တိုင်းရင်းသားလူမျိုးစုများ ခွဲခြားဆက်ဆံခံနေရဆဲဟု KHRG ထုတ်ပြန်

Wed, 18 Nov 2020

    

 

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စအိုင်ဆူး

ဘာသာရေး၊ လူမျိုးရေးနှင့် အမျိုးသားရေး ဝိသေသနလက္ခဏာများအပေါ် အခြေခံသည့် တိုင်းရင်းသားလူမျိုး စုများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့-KHRGက ယနေ့( နိုဝင်ဘာ ၁၈ရက်) ထုတ်ပြန်လိုက်သည်။

“ ခြိမ်းခြောက်မှု အောက်မှ လူနည်းစုများ၊ အန္တရာယ်ကျရောက်နေသော မတူကွဲပြားမှုများ- မြန်မာပြည်အရှေ့ တောင်ပိိုင်းရှိ အမြစ်တွယ်နေသော ခွဲခြား ဆက်ဆံမှုပုံသဏ္ဍာန်များ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာအရ ဗမာမဟုတ်သည့် တိုင်းရင်းသားများအပေါ် အစိုးရ၏ ဗမာလူမျိုးကြီးဝါဒဆန်စွာ ပြုမှု ဆက်ဆံမှုများကို အဓိက မီးမောင်းထိုတင်ပြထားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရှိလာပြီး ဖြစ်သော်လည်း တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် ၎င်းတို့၏ အမျိုးသားရေး ဝိသေသ လက္ခဏာများအရ ခွဲခြားဆက်ဆံခံနေရပြီး အခွင့်အရေး အကာအကွယ်ပေးမှုများ အားနည်းနေကြောင်း KHRG ဒါရိုက်တာ နော်ထူးထူးက ယခုလိုပြောသည်။

၎င်းက “ ပြောင်းလဲမှုတွေတော့ရှိတယ်။ ဒါပေမဲ့ လူနည်းစုတွေမှာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး တိုင်း ရင်းသား တစ်ယောက်ရဲ့အခွင့်အရေး ရရှိပိုင်ခွင့်မှာ အသိအမှတ်ပြုမှု အပြည့်အဝမရသေးဘူး။ လူမျိုးကြီးဝါဒ ကြီးစိုးမှု မူဝါဒတွေက အသေအချာ ရှိနေသေးတာပဲ။ ဘယ်မှာ အထင်အရှားတွေ့နိုင်လဲဆိုရင် တိုင်းရင်းသား လူမျိုးတွေရဲ့ မှတ်ပုံတင် နာမည်ရှေ့တွေမှာ သူတို့ရဲ့ တိုင်းရင်းသားအမည်တွေအစား ဗမာနာမည်တွေကို ထည့်ပေးတာမျိုးတွေ တွေ့နိုင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာအရ ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်ကာလများအတွင်း လူမျိုးကြီးဝါဒ များကို စနစ်တကျ ကျင့်သုံးခဲ့ရာမှ ဦးသိန်းစိန်အစိုးရ လက်ထက်မှစ၍ ပြုပြင်ပြောင်းလဲမှု တချို့ ရှိလာခဲ့ သော်လည်း တချို့ဒေသများတွင် လူမျိုးကြီးဝါဒ လက်တွေ့ကျင့်သုံးမှုများရှိနေသေးသည့်အပေါ် တိုင်းရင်းသား လူမျိုးစုများ ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ သမိုင်းကြောင်းများ၊ ဘာသာစာပေ၊ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဗမာတိုင်းရင်းသား မဟုတ်သည့် ကျန်တိုင်းရင်းသားများ၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုများကို တရားဝင် ပြ ဌာန်းသင်ယူလေ့လာခွင့်မပေးထားသည့်အချက်များ၊ တိုင်းရင်းသားလူမျိုးစုများ၏ အမျိုးသားရေး လက္ခဏာ ရပ်များဖြစ်သည့် အမျိုးသားအလံ၊ စာပေ၊ ဓလေ့ထုံးတမ်း၊ နေ့ထူးနေ့မြတ်များအပေါ် ကန့်သတ်ချက်များနှင့် နေရာဒေသ၏ နာမည်ခေါ်သုံးစွဲမှုများအပေါ် ဗမာမှုပြုခံရခြင်းစသည့်အချက်များကို အဓိက ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်တွင် ပြဌာန်းသတ်မှတ်လိုက်သည့် အမျိုးသားပညာရေး ဥပဒေအရ တိုင်းရင်းသားစာပေများကို ကျောင်းချိန်ပြင်ပ သင်ကြားခွင့်များပေးလာပြီး ၂၀၁၅ခုနှစ်တွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဥပဒေ ပြဌာန်းပေါ်ပေါက်လာသည့်တိုင် ၎င်းဥပဒေများကို လက်တွေ့ကျင့်သုံးမှုများတွင် အတားအဆီးများ ရှိနေ ကြောင်လည်း KHRG က ထောက်ပြသည်။

၎င်းအပြင် အစီရင်ခံစာပါ အခြားအချက်များအရ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် နိုင်ငံသားအခွင့်အရေးများ အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသော်လည်း မွတ်စလင် လူနည်းစုများအနေဖြင့် ယနေ့အချိန်ထိ ချန်လှပ်ခံထားရဆဲဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် တရားဝင် စာရွက်စာတမ်းရရှိခံစားပိုင်ခွင့်နှင့် နိုင်ငံသားအသိ အမှတ်ပြုခံရမှုများ မရရှိသည့် စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်နေရကြောင်းလည်း ဆက်လက် ဖော်ပြထား သည်။

ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာကို ယခင်ထုတ်ပြန်ပြီးသား KHRG ၏ တွေ့ရှိချက်များအပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ယခုနှစ်အတွင်း ကွင်းဆင်းလေ့လာ၍ ဒေသခံ လူထု ၅၉ ဦးကို မေးမြန်း မှတ်တမ်းရယူထားမှု များကို အခြေခံ၍ စုပေါင်းထုတ်ပြန်သည့် အစီရင်ခံစာဖြစ်ကြောင်းလည်းသိရသည်။

ထိုသို့ လူနည်းစု လူမျိုးများ၏ အခွင့်အရေး နှင့် ဝိသေသန လက္ခဏာများကို ကာကွယ်ပေးနိုင်ရန်အတွက် မြန်မာအစိုးရ နှင့် ဒေသတွင်း အုပ်ချုပ်ရေး ယန္တရာများမှ တက်ကြွစွာ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း လည်း KHRG ၏ အစီရင်ခံစာ၌ တောင်းဆို အကြံပြုချက်များ ထည့်သွင်းထားသည်။

၎င်းအကြံပြုချက်များအရ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးစုများအားလုံးကို တိုင်းရင်းသား လူမျိုးများ အဖြစ် တရားဝင်အသိအမှတ်ပြုပြီး နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ဥပဒေများကိုပါ အစားထိုး ပြဌာန်း အတည်ပြုပေးရန် တောင်းဆိုအကြံပြုထားသည်။

ထို့အပြင် တိုင်းရင်းသားလူနည်းစုများ၏ ဝိသေသ လက္ခဏာရပ်ဆိုင်ရာ တောင်းဆိုချက်များတွင် ၎င်းတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နေ့ထူးနေ့မြတ်၊ အမျိုးသားလံ၊ သမိုင်းကြောင်း၊ ပညာရေး၊ နယ်မြေ ဒေသ နာမည် ခေါ်ဝေါ်သုံးစွဲမှု များအတွက် တရားဥပဒေနှင့်အညီ အသိအမှတ်ပြု ကာကွယ်ပေးရေးနှင့် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသားများ မလိုလားသည့် ရုပ်ထုများ စိုက်ထူခြင်းများကို ရပ်တန့်ရန်လည်း ဆက်လက် အကြံပြုတိုက်တွန်းထားသည်။

ပြီးခဲ့သည့် ကာလများအတွင်း တိုင်းရင်းသားဒေသများ၌ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုစိုက်ထူခြင်းများ၊ တံတား အမည်ပေးခြင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ထိစပ်ဒေသများရှိ ကျောင်းများတွင် တိုင်းရင်း သား အလံစိုက်ထူထားခြင်းအပေါ် ဖြုတ်သိမ်းခြင်းများ၊ တိုင်းရင်းသား စာပေဖြင့် ဒေသကျေးရွာအမည် စိုက်ထူ ရေးသားခြင်းများကို တားမြစ်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရအပေါ် တိုင်းရင်းသားလူမျိုးစုများ အကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ကာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းယူ၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ဖြန့်ဝေခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ပြည်သူများအား အသိပညာပေး လုပ် ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

Related Readings