Fri, 19 Jun 2020
အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနေ့

  

ယနေ့သည် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဟူသောဝေါဟာရသည် ပဋိပက္ခဒေသများတွင်ရှိသော အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးငယ်များနှင့် ယောကျ်ားလေးများအပေါ် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မသွပ်သွင်းခြင်း၊ အတင်းအဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေခြင်း၊ အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ မျိုးဆက်ပြန့်ပွားခြင်းမရှိအောင် အတင်းအဓမ္မလုပ်ဆောင်ခြင်း၊ အတင်း အဓမ္မထိမ်းမြားလက်ထပ်ခိုင်းခြင်းနှင့် မည်သည့်လိင်အကြမ်းဖက်မှုမျိုးကိုမဆို ကျူးလွန်ခြင်းကို ရည်ညွှန်းပါသည်။ ထို့နည်းအတူ ဤဝေါဟာရသည် ပဋိပက္ခကာလ အထူးသဖြင့် စစ်ဖြစ်ပွားသည့် ကာလအတွင်း တစ်ဦးတစ်ယောက်အား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း သို့မဟုတ် လိင်အမြတ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့်ရောင်းချခြင်း၊ လူကုန်ကူးခြင်းစသည့် အဓိပ္ပါယ်ကို သက်ရောက်စေပါသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် ကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လက်နက်တစ်ခုသဖွယ် ရည်ရွယ်ချက်ရှိရှိ မကြာခဏအသုံးချလျက်ရှိသည်။ ဤသည်မှာ မြန်မာနိုင်ငံအတွက် အလွန်မှန်ကန်သည့်အချက် ဖြစ်ပါသည်။ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား  ဆယ်စုနှစ်များစွာ ကြာရှည်သော လက်နက်ကိုင်ပဋိပက္ခတွင် တပ်မတော်သည် မိမိတို့၏ စစ်သားများအား ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် အရပ်သား ပြည်သူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခွင့်ပြုထားပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံ ပြောကြားချက်အရ ပြည်သူလူထုများသည် လက်နက်ကိုင်ပဋိပက္ခဒဏ်အား ဆိုးရွားစွာခံစားခဲ့ရပြီး အကြမ်းဖက် သမားနှင့် အစွန်းရောက်အုပ်စုများမှကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းတွင် အထူးသဖြင့် အမျိုး သမီးနှင့် မိန်းကလေးငယ်များက ပစ်မှတ်ထားခြင်းခံကြရပါသည်။[1]

တပ်မတော်မှ တိုင်းရင်းသား လူနည်းစုအပေါ် နည်းဗျူဟာကျကျ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား လက်နက် သဖွယ်အသုံးပြုခြင်းသည် အထက်ပါဖော်ပြထားသော အကြမ်းဖက်သမားနှင့် အစွန်းရောက်အုပ်စုတို့၏လုပ်ရပ် နှင့်တစ်ထပ်တည်း ကိုက်ညီမှုရှိနေပါသည်။ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အတွင်းတွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ လိင်အကြမ်းဖက်မှု ၂၇ မှုကို ဖော်ပြထားသောအစီရင်ခံစာ ၅၂ စောင်ကိုလက်ခံရရှိခဲ့ပါသည်။[2] လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် ပဋိပက္ခကာလအတွင်း ဆိုးရွားစွာနှင့် ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သလို ကရင်လူ့အခွင့်အရေးအဖွဲ့ မှလက်ရှိဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်သော အစီရင်ခံစာများအား ၂၀၁၉ ခုနှစ် အချိန်ထိ ဆက်လက်ရရှိနေဆဲ ဖြစ်ပါသည်။[3]

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းအပေါ် တပ်မတော်မှကျင့်သုံးနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်းသည် အဆိုပါအကြမ်းဖက်မှုအား ကျယ်ပြန့်စွာဖြစ်ပွားစေရန် ခွင့်ပြုပေးခြင်းပင်ဖြစ်သည်။ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသူများသည် ယနေ့အချိန်ထိ တရားမျှတမှုမရရှိခဲ့သလို ဖြစ်စဉ်အများအပြားတွင် ထိခိုက်နစ်နာသူများသည် ၎င်းတို့ကြုံတွေ့ရသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်များအား ထုတ်ဖော် ပြောဆိုရန်အခွင့်မသာခဲ့ပေ။ လက်ရှိအချိန်တွင် တပ်မတော်မှကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လျှော့ ကျလာခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်အကြား ဆက်လက်ဖြစ်ပွားလျက် ရှိသောတိုက်ပွဲများကြောင့် စိုးရိမ်စရာများရှိနေဆဲဖြစ်ပါသည်။ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုတွင် အဓိကစိုးရိမ်စရာအချက်မှာ ကျူးလွန်သူများမှ တာဝန်ယူမှု၊ တာဝန်ခံမှုများမရှိသောကြောင့် အနာဂါတ် တွင်နောက်ထပ်ချိုးဖောက်မှုများ ထပ်မံကျူးလွန်ရန် အားပေးအားမြောက် ပြုရာရောက်ပါသည်။ 

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုခြင်းခံရသည့် ထိခိုက်နစ်နာသူများသည် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ဆန့်နိုင်ရန်နှင့် ခွဲခြားဆက်ဆံခံရမှု မရှိစေရန်အတွက် ၎င်းတို့ကြုံတွေ့ရသော ထိခိုက်နာကျင်မှုများ ထုတ်ဖော် ပြောဆိုရန် အခွင့်အရေးပေးရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အတွက် ပြန်လည်ကုစားခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု ပေးရမည်ဖြစ်ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ တိုင်းရင်းသားအဖွဲ့အစည်းများ အား အဆိုပါထိခိုက်နစ်နာသူအား အထက်ပါဖော်ပြသောအထောက်အပံ့များဖြင့် ဝိုင်းဝန်းကူညီပေးရန် တိုက် တွန်းအပ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အတိတ်မှ ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပေါ် ကျူးလွန်သူများမှ တာဝန်ယူမှု၊ တာဝန်ခံမှုပြုရန်အတွက် မြန်မာနိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့သည် မည်သည့်အကြောင်းပြချက်တစ်စုံတစ်ရာပေးခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ တပ်မတော်နှင့် မြန်မာနိုင်ငံတော်အစိုးရတို့မှ တိုင်းရင်းသားလူနည်းစုအပေါ် အတိတ်မှကျူးလွန်ခဲ့သော လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများ ပြန်လည်ဖြေရှင်းပေးမှုနှင့် စုံစမ်းစစ်ဆေးမှုပြုရန် ပျက်ကွက်ခြင်းသည် အနာဂါတ်တွင် အဆိုပါအကြမ်းဖက်မှုများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ဖြစ်ပွားအောင်ခွင့်ပြုပေးခြင်းပင်ဖြစ်သည်၊၊

 

Fri, 19 Jun 2020

Footnotes: 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်