Sat, 12 Sep 2020
ဘားအံခရိုင်။ ။ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလအတွင်း တနေးဆါးမြို့နယ်တွင် တပ်မတော်/BGFနှင့် DKBA (ခွဲထွက်) အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသအတွင်း ယာယီရွှေ့ပြောင်းနေထိုင်မှုအား ဖြစ်ပေါ်စေပြီး လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်အား ကန့်သတ်ထား

၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၌ ဘားအံခရိုင်၊ တနေးဆါး (နဘူး) မြို့နယ်၊ ယောကူ (ရန်ကုတ်) ကျေးရွာ အုပ်စု၊ ယောကူ (ရန်ကုတ်) ကျေးရွာအနီးတွင် တပ်မတော်/BGF နှင့် DKBA (ခွဲထွက်) အဖွဲ့တို့ကြား ပစ်ခတ်တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ၎င်းပစ်ခတ်မှုများသည် အခြားသောကျေးရွာအုပ်စုများတွင်ရှိသည့် အခြားရွာများအထိ ဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသားများသည် ပေါ်တာအဖြစ်ခိုင်းစေရန်အတွက် အဖမ်းခံရမည်ကို ကြောက်ရွံ့သောကြောင့် ထွက်ပြေးရှောင်တိမ်းနေခဲ့ရပါသည်။ ဒေသအနီးတစ်ဝိုက်တွင် BGF စစ်သားများ များပြားလာသည့်အတွက်ကြောင့် ဒေသခံပြည်သူများ ဒေသအတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားရန်အတွက် အဟန့်အတားဖြစ်စေပါသည်။[1]

 

တပ်မတော်/BGF နှင့် DKBA (ခွဲထွက်) အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်း ၃း၃၀ အချိန်တွင် ဘားအံခရိုင်၊ တနေးဆါးမြို့နယ်၊ ယောကူ ကျေးရွာအုပ်စု၊ ယောကူကျေးရွာအနီးတွင် တပ်မတော်ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၃၀) နှင့် နယ်ခြားစောင့် တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၇) တို့ပူးပေါင်း၍ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်မှ ခွဲထွက်သွားသည့် အဖွဲ့ (DKBA ခွဲထွက်) တို့ကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ဒေသခံများ၏ထုတ်ဖော်ပြောဆိုချက် အရ ၎င်းပစ်ခတ်တိုက်ခိုက်မှုသည် ၂၅မိနစ်ခန့် ကြန့်ကြာခဲ့ပါသည်။ 

၎င်းတိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့တွင် BGF နှင့် တပ်မတော်စစ်သားများသည် ယောကုတ်ကျေးရွာတွင် ဝင်ရောက်လာပြီး ထိုအနီးတစ်ဝိုက်တွင် အခြေချနေသော အခြားသောလက်နက်ကိုင်အဖွဲ့များ အပါအဝင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် KNLA/KNU ငြိမ်းချမ်းရေးကောင်စီကိုလည်း ပစ်ခတ်ခဲ့ပါသည်။ ဤကဲ့သို့သော လုပ်ရပ်မျိုးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်ပါရှိသည့် အခန်း (၅) (က) ကို ချိုးဖောက်ရာ မြောက်ပါသည်။ ၎င်းအ ခန်း (၅) (က) တွင် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့်ပါတီဝင်များမှ အပစ်ခတ်ရပ်စဲထားသည့်ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းအား တားမြစ်ထားခြင်းကို ဖော်ပြ ထားပါသည်။ 

ပစ်ခတ်တိုက်ခိုုက်မှုများကြောင့် ဒေသခံရွာသားများသည် ကြောက်ရွံ့ကြသဖြင့် ဗုံးကျင်းများထဲတွင်သော်လည်း ကောင်း၊ (ဗုံးကျင်းများကို ပုံမှန်အားဖြင့် ၎င်းတို့၏အိမ်အောက်တွင် တူးထားလေ့ရှိပါသည်) သစ်ပင်အနောက်တွင် လည်းကောင်း အစရှိသည့်နေရာများတွင် ပုန်းအောင်းနေခဲ့ပါသည်။  တပ်မတော်နှင့် BGF ပူးပေါင်းတပ်ဖွဲ့များသည် DKBA (ခွဲထွက်) အဖွဲ့အား လိုက်လံရှာဖွေသည့်အတွက်ကြောင့် ယောကုတ်၊ နို့ခေးနှင့် ထီးကလေ့ကျေးရွာအုပ်စု များရှိ အခြားသောရွာများအထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲမဖြစ်ပွားမှီအချိန်တွင် BGF တပ် ရင်းအမှတ် (၁၀၁၇) သည်လည်း ဒေသခံခေါင်းဆောင်တစ်ဦးအား ၎င်းတို့၏လမ်းပြအဖြစ် လုပ်ဆောင်ပေးရန်် ခိုင်းစေခဲ့ပါသည်။ 

နို့ခေးကျေးရွာအုပ်စု၊ အ---ရွာရှိ အမျိုးသားအများစုသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အား တပ်မတော်နှင့် BGF တပ်ဖွဲ့များအတွက် ပေါ်တာအဖြစ် လုပ်ဆောင်ပေးရမည်ဟူသည့် သတင်းကို ကြားခဲ့ရသည့်အတွက်ကြောင့်ဖြစ်သည်။[2]  ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ “ရွာသားများဟာ ပေါ်တာဆွဲခံရမှာကို ကြောက်ကြတယ်။ ဒါကြောင့် သူတို့ထွက်ပြေးတယ်။ ရွာမှာရှိတဲ့ အမျိုးသားအယောက် ၂၀ လောက် ထွက်ပြေး ခဲ့တယ်။ သူတို့တွေ ရွာအပြင်မှာရှိတဲ့တောထဲကို သွားပြီးပုန်းရှောင်နေရတယ်။ အဲဒီကိုရောက်ဖို့ တစ်နာရီဝန်းကျင် လောက် သွားရတယ်။ သူတို့တွေ အဲဒီတောထဲမှာ သုံးရက်လောက် ပုန်းရှောင်နေရပြီးမှ သူတို့ရွာကိုပြန်လာခဲ့တယ်။ BGF စစ်သားတွေ ရွာကိုရောက်လာတဲ့အချိန်မှာ ကျွန်မအဖေလည်း ထွက်ပြေးခဲ့ရတယ်။ ရွာသားတွေသာ ထွက်မပြေးခဲ့ဘူးဆိုရင် သူတို့တွေပေါ်တာလုပ်ဖို့အတွက် အဖမ်းခံနေရလောက်ပြီး။” ဤကဲ့သို့ထွက်ပြေးနေရမှုများသည် ကျေးရွာအုပ်စုသုံးအုပ်စုရှိ အခြားရွာများတွင်လည်း ဖြစ်ပွားခဲ့ပါသည်။ အခြားသောရွာများ၏အမည်များမှာ ကော့မှူး၊ ဇော်ဟဲ၊ လှိုင်စိမ်း၊ ရန်ကုတ်၊ နန်းဆွေမိတ်၊ နောင်ကိုင်း၊ နို့စော််နှင့် ထီးကလေးရွာများ ဖြစ်ပါသည်။  

နောက်ဆက်တွဲ 

တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင် BGF တပ်ရင်းအမှတ် (၁၀၁၇)မှ စစ်သားများသည် မိပါလဲကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် ယာယီစခန်းချ၍ နေထိုင်ခဲ့ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ရရှိထားသည့်သတင်းအချက်အလက် များအရ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် BGF စစ်သားများသည် ထိုဘုန်းကြီးကျောင်းတွင် ရှိနေသေး သည်။ ထိုလုပ်ရပ်မျိုးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါရှိသည့် အခန်း (၅. ဃ) ကို ချိုးဖောက်နေခြင်းဖြစ်သည်။ ၎င်းအခန်း (၅. ဃ) တွင် NCA လက်မှတ်ထိုးထားသည့်ပါတီဝင် များသည် ဘာသာရေးအဆောက်အအုံများကို စစ်ရေးဆိုင်ရာတပ်စခန်းအဖြစ် အသုံးပြုခြင်းများအား တားမြစ်ထားသည်ကို ဖော် ပြထားပါသည်။ 

၎င်းပစ်ခတ်တိုက်ခိုက်မှုများသည် ၂၀၂ဝခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ့တွင် မြဝတီ-ကော့ကရိတ်လမ်းဟောင်း အလယ် ဘိုတဲတွင်တည်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်အနီးအနားတွင် တပ်မတော်စစ်သားများအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ဆက်စပ်နေသည်ဟု ဒေသခံများက ယူဆမိပါသည်။[3] တပ်မတော်စစ်သားများအား သတ်ဖြတ်ခဲ့သည့်အမှု နှင့်ပတ်သက်၍ ရန်ကုတ်ကျေးရွာအုပ်စု၊ ဘ---ရွာတွင် နေထိုင်သည့် ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆ---အား BGF မှ မေးမြန်းခဲ့သည့်ကို ၎င်းက ဤကဲ့သို့တင်ပြခဲ့ပါသည်။ “စက်တင်ဘာလ ၂ရက်နေ့မှာ သူတို့က ကျွန် တော်တို့တွေကို မေးမြန်းခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေသခံခေါင်းဆောင်အချို့ကို သူတို့က မေးမြန်း ခဲ့တယ်။ မြန်မာအစိုးရဖြစ်တဲ့ အထက်ကအရာရှိတွေ ညွှန်ကြားထားသည့်အတိုင်း  သူတို့တွေက လိုက်နာဆောင်ရွက် ပုံရတယ်။ ကျွန်တော် သူတို့ကိုပြောခဲ့တယ်။ ‘ကျွန်တော်တို့တွေက ဒေသခံခေါင်းဆောင်တွေဖြစ်ပေမဲ့ ကိစ္စအားလုံး တော့သိနိုင်မှာမဟုတ်ဘူး။ ဒေသမှာ ခရီးသွားလာနေတဲ့လူတိုင်းကိုတော့ ကျွန်တော်တို့လိုက်ကြည့်နိုင်မှာ မဟုတ် ဘူး။’ ညဖက်မှာ သူတို့တွေက ကျွန်တော့်ကိုဖုန်းတစ်ခါထပ်ခေါ်တယ်။ ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ သဲလွန်စတွေ ရှိ၊မရှိ မေးမြန်းခဲ့တယ်။” 

ယခုအချိန်တွင် BGF စစ်သားများမှ ဒေသခံရွာသားများ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်နေပါသည်ဟု စောဆ---မှ ထပ်မံ၍ တင်ပြခဲ့ပါသည်။ “အဲဒါက BGF ချထားတဲ့စစ်ဆေးရေးဂိတ်မဟုတ်ဘူး။ သူတို့တွေက လမ်းဘေး မှာနေပြီး လူတွေကို မေးမြန်းကြတယ်။ တကယ်တော့ ကျွန်တော်တို့တွေက လွတ်လွတ်လပ်လပ် သွားလာချင်တာ ပေါ့။ ရွာအပြင်ဘက် သွားလာတိုင်း အမြဲတမ်း အမေးမြန်းခံရတဲ့တော့ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ကျွန်တော်က ဒေသခံရွာသားတစ်ယောက်ပါဆိုတာ သက်သေပြရတယ်။”  စောဆ---၏ပြောပြချက်အရ ရွာသားများ အား ဤကဲ့သို့ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခြင်းသည် ဒေသအတွင်း လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ပိတ်ပင်ကန့်သတ် ထားမှုများဖြစ်ပေါ်စေပါသည်။ “တစ်ခါတစ်လေ သူတို့တွေက ရွာသားတွေကို ပေးသွားတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျရင်တော့ သူတို့က ပေးမသွားတာလဲရှိတယ်။ အဲဒီလိုမေးမြန်းတာတွေရှိနေတာကြောင့် လူငယ်တွေဆိုညဘက်ဘဲမှာ ရွာအပြင်ဘက်ကို မသွားလာချင်ကြတော့ဘူး။ နေ့ခင်းဘက်ဘဲတောင်မှ မသွားလာချင် ကြဘူး။ တစ်ချို့ရွာသားတွေတော့ အရေးကြီးတဲ့ကိစ္စတွေရှိလို့သာ ရွာအပြင်ဘက်ကို သွားလာနေကြတာ။ အရေး မကြီးတဲ့ကိစ္စတွေဆိုရင် သူတို့မသွားကြတော့ဘူး။”  ဤကဲ့သို့သော အခြေအနေသည် ဒေသခံများ၏ စားဝတ်နေရေး ကိုလည်း ထိခိုက်စေပါသည်။ “ဒေသခံရွာသားတွေက ရွာထဲရွာပြင် ဝင်ထွက်သွားလာရမှာကို ကြောက်နေတာ ကြောင့် အရင်လိုမျိုး ငါးသွားဖမ်းတာတွေ၊ မျှစ်သွားရှာတာတွေ မလုပ်တော့ဘူး။ သစ်လုပ်ငန်းလုပ်နေတဲ့ လူတွေ ကလည်း ရွာရဲ့အနီးအနားတစ်ဝိုက်ကို ပြန်လာကြပြီး။ သူတို့လည်း အဝေးကို မသွားရဲဘူး။ ကျွန်တော်တို့တွေက အလုပ်လုပ်ရမှာ ကြောက်နေတယ်။ အခုတော့ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်နိုင်ဘူး။”

ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အများအပြားရှိနေခြင်းနှင့်ပတ်သက်၍ စောဆ---မှ ၎င်း၏စိုးရိမ်မှုများကိုလည်း ဤကဲ့သို့တင်ပြခဲ့ပါသည်။ “ကျွန်တော်တို့စိုးရိမ်နေရတဲ့အရာတွေ အများကြီးရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို သွားတွေ့မယ်ဆိုရင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက မကြိုက်ဘူး။ ဒီလိုလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ နေရတဲ့ ဘဝဟာ အရမ်းခက်ခဲတယ်။ ကျွန်တော်တို့က အခြေအနေကိုလိုက်ပြီး ပြဿနာမဖြစ်အောင် သတိကြီးကြီးနဲ့ နေရ တယ်။” 

Sat, 12 Sep 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ၊ ရရက်နေ့တွင် ကွင်းထဲမှရရှိထားသောအကြောင်းအရာများအပေါ်  အခြေခံပြီး သတင်းအ ချက်အလက်များအား ခြုံငုံသုံးသပ်ထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

[2] ၂၀၁၂ခုနှစ်မတိုင်မှီတွင် တပ်မတော်မှ ရွာသားများအား ပေါ်တာအဖြစ် အဓမ္မခိုင်းစေမှုများနှင့်ပတ်သတ်သည့်အကြောင်းအရာများ ကို KHRG မှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သော “Beyond the Horizon: Local Perspectives on Peace, Justice and Accountability in Southeast Myanmar” ကို ကြည့်ရှုပါ။ 

[3] ကရင်သတင်းစဉ်မှ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော “ကော့ကရိတ်မြို့ ပစ်ခတ်မှုမှ လက်နက်ကြီးတစ်လုံး လူနေအိမ်အနီး ကျမှန်ခဲ့၍ ပြည်သူများစိုးရိမ် လျက်ရှိ” ကို ကြည့်ရှုပါ။ 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်