Fri, 25 Jan 2019
အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ ထုတ်ပြန်ချက်

အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ ထုတ်ပြန်ချက်

ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၉ခုနှစ်

ကမ္ဘာတစ်ဝှမ်းမှ ပထမဆုံးအပြည်ပြည်ဆိုင်ရာပညာရေးနေ့ကို စတင်အသိအမှတ်ပြုချိန်မှာ မြန်မာနိုင်ငံရှိကလေးများအားလုံးအခမဲ့ဖြစ်၍ အရည်အသွေးမြင့်မားပြီးတိုင်းရင်းသားဘာသာစကားဖြင့်သင်ကြားနိုင်သောပညာရေးစနစ်တစ်ခုအားဖြစ်ပေါ်လာရန်ကရင်လူ့အခွင့်အရေးအဖွဲ့မှတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဧကန်စင်စစ်တွင်မူ မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများတွင် ပညာရေးလက်လှမ်းမှီနိုင်မှုမှာစိန်ခေါ်မှုများ ဆက်လက်ရှိနေပါသေးသည်။ ဤပညာရေးလက်လှမ်းမှီနိုင်မှုအားနည်းသည့်အခြေအနေကြောင့်ဒေသခံတိုင်းရင်း သားများအတွက် လူမှုရေးနှင့်စီးပွားရေးနယ်ပယ်တွင် ဆိုးကျိုးသက်ရောက်မှုရှိစေပါသည်။ ပညာရေးအားနည်းခြင်းကြောင့် လူမှုအသိုင်း အဝိုင်းတွင် ပစ်ပယ်ခံရခြင်း သို့မဟုတ် လျစ်လျူရှုခံရခြင်းများ ရင်ဆိုင်ရသည်သာမက မိမိတို့၏အခွင့်အရေး အပြည့် အဝမရရှိသလို ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်ရန် အဟန့်အတားဖြစ်စေပါသည်။ UNICEF (ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအတွက် အရေးပေါ်ရန်ပုံငွေ) မှ ဖော်ပြချက်အရ မြန်မာနိုင်ငံသည် အာရှနိုင်ငံများထဲတွင် စာတတ်မြောက်သည့် လူငယ်နှုန်းမှာ ဒုတိယအနိမ့်ဆုံးဖြစ်ပါသည်။ ဤသည်မှာ မြန်မာအစိုးရမှ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သဘောတူစာချုပ်(ICESCR)၊ ကလေးသူငယ်များဆိုင်ရာအခွင့်အရေးများ သဘောတူစာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကတိကဝတ်များ လိုက်နာကျင့်သုံးရန် ပျက်ကွက်နေသည်ကို ထောက်ပြနေပါသည်။

လွန်ခဲ့သည့်နှစ်များ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အချို့နေရာဒေသများတွင် ပညာသင်ကြားခွင့် လက်လှမ်းမှီနိုင်မှု တိုးတက်ကောင်းမွန်လာခဲ့ပါသည်။ သို့သော်လည်း ဒေသခံကလေးများသည် မိမိတို့၏လူမှုအသိုင်းအဝိုင်းများတွင်  ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့်  အခမဲ့ပညာသင်ကြားနိုင်မှုသာမက  အရည်အသွေးပြည့်ဝသော  ပညာရေးအား သင်ကြားနိုင်ရန်အတွက် မိမိတို့၏နားလည်မှုအပိုင်းသည် အားနည်းလျှက်ရှိနေသေးပါသည်။ နှိုင်းယှဉ်ရမည်ဆိုလျှင်  ကျောင်းကုန်ကျစရိတ်နှင့်  အခြားသောကုန်ကျစရိတ်များသည်  ပညာရေးသင်ကြားမှုရရှိရန်  အဟန့်အတားဖြစ်စေသည်သာမက မိသားစုစားဝတ်နေရေးအခက်အခဲကိုပင်ဖြစ်စေပါသည်။ ကျေးလက်ဒေသများတွင် ကျောင်းဝင်ကြေးမြှင့်မားခြင်းနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ လုံလောက်စွာမရှိခြင်းတို့သည် အလယ်တန်းနှင့်အထက် တန်းကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ကြားမှုရရှိရန် အခက်အခဲရှိစေပါသည်။ ရွာသူ၊ ရွာသားအများစု သည် ဒုက္ခသည် သို့မဟုတ် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူများ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲပင်ဖြစ်သောကြောင့် သူတို့အတွက် ကောင်းမွန်၍အရည်အသွေးပြည့်ဝလျှက်ရှိသော ပညာရေးသင်ကြားရရှိနိုင်ရန်အတွက် များစွာ အကျိုးသက်ရောက်မှုရှိပါသည်။ မကြာခဏဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲများသည် ရွာသူ၊ ရွာသားများသည် မိမိတို့၏ကျေးရွာများမှ ယာယီစွန့်ခွါနေထိုင်ကြရသောကြောင့် ပညာရေးအတွက် ကြီးမားသော အနှောက်အယှက်ဖြစ်စေပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှပြုစုထားသော သတင်းမှတ်တမ်းများအရ မြန်မာ အစိုးရမှ ခန့်အပ်ထားသော ကျောင်းဆရာ၊ ဆရာမအချို့သည် ကျောင်းသူ၊ ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းများကြောင့် အဆိုပါ ဆရာ၊ ဆရာမများအပေါ် ယုံကြည်မှုနည်းပါးလာသည်ကို တွေ့ရှိရပါသည်။

မြန်မာအစိုးရကျောင်းများတွင်  စာသင်ယူနေသော  ကရင်နှင့်အခြားသောတိုင်းရင်းသားကျောင်းသားများသည်  ဘာသာစကားအပေါ် အခြေခံသောခွဲခြားဆက်ဆံမှုကို နေ့တိုင်းလိုလိုတွေ့ကြုံနေရသည်။ အကြောင်းမှာ ဘာသာရပ်များ ကို အတန်းထဲတွင် မြန်မာဘာသာဖြင့်သာ သင်ကြားပို့ချသောကြောင့်ဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းအရ ကရင်ဘာသာစကား၊ သမိုင်းနှင့် ယဉ်ကျေးမှုများကို အစိုးရကျောင်းများတွင် ၂၀၁၄ခုနှစ်မှ စပြီး သင် ကြားခွင့်ပြုခဲ့သော်လည်း ကရင်ဘာသာရပ်အား စာသင်ကြားချိန် ပြင်ပတွင်သာ သင်ကြားခွင့်ပြုထားသည်။ ထို့အပြင် ကရင်ဘာသာစကား သင်ကြားသော ဆရာ၊ ဆရာမများမှာနည်းပါးပြီး တစ်ချို့မှာမူ လစာမရကြပါ။ ထို့ကြောင့် ဤအခြေအနေသည် မူလ ဗမာစကားပြောကြားသည့် ဆရာ၊ ဆရာမများကို အလေးပေးခြင်းခံရစေပြီး ဒေသခံကရင်လူမျိုး များအား နစ်နာစေသည်သာမက ဒေသအတွင်း မြန်မာအစိုးရမှ တာဝန်ယူလုပ်ဆောင်နေသော ပညာရေးစနစ်များကြောင့် ကရင်ဘာသာစကားနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ခြိမ်းခြောက်မှု ဖြစ်စေပါသည်။

ကရင်ကျောင်းသားများသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်ရာ နယ်မြေဒေသများရှိကျောင်း များ၌ ဘာသာရပ်များကို မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရှိသည်။ သို့သော် ကရင်အမျိုးသားအစည်းအရုံး၏ ပညာရေးစနစ်နှင့် အခြားဒေသခံကျောင်းများတွင် ကျောင်းသုံးပစ္စည်းပရိဘောဂများ လုံလောက်မှုမရှိခြင်းနှင့် မြန်မာ အစိုးရ၏အသိမှတ်ပြုခြင်းခံရမှု မရှိပေ။ ”ကျွန်မတို့ရဲ့ကလေးတွေက ကေအဲန်ယူကျောင်းမှာအောင်သော်လည်း သူတို့ က အလုပ်ကောင်းကောင်း မရကြဘူး။ အစိုးရကျောင်းအောင်လက်မှတ်ရှိတဲ့သူတွေဘဲ အလုပ်ကောင်းကောင်း ရကြတယ်။” ဟု ဒူးပလာယာခရိုင်တွင်းရှိ ကရင်မိခင်တစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့သို့ ပြောကြားခဲ့ပါသည်။

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ကော်မတီသည် အမျိုးသမီး များအား စွမ်းရည်မြှင့်တင်ပေးခြင်း၊  ကလေးသူငယ်များအား  လိင်ပိုင်းဆိုင်ရာ  ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့်  ကလေးများအား အလုပ်သမားများအဖြစ် ခေါင်းပုံဖြတ်၍ အန္တရာယ်များသည့် အလုပ်များကို ခိုင်းစေခြင်းတို့မှ ကာကွယ်ပေးခြင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖွံဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းတို့အား လုပ်ဆောင်ရန် ပညာပေးသည့်လုပ်ရပ်များကို အသိအမှတ် ပြုထားပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့မှ ညွန်ကြားရေးမှူး နော်ထူးထူးမှ “မြန်မာနိုင်ငံတွင်ရှိတဲ့ ကလေးများအားလုံး အခမဲ့ဖြစ်ပြီး အရည်အသွေးမြှင့်မားသည့် ပညာရေးရရှိရန်အတွက် တိကျခိုင်မာသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကျပြီးဖြစ်တယ်။ အဲ့ဒီပညာရေးစနစ်ဟာ ကလေးတွေရဲ့မိခင်ဘာသာစကားနဲ့ လူမျိုးစုဖြစ်တည်မှုကို ဖွံ့ဖြိုးတိုး တက်လာအောင် မြှင့်တင်လုပ်ဆောင်ရမှာဖြစ်တယ်။ ပညာရေးတိုက်ပွဲမှာ ကျွန်မတို့တွေ ရှုံးရင် လူ့အခွင့်အရေးတိုက်ပွဲ မှာလည်း ရှုံးမှာဘဲ” ဟူ၍ ပြောကြားခဲ့ပါသည်။
 

Fri, 25 Jan 2019

ဆက်စပ်ဖတ်ရှုရန်

Pages