Fri, 05 Jun 2020
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

    

 

၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း မီးမောင်းထိုး ပြရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် ရင်ဆိုင်နေရသော အကျပ် အတည်းတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ခေတ်အခါတွင် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော ပတ်ဝန်း ကျင်ညစ်ညမ်းပျက်စီးမှု၏ နောက်ဆက်တွဲအကျိုးဆက်များသည် ယခင်ကထက် ပို၍ထင်သာမြင်သာ ရှိလာသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ပြန်လည်ကောင်းမွန်လာစေရန်နှင့် ကာကွယ်ထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့အားလုံးမှ လက်တွဲပြီး တာဝန်ယူရမည်ဖြစ်သည်။

ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ခေါင်းစဉ်မှာ သဘာဝပတ်ဝန်းကျင်အတွက်အချိန် ဖြစ်သည်။ ကျွန်ုပ်တို့စားသုံးသောအစားအစာ, ရှူရှိုက်သောလေနှင့်သောက်သုံးသောရေများသည် သဘာဝမှရရှိသောအရာ များဖြစ်သည်။ သို့သော်လည်း လူသားများ၏လုပ်ရပ်များသည် သဘာဝပတ်ဝန်းကျင်အပေါ်တွင် ဆိုးရွားသော သက်ရောက်မှုများရှိလာပြီး အချက်ပြသောလက္ခဏာများကို ကမ္ဘာတစ်ဝန်းလုံးတွင် မြင်တွေ့ နေရပြီဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများသည် နှစ်စဉ်နှင့်အမျှဆိုးရွားလာသည်။ သဘာဝဘေးအန္တရာယ် ကျရောက်မှု များပျားလာခြင်းသည် လူသားများဆက်လက်ပြီး လျစ်လျူရှု၍မရသော သဘာဝပတ်ဝန်းကျင်၏ သတိပေးချက်များဖြစ်သည်။

၂၀၁၂ ခုနှစ် ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနောက်ပိုင်းတွင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသောလုပ်ရပ်များ စတင်ဖြစ်ပေါ်လာခဲ့သည်။ ကရင်ဌာနေတိုင်းရင်းသား မြေနေရာများ၏ သယံဇာတကြွယ်ဝပေါများမှုကြောင့် အမြတ်ထုတ်ချင်သူများ၏ ဝင်ရောက်ချယ်လှယ်မှုကို ခံစားလာခဲ့ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးရေးစီမံကိန်းများ များပြားလာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များမှ လုပ်ငန်း များလုပ်ဆောင်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ပျက်ကွက်မှုများလည်း ရှိလာပါသည်။ အကျိုးဆက်အနေဖြင့် လေထုနှင့်ရေထုညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများနှင့် စိုက်ပျိုး မြေနှင့် စိုက်ပျိုးသီးနှံပျက်စီးမှုများ ဖြစ်ပေါ်စေသည်။[1] ဤကဲ့သို့ ပျက်စီးညစ်ညမ်းမှုများအပေါ် လုပ်ငန်းရှင် များသည် တာဝန်ယူတာဝန်ခံမှုရှိရမည်ဖြစ်ပြီး ဤကဲ့သို့ ဆိုးကျိုးသက်ရောက်မှုဖြစ်စေသော လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အခွင့်မရှိသင့်တော့ပါ။ ပတ်ဝန်းကျင် နှင့်ဒေသခံများကို အကာအကွယ်မပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရပ်ပစ်ရမည်ဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ပတ်ဝန်းကျင်ကို ထိခိုက်စေသော စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်သူများမှ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန် တိုက်တွန်းအပ်ပါသည်။

ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ ဓလေ့စရိုက်များကို ပြန်လည်သတိမူစေရန်နှင့် အပေါင်းလက္ခဏာဆောင်သော အလေ့အကျင့်များကိုစတင်ကျင့်သုံးရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ တိုက်တွန်းအပ်ပါသည်။ ကျွန်ုပ်တို့အားလုံး သည် အပြောင်းအလဲဖြစ်စေရန် လုပ်ဆောင်နိုင်စွမ်းများကိုယ်စီရှိကြပြီး အချိန်မနှောင်းခင် စတင်လုပ်ဆောင် ကြရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့လက်ရှိကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါက ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးသွား မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးအပေါ်တွင် ဆိုးကျိုးသက်ရောက် မည်ဖြစ်ပါသည်။ ယနေ့ခေတ်အခါတွင် ကမ္ဘာတစ်ဝန်း လုံးမှာ ဆက်သွယ်ချိတ်ဆက်နိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အတူတကွလက်တွဲ လုပ်ဆောင်ရမည် ဖြစ်သည်။

 

Fri, 05 Jun 2020

Footnotes: 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်