ 

Wed, 09 Dec 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ ဇူလှိုင်လ ၂၃ရက်နေ့တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအ နေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထား ပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်