Thu, 10 Sep 2020

မရေရာမှုများဆီသို့ လှမ်းဝင်ခြင်း ၊ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်တွင်း၊ ပြည်ပဒုက္ခသည်များ၏ နေရပ်ပြန်သည့်အတွေ့အကြုံများ

   

   

 

၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်း အစပြုလုပ်ဆောင်ခြင်းများရှိလာသည်နှင့်အမျှ မြန်မာပြည်တွင်း၌ ဒုက္ခသည် များနှင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူ(IDP)များ နေရပ်သို့ပြန်သွားခြင်းများမှာလည်း တဖြည်းဖြည်း ပို၍ တိုးများလာခဲ့ပါသည်။  မြန်မာပြည်၏အနာဂတ်တွင် တိုင်း ရင်းသားလူနည်းစုများအတွက် တန်းတူညီမျှမှုကိုအာမခံချက်ပေးလိုလျှင် ပြန်လည်အခြေချနေထိုင်သူများ၏ နိုင်ငံ ရေး၊ စီးပွားရေးနှင့် လူမှုရေး ပြန်လည်ပေါင်းစည်းမှုများသည် အရေးကြီးလှပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ဒေသများတွင် ပြန်လည်နေထိုင်သူဒုက္ခသည်များနှင့် IDPများ၏ အခြေအနေသည် လွန်စွာခက်ခဲနေသေး သဖြင့် အများစုသည် အခြေခံလိုအပ်ချက်များအတွက် ရုန်းကန်နေရပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် လည်း လိုအပ်ချက်များစွာ ရှိနေသေးသည်။  

KHRG မှဘားအံခရိုင်၊ မယ်လဝေလယ်မူးနှင့် ဒူးပလာယာ ခရိုင်၊ လေးဖာထောသို့ လတ်တလောပြန်လည် အခြေချ နေထိုင်သည့်ဒုက္ခသည်များ၏ အခြေအနေနှင့် ပတ်သက် သည့် သတင်းအကျဉ်းချုပ်တစ်ခုကို ၂၀၁၉ ခုနှစ်၊ ဇွန်လ တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းအကျဉ်းချုပ်၏ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် နေရပ်ပြန် သူအများစုမှာ UNHCR နှင့် အခြားလုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၏အကူအညီဖြင့် ထိုင်းအစိုးရနှင့်မြန်မာအစိုးရတို့မှဦးဆောင်သော မိမိဆန္ဒအလျောက် ပြန်လည် နေရာချထားရေးအစီအစဉ်ဖြင့် မြန်မာပြည်တွင်းသို့ ပြန်လာခဲ့သူများဖြစ်ကြသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ပြုလုပ်ခဲ့ သည့် UNHCR အကူအညီဖြင့်နေရာပြန်လည်ချထားမှုသည် တတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဤအစီအစဉ်အား နောင်တွင်လည်း ဆက်လက်လုပ်ဆောင်သွားရန်ရှိပါသည်။

နောင်တွင် နေရပ်ပြန်မည့်သူများအနေဖြင့် အထက်ဖော်ပြပါ အလားတူစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရခြေရှိပါသည်။ ထို့ကြောင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဆန်းစစ်ဖော်ထုတ်ရာတွင် အဆိုပါစိန်ခေါ်မှုများအား အဖြေရှာနိုင် မည့်အကြံပြုချက်များကို ပေးထားပါသည်။ ဤအစီရင်ခံစာသည် ၂၀၁၉ ခုနှစ် မှထုတ်ဝေခဲ့သည့် သတင်းအကျဉ်းချုပ်ထက် နေရပ်ပြန်သူများ၏ ရင်ဆိုင်ရသည့်အခက်အခဲများအပေါ် အသေးစိတ် ဆန်းစစ်ထားခြင်းဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် ပြန်လည်အခြေချနေထိုင်မှုပုံစံများဖြစ်ကြသော UNHCR ၏အစီအစဉ်ဖြင့်ပြန်လည်နေထိုင်မှု၊ မိမိအစီအစဉ်ဖြင့်ပြန်လည် နေထိုင်မှုနှင့် IDP များမှ ပြန်လည်အခြေချနေထိုင်မှုတို့ ပါဝင်ပါသည်။

ခြုံငုံသုံးသပ်ခြင်း

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှပြုလုပ်ခဲ့သော ပြန်လည်အခြေချနေထိုင်သူများနှင့် လူတွေ့မေးမြန်းခန်းများမှရရှိ သော အချက်အလက်များအရ လက်ရှိကူညီထောက်ပံ့ရေးလမ်းကြောင်းများသည် လုံလောက်မှုမရှိပေ။ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၏ အကူအညီဖြင့်ပြန်လာသူများသည် အစိုးရနှင့်အဖွဲ့အစည်းများ၏ အကူအညီမပါပဲ မိမိအစီ အစဉ်ဖြင့် နေရပ်သို့ပြန်သွားသည့်ဒုက္ခသည်များကဲ့သို့ပင် ၎င်းတို့၏ဘဝပြန်လည်ထူထောင်ရာတွင် လုပ်ဆောင်နိုင်မှု စွမ်းရည်မရှိကြပေ။ ထို့ပြင် ပြန်လည်နေရာချထားရေးအထောက်အပံ့နှင့်  နောက်ဆက်တွဲ စီစစ်မှုများစောင့်ကြည့်ရန်  ကတိပျက်ခြင်းသည် နေရပ်ပြန်သူများအား အထူးအကူအညီလိုအပ်သူများအဖြစ် ခက်ခဲသည့်ဘဝသို့တွန်းပို့စေသည်။  အကယ်၍နေရပ်ဒေသအသစ်တွင် ၎င်းတို့၏ဘဝအား ပြည့်စုံစွာပြန်လည်ထူထောင်နိုင်ခြင်းမရှိပါက နောင်တွင်လည်း နေရပ်ရွှေ့ပြောင်းမှုကို ထပ်မံဖြစ်စေမည်ဖြစ်သည်။ အကူအညီဖြင့် နေရပ်ပြန်သူများသည် ကနဦးပေးထားသည့်အကူအညီများကုန်ဆုံးသွားချိန်တွင် ၎င်းတို့နှင့် အတူယှဉ်တွဲနေထိုင်ကြသော အခြားသောပုံစံဖြင့် ပြန်လာသူများအပါအဝင် အခြားဒေသခံရွာသားများကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။

နေရပ်ပြန်သူများအတွက် တရားဝင်စာရွက်စာတမ်းများပြုလုပ်ရာတွင် အကူအညီအချို့ရရှိကြသော်လည်း အများစုမှာ ၎င်းတို့ရရှိသင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရန်အတွက် အခက်အခဲများရှိနေကြဆဲဖြစ်သည်။ မြေယာ၊ ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် တရားဝင်စာရွက်စာတမ်းများလိုအပ်သောကြောင့် ဤအ ခက်အခဲသည် နေရပ်ပြန်သူများ၏ နိုင်ငံ‌ရေး၊ လူမှုရေးနှင့် စီးပွားရေးပူးပေါင်းပါဝင်မှုများအတွက် အဟန့်အတားဖြစ်စေ သည်။ နောက်ဆုံးအနေဖြင့် နေရပ်ပြန်သူများသည် မိမိတို့၏အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းရန်အတွက်နေ့‌စဉ် နှင့်အမျှရုန်းကန်နေရသောကြောင့် လာမည့်ရွေးကောက်ပွဲနှင့်‌ ဒေသတွင်းဆုံးဖြတ်ချက်ချမှုများတွင်ပါဝင်ရန် စိတ်ဝင်စား မှုနှုန်း အလွန်နည်းပါးလှပါသည်။ အချို့နေရပ်များတွင် လက်နက်ကိုင်အဖွဲ့များ၊ မပေါက်ကွဲသေးသော လက်နက်ခဲယမ်း များနှင့် မြေမြှုပ်မိုင်းများရှိနေသောကြောင့် အချို့နေရပ်ပြန်သူများ၏ ဘေးကင်းလုံခြုံမှုများအတွက် စိုးရိမ်စရာများရှိနေ သေးသည်။ စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုမရှိခြင်းသည်  ရပ်ရွာတည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဖော်‌ဆောင်ရေးတွင် နေရပ်ပြန်သူများအတွက် နိုင်ငံရေးနှင့်လူမှုရေးဘက်များမှ ပါဝင်နိုင်ခွင့်နည်းပါးသူများအဖြစ် ဆက်လက်ရပ်တည်နေရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် ယုံကြည်မှုနည်းပါးခြင်း၊ အုပ်ချုပ်သူအစိုးရအပေါ် ယုံကြည်မှုမရှိခြင်းနှင့် လက်ရှိအစိုးရမှ၎င်းတို့အားထည့်သွင်းမစဉ်းစားခြင်းစသည့်ခံစားချက်များကို နေရပ်ပြန်သူများမှ ဖော်ပြကြသည်။ ၎င်းတို့၏ခံစားချက်များ အရ သမိုင်းတစ်လျှောက်ဖြစ်ပွားလာခဲ့သည့် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများသည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများအတွင်း ကိုင်တွယ်ဖြေရှင်းပေးမှုများမရှိကြောင်းကို ရှင်းလင်းစွာပြသနေသည်။ နေရပ်ပြန်သူများ ရင်ဆိုင်နေရသည့်အခက်အခဲများကို သတိမူလာကြစေရန် ယခုအစီရင်ခံစာတွင် မီးမောင်းထိုးပြသ ထားပါသည်။ သို့မှသာလျင် ရေရှည်တည်တံ့ပြီးဂုဏ်သိက္ခာရှိသည့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ပို၍ကောင်း မွန်လာစေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤအစီရင်ခံစာတစ်ခုလုံးတွင် KHRGမှ နေရပ်ပြန်သူများ၏ စိုးရိမ်ပူပန်မှုများ ကို သိမြင်လာစေရန် ၎င်းတို့၏ကိုယ်တွေ့အတွေ့အကြုံများကို အလေးပေးဖော်ပြထားပါသည်။ မြန်မာအစိုးရ၊ သက်ဆိုင် ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကူညီထောက်ပံ့သူများအနေဖြင့် ၎င်းတို့၏ အမြင်သဘောထား များကို တာဝန်ယူကိုင်တွယ်ဖြေရှင်းသင့်ပါသည်။ 

အဓိကဖော်ပြချက်နှင့် ချဉ်းကပ်နည်း

UNHCR ၏အစီအစဉ်ဖြင့် မြန်မာပြည်သို့ နေရပ်ပြန်လာသူစုစုပေါင်း ၁၀၃၉ ဦးရှိပြီး၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ၇၁ ဦး၊ ၂၀၁၈ ခုနှစ်၊ မေလတွင် ၉၃ ဦး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ဦးနှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ၃၁၀ ဦးဖြစ်ကြပါသည်။ UNHCR အစီအစဉ်ဖြင့် နေရပ်ပြန်သူများ၏ အရေအတွက်သည် အနာဂတ်တွင်များလာမည်ဖြစ် သော်လည်း အခြားပုံစံများဖြင့် နေရပ်ပြန်သူများ၏ အရေအတွက်နှင့်နှိုင်းယှဉ်လျှင် အနည်းအကျဉ်းသာရှိနေသည်။ တရားဝင်ပြန်လည်နေရာချထားရေး လမ်းကြောင်းများရှိကြသော်လည်း နယ်စပ်ဒေသကူညီစောင့်ရှောက်ရေးညွှန့် ပေါင်းအဖွဲ့ (TBC) ၏ခန့်မှန်းချက်အရ ပြန်လည်အခြေချနေထိုင်မှုအများစုသည် ထိုတရားဝင်လမ်းကြောင်းများ၏ အပြင်ဖက်တွင် ဖြစ်ပေါ်နေသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မိမိအစီအစဉ်ဖြင့်(UNHCR နှင့်အစိုးရများ၏ အကူအညီမပါပဲ) နေရပ်ပြန်သူ ၁၈,၀၀၀ ကျော်ရှိသည်ဟုခန့်မှန်းရပြီး ၂၀၁၈ ခုနှစ်တွင်ထိုနည်းဖြင့် နေရပ်ပြန်သူ ၃၃၉၀ ဦးရှိပါသည်။ 

မကြာမီနှစ်များအတွင်း IDP များ၏ ပြန်လည်အခြေချနေထိုင်မှုများလည်း တိုးများလာခဲ့ကြသည်။ TBC ၏ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း နေရပ်စွန့်ခွာရသူ ၁၆၂,၀၀၀ ဦးခန့်သည် မိမိတို့၏မူလရွာများ (သို့မဟုတ်) မြန်မာပြည် အရှေ့တောင်ပိုင်းတစ်ဝိုက်တွင် ပြန်လည်အခြေချနေထိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း လုံခြုံရေးနှင့်အသက်မွေး ဝမ်းကျောင်းများအတွက် စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေသောကြောင့် ထိုပြန်လည်အခြေချနေထိုင်မှုများ၏ ရေရှည် တည်တံ့မှုနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စိုးရိမ်ဖွယ်ရာအနေထားတွင် ရှိနေဆဲဖြစ်သည်ဟု TBC မှ တင်ပြခဲ့သည်။ အမှန်စင်စစ်၊ နေရပ်စွန့်ခွာခဲ့ရသူ ၁၆၂,၀၀၀ ဦး အနက် ၁၁,၀၀၀ ဦးတို့သည် မူလအားဖြင့် ပြန်လည်အခြေချနေထိုင်သူဒုက္ခသည်များဖြစ်ကြသော်လည်း TBC မှ၎င်းတို့ကို အထက်ဖော်ပြပါ စာရင်းထဲတွင် ထည့်တွက်ခဲ့ပါသည်။ အဘယ် ကြောင့်ဆိုသော် TBC မှ ပြန်လည်အခြေချနေထိုင်သည့်ဒုက္ခသည်များသည် ပြန်လည်အခြေချရာတွင် အခက်အခဲများ ရှိခြင်းကြောင့် ယခုအချိန်တွင် IDP များ ဖြစ်နေနိုင်သည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ 

ပုံစံသုံးမျိုး (အကူအညီဖြင့်၊ မိမိအစီအစဉ်ဖြင့်၊ ပြည်တွင်းနေရပ်ရွှေ့ပြောင်းပုံစံဖြင့်) ဖြင့်နေရပ်ပြန်သူများ၏ ကြုံတွေ့ရ သောအခြေအနေများကို မီးမောင်းထိုးပြနိုင်ရန်အတွက် KHRG မှမြန်မာပြည်အရှေ့တောင်ပိုင်းဒေသများတွင် IDP များနှင့် ဒုက္ခသည်စခန်းများမှပြန်လာသူများကို လူတွေ့မေးမြန်းခဲ့ပါသည်။ KHRG မှ နေရပ်ပြန်သူစုစုပေါင်း ၄၀ ဦး (အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၉ ဦး) နှင့် ဒေသခံခေါင်းဆောင် ၄ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး) တို့အား လူတွေ့မေးမြန်းခဲ့ပါသည်။

လူတွေ့မေးမြန်းမှုများကို KHRG ၏ လှုပ်ရှားရာနယ်မြေများဖြစ်သည့် ခရိုင် ၇ ခုအတွင်းရှိ ကျေးရွာ ၂၀ တွင် ပြုလုပ်ခဲ့ပါသည်။ 

ထို့နောက် UNHCR ၏မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းလက်စွဲစာအုပ် (၁၉၉၆)ခုနှစ်နှင့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ပေါင်းစည်းရေးနှင့််ဆိုင်သောလက်စွဲစာအုပ်(၂၀၀၄)ခုနှစ် များကိုအသုံးပြုပြီး နေရပ်ပြန်သူများ၏ အခြေနေများ ကို ဆန်းစစ်သုံးသပ်ထားပါသည်။ ထို့နည်းတူ ပြန်လည်ပေါင်းစည်းရေးအကူအညီများနှင့် နေရပ်ပြန်သူများ၏ “အသက်မွေး ဝမ်းကျောင်းနှင့် ဂုဏ်သိက္ခာများကိုကာကွယ်နိုင်ရန်အတွက် သင့်လျော်သော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံ ရေးနှင့် တရားရေးအခြေအနေများရရှိရန်” အကူအညီတို့အား ပြန်လည်ချထားရေးလုပ်ငန်းမှ အောင်မြင်စွာပြန်လည် ပေါင်းစည်းနိုင်စွမ်းရှိမရှိကိုလည်း သုံးသပ်ထားပါသည်။ 

KHRG မှ လူတွေ့မေးမြန်းခဲ့သော သူအများစုမှာမူ UNHCR ၏ အစီအစဉ်ဖြင့် နေရပ်ပြန်သူများဖြစ်ကြပြီး လက်တွေ့ တွင်မူနေရပ်ပြန်အများစုမှာ မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သူများဖြစ်ကြသည်။ ထို့ကြောင့် KHRG မှ ရရှိထားသော လူတွေ့မေးမြန်းမှုရလဒ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားနေသော နေရပ်ပြန်မှုပုံစံနှင့် ကွဲပြားနေပါသည်။  အဘယ်ကြောင့်ဆိုသော် ၎င်းတို့ပြန်လည်နေရာချထားရေးနေရာများသည် လွယ်ကူစွာဝင်ရောက်သွားလာနိုင်ခြင်း၊ သတင်းအချက်အလက်များစုဆောင်းရယူရန် ပိုမိုလွယ်ကူခြင်းနှင့် သတင်းအချက်အလက်များရရှိရန် လူဦးရေအများ အပြားရှိခြင်း စသည်တို့ကြောင့်ဖြစ်ပါသည်။ မိမိအစီအစဉ်ဖြင့်ပြန်သွားကြသောဒုက္ခသည်နှင့် IDP များကိုတွေ့ရှိရန်အကန့်အသတ်ရှိသောကြောင့် ၎င်းတို့၏ နေရပ်ပြန်မှုနှင့်ပတ်သက်သော အတွေ့အကြုံများကို သုတေသနပြုရန် ခက်ခဲပါ သည်။ ထို့ကြောင့် နောင်တွင်၎င်းတို့၏အသံများနှင့် အတွေ့အကြုံများကိုကိုယ်စားပြုနိုင်ရန်တင်ပြရာတွင် ၎င်းတို့၏ ပြန်လည်အခြေချနေထိုင်သည့် နေရာများသို့ ရောက်ရှိနိုင်မှသာလျှင် ပြည့်စုံသော သုတေသနများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ 

အဓိကရှာဖွေတွေ့ရှိချက်များ

ပြန်လည်အခြေချနေထိုင်မှု အတွေ့အကြုံများနှင့် ပြန်လည်အခြေချနေထိုင်ရေးအစီအစဉ်

  • ထိုင်းနိုင်ငံတွင်လွန်ခဲ့သောနှစ်အနည်းငယ်များအတွင်း ဒုက္ခသည်များကာကွယ်ရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏မူဝါဒ များ ကောင်းမွန်လာခြင်းအချို့ရှိနေသော်လည်း ဥပဒေများသည်အလွန်တင်းကြပ်လျက်ရှိနေပြီး မြန်မာပြည်သို့ ပြန်လည်အခြေချရာတွင်လည်း နေရပ်ပြန်သူများ၏ကြုံတွေ့ရသော အသက်မွေးဝမ်းကျောင်းအခက်အခဲများကို တရားဝင်နည်းလမ်းဖြင့်ရှာဖွေဖြေရှင်းရန် ဖြစ်နိုင်ချေအနည်းငယ်မျှသာရှိပါသည်။  ထို့ကြောင့် ဒုက္ခသည်များပြန်လည် အခြေချရန်ဆုံးဖြတ်ရာတွင် အဓိကအားဖြင့် “တွန်းအား” များဖြစ်သော လွတ်လပ်စွာသွားလာခွင့်မရှိခြင်းနှင့် ထိုင်း-မြန်မာနယ်စပ်တွင်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများနည်းလာခြင်းတို့ ပါဝင်သည်။ ၎င်းတို့၏ အခြေအနေ ကောင်းမွန်လာမည်ဟူသောမျှော်လင့်ချက်များ၊ အိမ်ပြန်ရန်ဆန္ဒများနှင့် မိမိတို့၏မြေယာပေါ်တွင် အလုပ်လုပ်နိုင်ခြေ များကဲ့သို့သော“ဆွဲအား” များကိုတင်ပြထားသော်လည်း ဒုက္ခသည်စခန်းများတွင် ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် တင်းကျပ် မှုများနှင့် ပြန်လည်အခြေချသည့်အချိန်တွင် အမှန်တကယ်ရင်ဆိုင်တွေ့ ကြုံရသည့်အခြေအနေများကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ 

ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ ကြာအင်း ကျေးရွာအုပ်စု၊ ခ--- ကျေးရွာသို့ ၂၀၁၉ ခုနှစ်တွင် ပြန်လည်နေထိုင်ခြင်းမပြုမီ နို့ဖိုးဒုက္ခသည်စခန်းတွင် ၁၃ နှစ် နေထိုင်ခဲ့သည့် နော်ဘ--- က ဤသို့ မှတ် ချက်ပြုခဲ့သည်။ “ဒုက္ခသည်စခန်းထဲမှာ ကျွန်မတို့ရတဲ့ အထောက်အပံ့တွေက နည်းသထက် နည်းလာတယ်။ […] ရိက္ခာတွေကိုလည်း လျှော့လိုက်ကြတယ်။ ပြီးတော့ အိမ်ဆောက်ပစ္စည်းတွေလို တခြားအထောက်အပံ့တွေ ကိုလည်း လျှော့လိုက်ကြတယ်။”

ဘန့်ဒုံယန်း စခန်းတွင် ၁၅ နှစ်ခန့် နေထိုင်ခဲ့သော နော်ဂ--- က အခြေအနေကို ဤသို့ အကျဉ်းချုပ်တင်ပြခဲ့သည်။ “စခန်းထဲမှာနေတုန်းက ဘဝကအရမ်းကျဉ်းကျပ်ခဲ့တယ်။ စခန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့ရတဲ့ အတွက် ကျွန်မတို့အနေနဲ့ ဝင်ငွေရနိုင်မယ့်လမ်းကြောင်းမရှိခဲ့ဘူး။ […] ကျွန်မတို့ စခန်းအပြင်ထွက်ခွင့်မရခဲ့ဘူး။ ကျွန်မတို့ အကျယ်ချုပ်ကျနေသလိုခံစားရတယ်။”  နော်ဂ---၊ သူးလေပလော၊ ဘိတ်-ထားဝယ်ခရိုင် 

  • UNHCR မှ နေရပ်ပြန်လည်ချထားရေးလုပ်ငန်းဆောင်ရွက်မှုများအား ကောင်းမွန်လာအောင်ကြိုးစား လုပ်ဆောင်ကြ သော်လည်း မြန်မာပြည်ဘက်ခြမ်းသို့ပြန်သွားသည့်ခရီးစဉ်စီစဉ်မှုများသည် ပြဿနာများ ဆက်လက်ရှိနေဆဲဖြစ်ပါ သည်။ ၎င်းသည် နေရပ်ပြန်သူများ၏ဂုဏ်သိက္ခာကို ထိပါးခြင်း၊ ၎င်းတို့အားလုံခြုံမှုမရှိစေခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့်ခရီးအခြေအနေများဖြစ်သော စနစ်တကျစီစဉ်မှုမရှိခြင်း၊ သန့်ရှင်းမှုမရှိသည့်သယ်ယူပို့ဆောင် ခြင်း၊ အစာရေစာလုံလောက်မှုမရှိခြင်းနှင့် နေရပ်ပြန်သူများနှင့် ဆက်သွယ်ရာတွင်အားနည်းခြင်းစသည့် အခြေအနေ များဖြင့်ကြုံတွေ့ရစေပြီး နေရပ်ပြန်သူများအနေနှင့် မှားယွင်းစွာဆက်ဆံခံရသည်ဟု ခံစားရစေပါသည်။ 
  • မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သည့်သူများအတွက်မူ ထိုင်းနယ်စပ်နှင့် မြန်မာနိုင်ငံနှစ်ဖက်စလုံးတွင် ခရီးသွားရန် အခက်အခဲများရှိသည်။ နေရပ်ပြန်သူများအတွက်ခရီး စီစဉ်ရခြင်းမှာ အထူးသဖြင့် ခရီးရှည်ပြန်ရမည့်သူများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းများနှင့် ကိုယ်တိုင်အချိတ်အဆက်များအား ဆက်သွယ်ရန်လိုအပ်သောကြောင့် များသော အားဖြင့် ရှုပ်ထွေးလေ့ရှိသည်။

မြန်မာပြည်တောင်ပိုင်းအစွန်းရှိ တနင်္သာရီမြို့နယ်သို့ပြန်သည့် နော်ဂ--- အတွက် ထိုခရီးလမ်းသည် ရှည်လျားပြီး ကုန်ကျစရိတ်လည်း မြင့်မားသည်။ “ကျွန်မ ဒီကိုပြန်ရောက်ဖို့အတွက် ဘတ်ငွေထောင်ပေါင်းများစွာ ကုန်ကျခံရ တယ်။ ကားသမားတစ်ယောက်ကို ကျွန်မ ဘတ်တစ်ထောင်ပေးရပြီး နောက်တစ်ယောက်ကို ဘတ်သုံးထောင်ပေး ရတယ်။ […] နှစ်ပတ်လောက်ကြာတယ်။ ကျွန်မတို့ ဒီ [သူးလေပလော]ကို ရောက်ဖို့အတွက် ဆိုင်ကယ်ထပ်ငှါးရသေး တယ်။ ဆိုင်ကယ်တက္ကစီဆရာက ကျွန်မတို့ကို ၇၀၀၀၀ ကျပ်တောင်းပေမယ့် ကျွန်မမှာ ပေးစရာပိုက်ဆံ အဲ့လောက်မရှိလို့ ဆိုင်ကယ်သမားကို  ဈေးလျှော့ပေးဖို့တောင်းပန်ခဲ့ရတယ်။”

  • IDP များသည် များသောအားဖြင့် မိမိအစီအစဉ်နှင့်သာ နေရပ်ပြန်လာသူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာ အကာအကွယ်ပေးသောအဖွဲ့အစည်းများ၏ စံနှုန်းများအရ ၎င်းတို့အနေနှင့် IDP ဖြစ်နေခြင်းက အကူ အညီဖြင့် နေရပ်ပြန်ခြင်းအစီအစဉ်များမှ အထောက်အပံ့များကို လက်ခံရရှိရန် အခွင့်အလမ်းမရှိပေ။ IDP များအနေ ဖြင့် နေရပ်ပြန်ကြသည်မှာ မိမိ၏အစီအစဉ်ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း KHRG ၏ တွေ့ဆုံမေးမြန်းမှု တစ်ချို့တွင် ၎င်းတို့အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံအာဏာပိုင်များမှ နေရပ်ပြန်ရန်အတွက် အားပေးသကဲ့သို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
  • နေရပ်ပြန်သူများအား အဓိကအားဖြင့်  မိမိအစီအစဉ်ဖြင့်နေရပ်ပြန်သူများနှင့် ပြန်လည်နေရာချထားရေး အစီအစဉ်မှ တစ်ဆင့်နေရပ်ပြန်သူများဟူ၍ ခွဲခြားထားသော်လည်း ဒုက္ခသည်နှင့် IDP များအနေဖြင့် နေရပ်ပြန်ရာတွင် ပုံစံမတူ သည့် နည်းဗျူဟာများကို ပေါင်းစပ်အသုံးပြုလေ့ရှိသည်။ ထိုနည်းဗျူဟာများသည်  IDP များမှ ၎င်းတို့ကိုယ်တိုင် ဖန်တီးရွေးချယ်သော ကာကွယ်မှုနည်းလမ်းများကို မီးမောင်းထိုးပြနေသည့်အပြင် လက်ရှိပြန်လည်နေရာချထားရေး အစီအစဉ်များ၏ အားနည်းချက်များနှင့် နေရပ်ပြန်သူများအတွက် လိုအပ်ချက်များအား ပြည့်စုံစွာမဖြည့်ဆည်းပေး နိုင်ခြင်းများကိုလည်း မီးမောင်းထိုးပြလျက်ရှိသည်။

“ကျွန်မတို့နဲ့အတူ ပြန်လာတဲ့သူတွေက ခုထိဘာအလုပ်မှ မယ်မယ်ရရ မရှိသေးဘူး။  သူတို့က စခန်းနဲ့ဒီကိုပဲ သွားသွားလာလာ လုပ်နေကြတယ်။ တချို့တွေက အိမ်ယာရဖို့အတွက် ဒီမှာပြန်လာနေကြပေမယ့် [ရိက္ခာရ ဖို့အတွက်] စခန်းထဲမှာလည်း နာမည်စာရင်းသွင်းထားတုန်းပဲ။” 
ဒေါ်စ---၊ ထီးသဘလုခီး၊ ဒူးပလာယာခရိုင်

အထောက်အပံ့နှင့် ပြန်လည်ပေါင်းစည်းရေး စီစစ်အကဲဖြတ်မှုများ လုပ်ဆောင်ခြင်း

  • ထိုကဲ့သို့လုံလောက်သောအထောက်အပံ့မရှိခြင်း၊ ကာကွယ်ရေးနှင့်ထောက်ပံ့ရေးပြုလုပ်သောအဖွဲ့အစည်းများမှ ပြန်လည်စီစစ်မှုများမရှိခြင်းတို့ကြောင့် UNHCR သုံးပွင့်ဆိုင်သဘောတူညီမှုအထောက်အပံ့များဖြင့် နေရပ်ပြန်သူ များသည်လည်း မိမိအစီအစဉ်ဖြင့်နေရပ်ပြန်သူများထက် ကောင်းမွန်သောအခြေအနေများတွင်ရှိမနေပေ။ ပြန်လည် နေရာချထားရေးနေရာတွင် စီစဉ်သူများအနေဖြင့် အခြေခံဝန်ဆောင်မှုများကိုရရှိရန် သေချာစွာလုပ်ဆောင်သင့် သော်လည်း နေရပ်ပြန်သူများမှ သန့်ရှင်းသောရေ၊ ကျန်းမာရေးနှင့်ပညာရေးရရှိရန် အခွင့် အလမ်းများအကန့်အသတ် ရှိကြောင်းတွေ့ရှိကြသည်။  အချို့သောနေရပ်ပြန်သူများသည် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိုင်းနိုင်ငံရှိယာယီစခန်းများသို့ပြန်သွားရပြီး ပြန်လည်နေရာချထားရေးနေရာများ၌ အခမဲ့ဖြစ်သင့်သည့် ကျောင်းများတွင်ကျောင်းစရိတ်များပေးနေရသည်။
  • မြန်မာအစိုးရ၊ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းများဖြစ်သော UNHCR နှင့် ဒေသခံအဖွဲ့အစည်းများဖြစ်ကြ သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO)၊ ဌာနေမဲ့ပြည်တွင်း ကရင်ဒုက္ခ သည်များဆိုင်ရာကော်မတီ(CIDKP)၊ ကရင်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးရုံး (KORD)၊ နှင့် ကရင် သဘာဝပတ်ဝန်းကျင် နှင့်လူမှုရေးလှုပ်ရှားမှုကွန်ယက် (KESAN) တို့မှပေးနေသောဝန်ဆောင်မှုများသည် ရေတိုအတွက်သာဖြစ်ပြီး ကနဦး ပြန်လည်အခြေချမှုကုန်ကျစရိတ်များကိုသာ ပေးနိုင်သည်။ နေရပ်ပြန်သူများအား ၆ လစာထောက်ပံ့မှုရရှိမည်ဟု ကတိပေးထားသည်များရှိသော်လည်း လက်တွေ့တွင် ရရှိသောအထောက်အပံ့များသည် အများဆုံးတစ်လ သို့မ ဟုတ် နှစ်လမျှသာ လုံလောက်သည်။ ထိုအချိန်အတွင်း မြေယာဝယ်ယူနိုင်ခွင့်နှင့် အခြားသောအသက်မွေးဝမ်း ကျောင်းမှုဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ခြင်းများလည်းမရှိပါ။ မြေယာရရှိခဲ့သူများသည် ပိုမို ကောင်းမွန်သောအခြေအနေတွင် ရှိနေသော်လည်း ပြင်ပထောက်ပံ့မှုများအပေါ်တွင်မှီခိုနေရသေးသည်။ ဤထိရှ လွယ်သောအခြေအနေတွင် နေရပ်ပြန်သူများသည် ထောက်ပံ့မှုများထပ်မံမရရှိလျှင် မြေယာဆုံးရှုံးနိုင်ခြေနှင့် ထိုမြေ ယာများအပေါ်တွင် မှီခိုနိုင်စွမ်းမရှိသည့်အခြေအနေများ ပိုမိုများပြားလာနိုင်သည်။

“ဘယ်သူမှ သူတို့ခြေထောက်ပေါ်သူတို့မရပ်တည်နိုင်သေးဘူး ပြီးတော့ သေချာတဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းလည်း မရှိကြသေးဘူးလို့ ကျွန်တော်မြင်တယ်။ သူတို့က ဒီကိုမပြန်လာခင် အဖွဲ့အစည်းတွေကရတဲ့ အကူအညီနည်းနည်းနဲ့ ပြန်လာကြတာ။ သူတို့တွေ ကိုယ်ပိုင်အလုပ် မရှိသေးဘူး။ ရထားတဲ့အထောက်အပံ့က သူတို့အတွက် မလုံလောက်ဘူး။ […]  (KNU/KNLA-PC) ခေါင်းဆောင်တွေက ဆန်တအိတ် ဒါမှမဟုတ် ဒီထက် နည်းတဲ့ပမာဏတွေနဲ့ သူတို့တတ်နိုင်သလောက် အထောက်အပံ့ပေးဖို့ အကောင်းဆုံးကြိုးစားကြတယ်။”
ဘားအံခရိုင်၊ မယ်လဝေလယ်မူး မှ KNU/KNLA-PC စစ်ဗိုလ်တစ်ဦး

  • IDP များက KNU နှင့် အခြားအဖွဲ့အစည်းများဖြစ်သည့် (CIDKP၊ KWO နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့) ထံမှ ထောက်ပံ့ပစ္စည်းအနည်းငယ် ရရှိခဲ့ကြောင်းဖော်ပြခဲ့ကြသည်။ UNHCR ၏အကူအညီဖြင့် နေရပ်ပြန်ခဲ့သည့် ဒုက္ခသည်များကဲ့သို့ပင် IDP နေရပ်ပြန်သူများသည်လည်း နေရပ်သို့ပြန်ရောက်သည့်အခါတွင် ၎င်းတို့အားထောက် ပံ့ခဲ့သည့်အဖွဲ့အစည်းများထံမှ အထောက်အပံ့နှင့် နောက်ဆက်တွဲအကူအညီများ ဆက်လက်မရတော့မည်ကို စိုးရိမ်လျက်ရှိသည်။

“ကျွန်မတို့ပြန်လာတာ သုံးနှစ်ရှိပြီ။ ဒါပေမယ့် သူတို့တွေဒီကိုလာတာကို တစ်ခါမှမတွေ့ဖူးသေးဘူး။ ကျွန်မပြော ချင်တာကတော့ သူတို့တွေက အပြောနဲ့အလုပ် မကိုက်ညီဘူး။ […] ကျွန်မတို့ကတော့  မျှော်လင့်ခဲ့ကြသေးတယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့အတွက် ဘာမှလာလုပ်ပေးတာမရှိလို့ ဒါကအပြောသက်သက်ပဲ ဖြစ်မှာပါဆိုပြီး လက်ခံလိုက်ရတယ်။” 

နော်ဇ---၊ ကလေခီး၊ တောအူး (တောင်ငူ) ခရိုင်

နိုင်ငံသားဖြစ်ခွင့်နှင့် လူထုလုပ်ငန်းများတွင် ပါဝင်ခွင့်များ    

  • နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိနိုင်ခွင့်သည် အဘက်ဘက်တွင်ပြည့်စုံလုံလောက်မှုမရှိသေးပါ။ UNHCR အစီအစဉ် ဖြင့်ပြန်လည်အခြေချနေထိုင်သူများအပါအဝင် နေရပ်ပြန်သူအများအပြားမှာ တရားဝင်စာရွက်စာတမ်းများရယူရာ တွင် များစွာသောလိုအပ်ချက်များနှင့်အုပ်ချုပ်ရေးလိုအပ်ချက်များကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။ အချို့ကိစ္စရပ်များတွင် မေးခွန်းဖြေကြားသူများက ၎င်းတို့အနေဖြင့် နိုင်ငံသားအထောက်အထားများအား (မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်းများ) ငွေပေးမှသာ လက်ခံရရှိခဲ့ကြသည် (ထိုအထောက်အထားများသည် အခမဲ့ဖြစ်သင့် သည်)။ နေရပ်ရွှေ့ပြောင်းနေထိုင်သူများသည် များသောအားဖြင့် မှတ်ပုံတင်လျှောက်ရန်အတွက် လိုအပ်သော အထောက်အထားများ မရှိပေ (ရယူနိုင်ခြင်း မရှိပေ)။ 
  • ယေဘုယျအားဖြင့် နေရပ်ပြန်သူများသည် တရားမျှတမှုရရှိရန်၊ မဲ‌ပေးနိုင်ခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေးနားလည်ရန်အတွက်ကူညီထောက်ပံ့မှုပေးရာတွင် လိုအပ်ချက်များစွာ ရှိနေသေးသည်။ အများစုမှာ အစိုးရအုပ်ချုပ်ရေး အပေါ်တွင်ယုံကြည်မှုနည်းပြီး နိုင်ငံသားအဖြစ်ထည့်သွင်းခံရမှုရှိမရှိ သံသယရှိကြသည်။ 

ကုန်းနီကျေးရွာသို့ ပြန်လည်နေထိုင်သော IDP တစ်ဦးက ၎င်းတို့၏မဲရွေးချယ်ခွင့်များသည် တိုင်းရင်းသားလူနည်းစု များအား ဆက်လက်ဖယ်ကျဉ်ထားသော နိုင်ငံရေးအခြေအနေများနှင့် ၎င်းတို့၏စိုးရိမ်ပူပန်သော ကိစ္စရပ်များ ကြောင့် အကန့်အသတ်များရှိနေကြောင်း တင်ပြခဲ့သည်။ “ကျွန်တော်တို့တွေ ဘယ်သူ့ကိုမဲပေးရမလဲ။ တပ်မတော် နဲ့ မြန်မာအစိုးရရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့တွေခံစားခဲ့ရပြီးပြီ။” ထို့နောက်တွင် သူကအသေ အချာပြောခဲ့သည်မှာ “ကျွန်တော်တို့ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပဲ မဲပေးမယ်။” 
စောမ---၊ ကုန်းနီကျေးရွာ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် 

မယ်ရာမိုစခန်းမှ ခလယ်မူဂါးကျေးရွာသို့ ပြန်လည်နေထိုင်သော နော်ဇ--- ကလည်း ထိုအချက်ကို ထပ်မံပြောခဲ့ သည်။ “ကျွန်မတို့ မဲပေးမယ်ဆိုရင်တောင်မှ သူတို့က ကျွန်မတို့ကို ခွင့်ပေးမှာလား။ သူတို့ကကျွန်မတို့ကို မဲပေးဖို့ ခေါ်ပါ့မလား၊ ပြောပြပါမလားတောင် မသေချာဘူး။”

  • အချို့သောဒေသများတွင် ဒေသခံများမှနေရပ်ပြန်သူများကို ခွဲခြားဆက်ဆံခြင်းများရှိပြီး နောင်အနာဂတ်တွင်ဖယ်ကျဉ်ခံရမှုများပိုမိုဖြစ်လာစေနိုင်သည်။

ဘေးကင်းလုံခြုံမှုနှင့်လုံခြုံရေး

  • ဘေးကင်းလုံခြုံမှုနှင့်လုံခြုံရေးအာမခံချက်သည် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် အဓိကကျသောအရာ ဖြစ်သောကြောင့် အချို့သောနေရာများတွင် ထိုလုပ်ငန်းများအား လုပ်ကိုင်နိုင်ခြင်း မရှိသေးပါ။ KHRG မှ ပြုလုပ် သောလူတွေ့မေးမြန်းခန်းတွင် ယင်းပြဿနာများကို ထင်ဟပ်ဖော်ပြထားပါသည်။ KHRG ၏တွေ့ရှိချက်အရ ဘေးကင်းလုံခြုံသည်ဟု ယူဆရသောကရင်ဒေသများတွင် စနစ်ကျသောမိုင်းရှင်းလင်းရေးလုပ်ငန်းများမရှိသေး သောကြောင့် လုံခြုံရေးနှင့်ဘေးကင်းလုံခြုံရေးပြဿနာများ ရှိနေသေးသည်။ ပြန်လည် အခြေချမှုများသော‌ဒေသများ တွင် နေရပ်ပြန်သူများကို မြေမြှုပ်မိုင်းအသိပေးသင်တန်းပေးထားခြင်းများရှိသော်လည်း အချို့ဒေသများတွင် မ ပေါက်ကွဲသေးသောလက်နက်ခဲယမ်းများရှိနေသေးပြီး ၎င်းတို့၏လုံခြုံမှုကို အန္တရာယ်ပေးနေသောကြောင့် သွားလာ လှုပ်ရှားမှုနှင့် စားဝတ်နေရေးအတွက်အခက်အခဲများဖြစ်စေပါသည်။ 

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မယ်လဝေလယ်မူးသို့ ပြန်လည်နေထိုင်ခဲ့သော နော်အန--- က သူမ၏ကျေးရွာ အနီးတစ်ဝိုက်တွင် မပေါက်ကွဲသေးသည့်လက်နက်ခဲယမ်းများရှိကြောင်း ရှင်းပြခဲ့သည်။ သူမအနေဖြင့် လယ်ကွင်း တွင်အလုပ်လုပ်စဉ် ပေါက်ကွဲမှုအား ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ “ကျွန်မတို့တွေ တောင်ယာကိုရှင်းတော့တွေ့ ခဲ့တာ။ ကျွန်မတို့ တောင်ယာကိုမီးရှို့နေတုန်းတောင် ပေါက်ကွဲသေးတယ်။ […] လူတွေလာထောင်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အရင်တိုက်ပွဲဖြစ်တုန်းက ကျန်ခဲ့တာ။  ကျွန်မတို့ ယာကို မီးရှို့တဲ့အခါ အဲ့ဒါက မီးလောင်ပြီး ထပေါက်တာပေါ့။”

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသေးသော ကြောင့် နေရပ်ပြန်သူများမှာစိုးရိမ်မှုများနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မယုံကြည်မှုများဖြစ်ပေါ်စေသည်။

“တပ်မတော်ကလာပြီဆိုတာနဲ့ ကျွန်မကတော့ အိတ်တွေ၊ UNHCR ကတ်နဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းလို တခြားအထောက်အထားတွေနဲ့ ဓါတ်မီးတစ်ခါတည်းပြင်ထားတယ်။ ဒုက္ခသည်စခန်းထဲမှာနေတုန်းက အမြင်ဖွင့် သင်တန်းရထားဖူးတော့ ဒါကအကျင့်တစ်ခုလိုဖြစ်နေတယ်။ […]တစ်ခါတစ်လေတော့လည်း ကျွန်မစဉ်းစားမိ တယ်။ တကယ်လို့ ကျွန်မတို့တွေထပ်ပြီး ပြောင်းရွှေ့ရမယ်ဆိုရင် သူတို့တွေ ကျွန်မတို့ကို ဒုက္ခသည်အဖြစ် လက်ခံ ပါ့မလား။ တကယ်လို့သူတို့တွေ ကျွန်မတို့ကို ဒုက္ခသည်အနေနဲ့ လက်မခံဘူးဆိုရင် ကျွန်မတို့တွေ အဲ့ဒီ UNHCR ရဲ့ မှတ်ပုံတင်ကတ်ကိုပြပြီး စိတ်ပြောင်းလာမလားကြည့်မယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံအခြေအနေက မတည်ငြိမ်ဘူးဆိုတာ သိတယ်မဟုတ်လား။ ကျွန်မတို့ရဲ့ အနာဂတ်အတွက် ကတိမပေးနိုင်ဘူး။” 
နော်ဂ---၊ သူးလေပလော၊ ဘိတ်-ထားဝယ်ခရိုင်

နိဂုံးချုပ် 

  • နေရပ်ပြန်သူများကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးခြင်း၊ လုံခြုံရေးနှင့်ဂုဏ်သိက္ခာရှိစေခြင်း၊  ရေရှည်တည်တံ့သော ပြန်လည်ပေါင်းစည်းရေးအား မြှင့်တင်ပေးခြင်း စသည်တို့ကို ယခုပြန်လည်နေရာချထားရေးလုပ်ငန်းမှ ပြီးပြည့်စုံ အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ။ ပြန်လည်နေရာချထားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ပြင်ဆင်နိုင်မှသာလျှင်နောင်နေရပ်ပြန်သူများအတွက် လုံလောက်သော အထောက်အပံ့များရရှိရန်အပြင် ပြန်လည် ပေါင်းစည်းရေးနှင့်ပတ်သက်သည့် တိကျသောအချက်အလက်များကိုပေးနိုင်မည်ဖြစ်သည်။

“အဲ့ဒီမှာ ကျွန်မသိလိုက်တာက မြန်မာနိုင်ငံမှာ ကျွန်မတို့အတွက် ဘာအာမခံချက်မှမရှိဘူး။ […] နေရပ်ပြန်မယ့် သူတွေအတွက် နေစရာပေးသင့်တယ်။ ဒုက္ခသည်တွေမပြန်လာခင်မှာ သူတို့အတွက်လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ကြိုတင်ပြီး ပြင်ဆင်ထားပေး သင့်တယ်။ နေရပ်ပြန်သူများအတွက် အကာအကွယ်တွေ လုံခြုံရေးတွေ ထားပေးသင့်တယ်။” 
နော်ဘ---၊ ခ--- ရွာ၊ ဒူးပလာယာခရိုင်

  • တစ်ချိန်တည်းမှာပင် မိမိ၏အစီအစဉ်ဖြင့် နေရပ်ပြန်သူဒုက္ခသည်များနှင့် IDP များ၏ အဓိကလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် ဂုဏ်သိက္ခာရှိစွာဖြင့် ၎င်းတို့၏ဘဝများအား ပြန်လည်ထူထောင်ရာတွင် ကူညီမှုများပေးနိုင်ရန် အတွက် မြန်မာအစိုးရနှင့် သက်ဆိုင်သည့်ပါဝင်ပတ်သက်သူများမှ ပူးပေါင်းပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ နေရပ် ပြန်သူများအတွက် လိုအပ်သည့်အကူအညီနှင့် ဝန်ဆောင်မှုများကို ကူညီထောက်ပံ့မှုများပေးနေသည့် အဖွဲ့အစည်း များအားဖော်ထုတ်ပြီး ၎င်းတို့၏လုပ်ငန်းအတွက် လိုအပ်သည့်အရင်းအမြစ်များကို လုံလောက်စွာ ကူညီထောက်ပံ့ ပေးရမည်။

အကြံပြုချက်များ

အောက်ပါအကြံပြုချက်များသည် KHRG ၏သုတေသနပြုချက်၊ ဆန်းစစ်သုံးသပ်ချက်နှင့်ရှာဖွေတွေ့ရှိချက်များမှ အခြေခံထားပြီး ၎င်းတို့၏ကွင်းဆင်းအဖွဲ့နှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဝင်များမှပေးထားသော အကြံပြုချက်များဖြစ်ပါ သည်။ မေးခွန်းဖြေကြားသူများမှပေးသော အကြံပြုချက်များကို ဤအစီရင်ခံစာ၏စာကိုယ်တွင် တိုက်ရိုက်ထည့်သွင်း ထားပါသည်။ (အခန်း ၅ - နေရပ်ပြန်သူများ၏အမြင်များနှင့် အကြံပြုချက်များကိုကြည့်ပါ)

အထွေထွေအကြံပြုချက်များ

  • မြန်မာအစိုးရ၊ UNHCR၊ CBO-CSO များ - အစိုးရ၏အကူအညီနှင့် UNHCR ၏ အစီအစဉ်ဖြင့် ပြန်လည်အခြေချ နေထိုင်သူများ၏ အခြေအနေကို စောင့်ကြည့်ရန်။ ဒေသခံ CBO-CSO များ၏ အကူအညီဖြင့် ၎င်းတို့တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ပုံမှန်ဆန်းစစ်ရန်နှင့် လိုအပ်သောအထောက်အပံ့များကို အပြည့်အဝဖြည့်ဆည်းပေးရန်။
  • မြန်မာအစိုးရ၊ EAO များ၊ UNHCR နှင့်အလှူရှင်များ -  ပြန်လည်နေရာချထားရေးနေရာများသို့ ဝင်ရောက်နိုင်ရန်အတွက် ဒုက္ခသည်စခန်းများမှ မိမိအစီအစဉ်ဖြင့် ပြန်လည်အခြေချနေထိုင်သူများနှင့် IDP များ၏ ပြန်လည်အခြေချသည့် နေရာများကို လေ့လာရန်။ ထို့နောက် ထိုသူများ၏ အဓိကလိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းပေးရန်၊ ၎င်းတို့ ပြန်လည်အခြေချနိုင်ရန်နှင့် ဘဝများပြန်လည်စတင်နိုင်ရန်အတွက် လိုအပ်သော ကူညီမှုအစီအစဉ်များကို ပူးပေါင်း လုပ်ဆောင်ရန်။
  • မြန်မာအစိုးရ၊ EAO များ၊ UNHCR နှင့်အလှူရှင်များ - ပြန်လည်အခြေချနေထိုင်သူများကို အကူအညီပေးနေသော အဖွဲ့အစည်းများကိုဖော်ထုတ်ပြီးနောက် ၎င်းတို့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဆက်လက်လုပ် ဆောင်နိုင်ရန်အတွက်  လိုအပ်သော ငွေကြေးအထောက်အပံ့များပေးရန်၊ ဒေသအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် နှင့် လုပ်ပိုင်ခွင့်ပေးရန်။

ပြန်လည်အခြေချနေထိုင်ခြင်း

  • UNHCR၊ မြန်မာအစိုးရ၊ အလှူရှင်များ၊ INGO များ - ဒုက္ခသည်များနှင့် IDP များရရှိသော စားနပ်ရိက္ခာ၊ အကူ အညီများကိုလျှော့ချခြင်းသည် ၎င်းတို့အား အတင်းအကြပ်ပြန်ခိုင်းခြင်းဟု ယူဆသောကြောင့် ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှု  အထောက်အပံ့များ တိုးမြှင့်ပေးရန်။
  • UNHCR၊ CBO-CSO များ၊ INGO များ - ပြန်လည်အခြေချနေထိုင်ခြင်း မပြုလိုသောဒုက္ခသည်များအတွက် ထိုင်း အစိုးရနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်ပြီး ထိုင်းနိုင်ငံတွင်အခြေချနေထိုင်နိုင်မည့် အခွင့်အလမ်းများနှင့် တရားဝင် နေထိုင်နိုင်မည့်နည်းလမ်းများ အကောင်အထည်ဖော်ဆောင်ရန်။
  • မြန်မာအစိုးရ၊ UNHCR – UNHCR အစီအစဉ်ဖြင့် နေရပ်ပြန်သူများကို သင့်လျှော်သောသယ်သူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုအခြေအနေ ပိုမို‌ကောင်းမွန်အောင် လုပ်ဆောင်ပေးရန်နှင့် ပြန်လည်အခြေချနေထိုင်မည့်ဒေသသို့ သွားရာတွင် လုံလောက်သောရေနှင့်အစားအစာအပါအဝင် လိုအပ်သည့်အကူအညီများပေးရန်။ 

တရားဝင်စာရွက်စာတမ်းများ

  • အစိုးရ၊ UNHCR - ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတောအတွင်း တရားဝင် စာရွက်စာတမ်းများ ပြုလုပ်ပေးရာတွင် အချိတ်အဆက်ကောင်းမွန်စွာ ရရှိစေရန်အတွက် ပိုမိုပူးပေါင်းလုပ်ဆောင် ရန်နှင့် ပြန်ရောက်နေထိုင်သည့်‌ နေရာသို့ရောက်သည့်အချိန်တွင် တရားဝင်စာရွက်စာတမ်းများ အချိန်မှီ ရရှိစေရန် အတွက် အကူအညီများပေးရန်။
  • အစိုးရ - တရားဝင်စာရွက်စာတမ်းများပြုလုပ်ရာတွင် ပြန်လည်အခြေချနေထိုင်သူများ ရင်ဆိုင်ရသည့်အခက်အခဲများ (ဥပမာ - နာမည်ကွဲပြားမှု၊ အချို့သော စာရွက်စာတမ်းများကို မရယူနိုင်ခြင်း) ကို ထည့်သွင်းစဉ်းစားပေးပြီး တရားဝင် စာရွက်စာတမ်းပြုလုပ်ရာတွင် အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်များ လျော့ချပေးရန်။
  • အစိုးရ၊ NGO များ - ပြန်လည်အခြေချနေထိုင်သူများအတွက် တရားဝင်စာရွက်စာတမ်းရယူနိုင်သည့် ဝန်ဆောင်မှု များပေးရန်နှင့် ကျေးလက်ဒေသများတွင် အုပ်ချုပ်ရေးဆိုင်ရာဝန်ဆောင်မှုများပေးရာတွင် တိုင်းရင်းသားဘာသာ စကားပါဝင်သည့် ဝန်ဆောင်မှုများထားရှိရန်။

တရားမျှတမှုရရှိရေး

  • မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် -  ပြည်သူလူထုများက တရားရေးစနစ်တွင် ယုံကြည်မှုရှိလာ စေရန် စနစ်အတွင်းရှိနေသော အဂတိလိုက်စားမှုများကို ထိရောက်စွာတိုက်ဖျက်ပေးရန်။ ထိုသို့ပြုလုပ်ရာတွင် တိုင်းပြည်တစ်ခုလုံးရှိ ဒေသအလိုက် ရုံးများဖွင့်ထားရန်နှင့် ပြည်သူများ ကြုံတွေ့ရသော လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ ကိစ္စရပ်များအပေါ် တက်ကြွစွာတိုင်ကြားမှုပြုလုပ်ရန်အတွက် အားပေးအားမြှောက်ပြုပေးရန်။
  • မြန်မာအစိုးရ - အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ၎င်း၏လုပ်ငန်းစဉ်များတိုးချဲ့ရန်အတွက် လုံလောက် သောအရင်းအမြစ်များ ဖြည့်ဆည်းပေးရန်။ ထို့အပြင် အဂတိလိုက်စားမှုများအပေါ် ထုတ်ဖော်ပြောဆိုသူများကို အကာအကွယ်ပေးနိုင်ရန် သတင်းပေးများအား ကာကွယ်ရေးဥပဒေ (Whistleblower Protection Bill) ကို ပြဌာန်း ပေးရန်။
  • မြန်မာအစိုးရ၊ EAO များ၊ CBO-CSO များ - ပြန်လည်နေရာချထားသည့်နေရာများတွင် လူ့အခွင့်အရေးအကြောင်း နှင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ရှိသော တရားရေးစနစ်များအကြောင်းကို ပိုမိုသိရှိနားလည်လာစေရန် အသိ ပညာပေး အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပြီး ဥပဒေရေးရာယန္တရားများ လက်လှမ်းမီလာစေရန်အတွက် လိုအပ်သော အရင်းအမြစ်များ ပေးရန်။

လူထုပူးပေါင်းပါဝင်မှု  

  • မြန်မာအစိုးရ၊ CBO-CSO များ - ပြန်လည်အခြေချရာနေရာများတွင် မဲပေးမှုအသိပညာနှင့် ရွေး‌ကောက်ပွဲများတွင် ပြည်သူများ ပူးပေါင်းပါဝင်မှု၏အရေးပါပုံကိုအသိပညာပေးရန်။
  • မြန်မာအစိုးရ - ပြန်လည်အခြေချထားသည့်နေရာများတွင်၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မဲပေးခွင့်စာရင်းပေးမှု စီစဉ်ပေးရန်နှင့် မဲပေးခွင့်ရှိရန်အတွက် ကျေးလက်ဒေသများတွင် မဲရုံအလုံအလောက်ထားရှိပေးရန်။
  • မြန်မာအစိုးရ၊ EAO များ၊ CBO-CSO များ - ဒေသအဆင့်ဆုံးဖြတ်ချက်ချမှတ်မှုများတွင် အမျိုးသမီးများ၏ ပူးပေါင်း ပါဝင်မှုကိုအားပေးရန်နှင့် ပြန်လည်အခြေချရာနေ‌ရာများတွင် ကျား၊မရေးရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန်။
  • မြန်မာအစိုးရ၊ EAO များ - ခွဲခြားဆက်ဆံမှုစောင့်ကြည့်ရေး ယန္တရားများဖွဲ့စည်းပြီး လူမှုအသိုက်အဝန်းအသစ်တွင် နေရပ်ပြန်သူများအား ခွဲခြားဆက်ဆံခံရမှုများမှ ကာကွယ်ပေးရန်။

အသက်မွေးဝမ်းကျောင်းပြုမှု

  • မြန်မာအစိုးရ၊ EAO များ၊ UNHCR၊ CBO-CSO များ - နေရပ်ပြန်သူများအတွက် မြေနှင့်မြေယာပိုင်ဆိုင်ခွင့်များ ပေးရန်။ ထိုသို့လုပ်ဆောင်ရာတွင် မြေယာများတိုက်ရိုက်ပေးခြင်း၊ မြေယာပိုင်ဆိုင်ခွင့် တရားဝင်စာရွက်စာတမ်းများ ရရှိရန်အတွက် ငွေကြေးနှင့်အုပ်ချုပ်ရေးဆိုင်ရာအကူအညီပေးခြင်း၊ ထောက်ပံ့ရေးမြေယာများနှင့် ဒေသတွင်းမြေယာ ဈေးချမှတ်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် မြေယာများပြန်လည်ပြင်ဆင်ရာတွင် အကူအညီ ပေးရန်တို့ ပါဝင်သည်။
  • မြန်မာအစိုးရ၊ UNHCR၊ CBO-CSO များ - ကျေးလက်ဒေသများတွင် နေရပ်ပြန်သူများ  ၎င်းတို့၏အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သင့်လျော်သောအသက်မွေးဝမ်းကျောင်း သင်တန်းများ ပေးရန်။
  • မြန်မာအစိုးရ၊ EAO များ၊ CBO-CSO များ၊ NGO များ - စိုက်ပျိုး‌ရေးဈေးကွက် လက်လှမ်းမီစေရန်အတွက် ပြန်လည် အခြေချသည့်နေရာများတွင် အသေးစားစိုက်ပျိုးရေးလုပ်ငန်းများ အထောက်အပံ့များပေးရန်။
  • မြန်မာအစိုးရ၊ EAO များ၊ UNHCR - နေရပ်ပြန်သူများ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းပြုမှုအား ပြန်လည်ထူထောင်နိုင်သည်အထိ အသီးသီးတွင်ရှိသောလိုအပ်ချက်များအတွက် အထောက်အပံ့များပေးရန်။

အိမ်ယာ

  • မြန်မာအစိုးရ၊ EAO များ၊ UNHCR – UNHCR အစီအစဉ်ဖြင့် နေရပ်ပြန်သူများအတွက် ရေရှည်တည်တံ့သော အိမ်ယာများတည်ဆောက်‌ပေးရန်နှင့် ဈေးသက်သာပြီး ရေရှည်တည်တံ့သော လျှပ်စစ်မီး၊ ရေသန့်နှင့် အခြားသော အိမ်သုံးပစ္စည်းတပ်ဆင်မှုများရရှိရန်။ (ဥပမာ - အိပ်ယာ၊ ခြင်ထောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများ)
  • မြန်မာအစိုးရ၊ EAO များ၊ အလှူရှင်များ၊ INGO များ - ပြန်လည်အခြေချထားသည့်နေရာတွင် အိမ်ယာတည်ဆောက် သည့်အခါ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သည့်အိမ်ယာဆောက်လုပ်ရေးကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းမှ ကာကွယ်ရန်အတွက် လိုအပ်သောမူဝါဒများထားရှိရန်။
  • မြန်မာအစိုးရ - ဈေးသက်သာပြီး ရေရှည်တည်တံ့သောလျှပ်စစ်မီးနှင့်ရေသန့်ရရှိမှုပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး မြန်မာပြည်အရှေ့တောင်ပိုင်း အထူးသဖြင့် ပြန်လည်အခြေချသည့်နေရာများတွင် ရေရှည်အတွက်သင့်လျော်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များ ကျင့်သုံးရန်။
  • မြန်မာအစိုးရ၊ CBO-CSO များ၊ EAO များ - မိမိအစီအစဉ်ဖြင့်နေရပ်ပြန်လာသူများနှင့်  IDP များကို ပြန်လည်ထူထောင် ရေး သို့မဟုတ် ခိုင်ခံ့သောအိမ်ယာများတည်ဆောက်ရာတွင် ကူညီပေးရန်။

ပညာရေးနှင့်ကျန်းမာရေး

  • မြန်မာအစိုးရ၊ EAO များ - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ပညာရေးနှင့်ကျန်းမာရေး လက်လှမ်းမီနိုင်မှု တိုးတက်ကောင်းမွန်လာစေရန်အတွက်  ကျောင်းများနှင့်ဆေးခန်းများ ဆောက်လုပ်ခြင်းနှင့် ဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန်။
  • မြန်မာအစိုးရ၊ UNHCR - ပညာရေးနှင့် ကျန်းမာရေးအဆောက်အဦးများသည် ပြန်လည်အခြေချသည့်နေရာနှင့် သင့်တော်သည့်အကွာအဝေးတွင်သာထားရှိပြီး ထိုအဆောက်အဦးများတွင်ရှိလာမည့် လိုအပ်ချက်များကို ထပ်မံ ဖြည့်ဆည်းပေးရန်အတွက် လုံလောက်သောဝန်ထမ်းများ ခန့်အပ်ထားရန်။
  • မြန်မာအစိုးရ - ဒုက္ခသည်စခန်းရှိကျောင်းများနှင့် မြန်မာအစိုးရကျောင်းများ၏ သင်ရိုးညွှန်းတမ်းကွဲပြားမှုကို စောင့် ကြည့်သည့် ယန္တရားများဖွဲ့စည်းပြီး နေရပ်ပြန်သူများ၏ပညာရေး လက်လှမ်းမီနိုင်မှုကို ထောက်ပံ့ပေးရန်။
  • မြန်မာအစိုးရ - မိမိအစီအစဉ်ဖြင့်နေရပ်ပြန်လာသည့် IDP နှင့်ဒုက္ခသည်ကလေးသူငယ်များ အစိုးရကျောင်းများသို့ တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ကူညီထောက်ပံ့ပေးရန်နှင့် ၎င်းကလေးများ ဆက်လက်တက်ရောက်ရမည့် အတန်းပညာအတိုင်း သင်ယူနိုင်ရန် လိုအပ်သည့်သင်ကြားပို့ချမှုများ လုပ်ဆောင်ပေးရန်။ 

ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး

  • တပ်မတော်၊ မြန်မာအစိုးရ၊ EAO များ - မြေမြှုုပ်မိုင်းများအားဆက်လက်အသုံးပြုခြင်းများကို တားမြစ်ရန်။ မြေမြှုုပ် မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများရှိသည့်နေရာများကို အမှတ်အသားပြုလုပ်ပြီး လုံခြုံရေးအတွက် ထိုအမှတ်အသားပြုလုပ်ထားသည့်နေရာများကို ‌ဒေသခံများအား အသိပေးရန်။
  • UNHCR၊ CBO-CSO များ - ပြန်လည်အခြေချပြီးသူများရှိသည့်နေရာများ၊ IDP များ နေသည့်စခန်းများနှင့် ထိုင်းနိုင်ငံ ရှိဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ်ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားရန်။
  • မြန်မာအစိုးရ၊ EAO များ၊ UNHCR - ပြန်လည်နေရာချထားရေးနေရာများနှင့် ဘေးပတ်ဝန်းကျင်များတွင် မြေမြှုုပ်မိုင်းနှင့်မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများမရှိကြောင်း သေချာစွာစစ်ဆေးလုပ်ဆောင်ပေးရန်။
  • တပ်မတော်၊ အစိုးရ - ပြန်လည်နေရာချထားရေးနေရာများ၊ ရပ်ရွာများ၊ အသက်မွေးဝမ်းကျောင်းတည်ရှိရာနေရာများနှင့် နီးစပ်သောနေရာများတွင် စစ်ဘက်ဆိုင်ရာလုပ်ရှားမှုကင်းမဲ့ဇုံဖြစ်စေရန်အတွက် စစ်တပ်စခန်းများရုတ်သိမ်း ပေးရန်နှင့် အရပ်သားနေရာများနှင့်နီးစပ်သောနေရာများတွင် ကင်းလှည့်ခြင်းများ မပြုလုပ်ရန်။
Thu, 10 Sep 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်