Fri, 18 May 2018
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဖာပွန်ခရိုင်နှင့် တောင်ငူခရိုင်အတွင်း ရွာသားများအပေါ်ပစ်ခတ်ခြင်း၊ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် နေရပ်ရွှေ့ပြောင်းနေရခြင်း

ဤသတင်းအကျဉ်းချုပ်သည် ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဖာပွန်ခရိုင်ရှိ ဘူးသိုနှင့်လူသောမြို့နယ် များနှင့် တောင်ငူခရိုင်ရှိ သံတောင်ကြီးမြို့နယ်တို့တွင် ဖြစ်ပွားနေသော လမ်းပြုပြင်ဖောက်လုပ်မှု၊ ရွာသားများအပေါ် ပစ်ခတ်မှု၊ တိုက်ပွဲများဖြစ်ပွားမှုနှင့် နေရပ်ရွှေ့ပြောင်းနေရမှုများစသည့် သတင်းအကြောင်းအရာများကို ရေးသားဖော်ပြထားပါ သည်။ 

  • ၂၀၁၈ ခုနှစ်အတွင်း တပ်မတော်တပ်သားများ၏ လှုပ်ရှားမှုများကြောင့်သော်လည်းကောင်း၊ တပ်မတော်နှင့် KNLA တို့အကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ခေးပူ၊ စောမူပလောနှင့် လယ်မူပလောကျေးရွာအုပ်စုများမှ ရွာသားပေါင်း ၂၂၉၅ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ တိုက်ပွဲအခြေအနေတင်းမာမှုများ ပို၍ဆိုးရွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် KNLA ၏ ခွင့်ပြုချက်မရရှိပဲ KNU ကန့်သတ်နယ်မြေထဲတွင် လမ်းကို ပို၍ကောင်းမွန်အောင် ပြုပြင်ဖောက်လုပ်ခြင်းနှင့် ၎င်းတို့၏တပ်သားစုများကို ဖွဲ့စည်းထားရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။   
  • တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ ကမ်းနီချောင်းဒေသတွင် ဗိုလ်မှူးပိုင်စိုးသိန်း ဦးဆောင်သော စစ်ကွပ် ကဲအခြေစိုက် (စကခ) လက်အောက်ခံဖြစ်သော တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၇)သည် ဗိုလ်မှူးလေးယာမူး ဦးဆောင်သော KNLA တပ်ရင်းအမှတ် (၅) လက်အောက်ခံ တပ်ခွဲအမှတ် (၁)မှ တပ် သားများကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညနေပိုင်း လေးနာရီအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။    
  • တောင်ငူ၊ ညောင်လေးပင်နှင့် ဖာပွန်ခရိုင်များမှ တပ်မတော်စစ်သားဦးရေ (၈၀၀) သည် လယ်မူးပလော ကျေးရွာအုပ်စုမှ ခေးပူကျေးရွာအုပ်စုသို့ ခြေကျင်ဖြင့်သွားရသည့်လမ်းကို ကားလမ်းအဖြစ် တိုးချဲ့ဖောက် လုပ်ခဲ့သည်။ အဆိုပါလမ်းသည် ထိုဒေသအတွင်းရှိ ဆားလော်ကျိုးတပ်စခန်းမှ ထော်မုပလဲ့မဲတပ်စခန်းသို့ လွယ်ကူစွာ သွားလာနိုင်ရန် ဆက်သွယ်ထားသည့်လမ်းဖြစ်သည်။ ဤလမ်းသည် စစ်လှုပ်ရှားမှုများအတွက် အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်ပါလိမ့်မည်။   
  • ၂၀၁၈ခုနှစ် ဧပြီလ ၅ရက် ညနေပိုင်း ၅း၁၀ နာရီတွင် စောအိုမူးသည် ထီးစီးထဒေသတွင် KNDO ဒုတပ်ခွဲမှူး ဗိုလ်ဆမ်းနှင့် အိမ်ကို ပြန်လာနေသည့်အချိန်တွင် တပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၃၅၁)၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် က--- ရွာမှ ရွာသားနှစ်ယောက်သည်လည်း ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့၌ ခ--- ရွာအနီးရှိ ကျိုးခို့ဒေသတွင် စကခ အမှတ် (၁၃)လက်အောက်ခံ ခမရ အမှတ် (၅၈၅)မှ ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အဆိုပါရွာသားများသည် ညောင်လေးပင်ခရိုင်တွင် စားစရာများဝယ်ယူရန်အတွက် တပ်မတော်အသုံးပြုသည့်လမ်းကို ဖြတ်သွားနေသည့်အချိန်တွင် ပစ်ခတ်ခြင်း ခံခဲ့ရသည်။[1] 

 

နိဒါန်း

၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)[2]   လက်မှတ်ထိုးပြီးသည့်အ ချိန်မှစ၍ ကရင်လူ့အခွင့်အရေးအဖွဲ့သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ပြိုကွဲထိခိုက်စေနိုင်မည့်အရာများနှင့် အကြမ်းဖက်မှုများတစ်ဖန် ပြန်လည်ဖြစ်ပွားမည်ကို ရွာသားများစိုးရိမ်ပူပန်နေရသည့် သတင်းအစီရင်ခံစာများကို လက်ခံရရှိခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့သည် KNU သတ်မှတ်ထားသည့်နယ်မြေခရိုင်များအားလုံးမှ လက်ခံရရှိခဲ့သည့် သတင်းအစီရင်ခံစာများအရ တပ်မတော်သည် ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုများကို ပိုမို၍ လုပ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုကို ထိခိုက်နိုင်သည့် လုပ်ရပ်များကို ချိုးဖောက်ကျုးလွန်ကြသည်ဟု ရွာသားများက ထင်မြင်သုံးသပ်ကြသည်။ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်မည့်လုပ်ရပ်များကို ဥပမာပြရမည်ဆိုလျှင် တပ်မတော်သည် KNU ကန့်သတ်ထားသည့် နယ်မြေများတွင်[3] ကျုးကျော်ဝင်ရောက်ခြင်း၊ ၎င်းတို့၏ တပ်အင်အားများကို တိုးချဲ့မြှင့်တင်ခြင်း၊ လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများစသည့် လုပ်ရပ် များကို လုပ်ဆောင်ကြသည်။ ထို့မျှမက တပ်မတော်သည် အရပ်သားများနေထိုင်သည့် နယ်မြေထဲတွင် လှည့်လည်၍ ၎င်းတို့၏လှုပ်ရှားမှုများကို ပိုမို၍တိုးချဲ့ခြင်း၊ တပ်စခန်းများကို ပိုမို၍ခိုင်မာအောင် ပြုလုပ် တည်ဆောက်ခြင်းနှင့် စားနပ်ရိက္ခာများကိုလည်း သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် တပ်မတော်သည် ရှည်လျားသောစစ်ပဋိပက္ခများအတွက် ပြင်ဆင်နေ ကြသည်ဟု ရွာသားများက ထင်မြင်ယူဆကြသည်။ ဤသတင််းအကျဉ်းချုပ်သည် ၂၀၁၈ခုနှစ် အစောပိုင်း ကာလ၌ တောင်ငူခရိုင်နှင့် ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် KNLA တို့အကြားတွင် တိုက်ပွဲများ မည်သို့ မကြာခဏဖြစ်ပွားခဲ့သည်ကို အဓိကဖော်ပြထားပါသည်။ ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ၂၀၁၈ခုနှစ် မတ်လ ၃ရက်နေ့ မှစ၍ ခေးပူ၊ စောမူပလောနှင့် လယ်မူပလောကျေးရွာအုပ်စုများမှ ရွာသားပေါင်း ၂၂၉၅ဦး အိုးအိမ်စွန့်ခွာ နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ ထိုကာလအတောအတွင်း လူသောမြို့နယ်တွင် ရွာသားများကို ပစ်သတ်ခဲ့သည့် အဖြစ်အပျက်နှစ်ရပ်လည်း ဖြစ်ပေါ်ခဲ့သည်။ ပထမဖြစ်ပျက်မှုတွင် ရွာသားများထွက်ပြေးလွတ်မြောက်ခဲ့သည့်အတွက် သေဆုံးမှုများ မရှိခဲ့ချေ။ ဧပြီလ ၅ရက်နေ့ ဒုတိယဖြစ်ပျက်မှုတွင် ရွာသားတစ်ဦး သေဆုံးခဲ့သည်။            

လူသောမြို့နယ်တွင် တပ်မတော်က ရွာသားများကို ပစ်ခတ်တိုက်ခိုက်ခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှစ၍ တောင်ငူခရိုင်မှ တပ်မတော် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၈၅)သည် လူသောမြို့နယ်တွင် ၎င်းတို့၏ စစ်ရေး လှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများတွင် စစ်သုံးကား ၂၅စီးကိုအသုံးပြု၍ စားနပ်ရိက္ခာများကို သယ်ယူပို့ဆောင်ကြသည့်အပြင် စစ်ကိရိယာတန်ဆာပလာများ၊ ဓါတ်ဆီနှင့် ဘူဒိုဇာကား တစ်စီးကိုလည်း သယ်ဆောင်လာခဲ့သည်။ စားနပ်ရိက္ခာများ၊ ဘူဒိုဇာကားနှင့် ဓါတ်ဆီများသည် လမ်းဖောက် လုပ်ရေးစီမံကိန်းအတွက် ပြင်ဆင်ထားသည့်အရာများဖြစ်သည်။    

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လူသောမြို့နယ်တွင်ရှိ ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ် တမ်းပြုစုသူတစ်ဦးမှ ပေးပို့ထားသော သတင်းအချက်အလက်များအရ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်း လေးနာရီအချိန်တွင် စကခ အမှတ် (၁၃) လက်အောက်ခံ ခမရ အမှတ်(၅၈၅)သည် ရွာသားနှစ်ဦးကို ပစ်ခတ်ခဲ့သည်။ က--- ရွာတွင် နေထိုင်သော အသက် ၄၀ အရွယ်ရှိ ရွာသားတစ်ဦးဖြစ်သည့် စောဂ--- နှင့် သူ၏သူငယ်ချင်း (အမည်မသိ)တစ်ဦးတို့သည် ညောင်လေးပင်ခရိုင်တွင် စားစရာများ ဝယ်ယူရန်အတွက် တပ်မ တော်အသုံးပြုသော ကားလမ်းကို ဖြတ်သွားနေသည့်အချိန်တွင် တပ်မတော်မှ ၎င်းတို့အားတွေ့ရှိခဲ့ပြီး စတင်ပစ် ခတ်ခဲ့သည်။ ၎င်းပစ်ခတ်မှုသည် ခ--- ရွာအနီး ကျိုးခို့ဒေသတွင် ဖြစ်ပွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဆိုပါရွာသားနှစ်ဦးသည် ချက်ချင်းထွက်ပြေးခဲ့ပြီး သေနတ်ကျည်ဆံများကို ရှောင်ရှားနိုင်ခဲ့သည့်အတွက် ကြောင့် ၎င်းတို့သည် အသက်ရှင်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယင်းပစ်ခတ်သည့်အမှုသည် ရွာသားများ၏ အသက်အန္တရယ်ကို ခြိမ်းခြောက်စေခဲ့သည့်အတွက်ကြောင့် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။[4]   

၂၀၁၈ ခုနှစ် ဧပြီလ ၅ရက်နေ့ ညနေပိုင်း ၅း၁၀ နာရီတွင် စောအိုမူးသည် ထီးစီးထဒေသတွင် KNDO ဒုတပ်ခွဲမှူး ဗိုလ်ဆမ်းနှင့် အိမ်ကို ပြန်လာနေသည့်အချိန်တွင် တပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၃၅၁)သည် ၎င်းအား ပစ်သတ်ခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုတစ်ဦးသည် စောအိုမူး ၏အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းထားသော အင်တာဗျူးအရ စောအိုမူးသည် ၎င်း၏အလုပ်နှင့်ပတ်သက်သော အစည်းအဝေးကို သွားရောက်ခဲ့ပြီး မင်္ဂလာဆောင်တစ်ခုကို ဆက်သွားနေသည့်အချိန်တွင် ပစ်သတ်ခံခဲ့ရသည်။[5]   

တောင်ငူနှင့် ဖာပွန်ခရိုင်များတွင် မကြာသေးမီက ဖြစ်ပွားခဲ့သောတိုက်ပွဲများ 

တောင်ငူ၊ ညောင်လေးပင်နှင့် ဖာပွန်ခရိုင်များမှ တပ်မတော်တပ်သားများ စုပေါင်းဖွဲ့စည်း၍ လယ်မူးပလော ကျေးရွာအုပ်စု၊ ဃ--- ရွာမှ ခေးပူကျေးရွာအုပ်စု၊ စောလော်ကျို့ဒေသသို့ ခြေလျှင်နှင့်သွားရသည့်လမ်းကို ကားလမ်းအဖြစ် တိုးချဲ့ဖောက်လုပ်ခဲ့သည်။ ဤလမ်းသည် ဆားလော်ကျိုးတပ်စခန်းမှ ထော်မူးပလဲ့မဲတပ်စခန်း သို့ ဆက်သွယ်ထားသည့်လမ်းဖြစ်သည်။ တောင်ငူနှင့်ညောင်လေးပင်ခရိုင်များမှ တပ်မတော်တပ်သားများသည် အဆိုပါလမ်းကို တိုးချဲ့ဖောက်လုပ်ရန်အတွက် တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ဖာပွန်ခရိုင်မှ တပ်မတော်တပ်သား များသည် လမ်းဖောက်လုပ်နိုင်ရန်အတွက် လုံခြုံရေးနှင့်ပတ်သက်သော တာဝန်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ဖောက်လုပ်နေသည့်လမ်းသည် KNLA ၏အုပ်ချုပ်ရေးနယ်မြေထဲတွင် ဖြစ်နေသောကြောင့် စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်သော သယ်ယူပို့ဆောင်မှုများ ပြုလုပ်ရန်အတွက် ထိုလမ်းကို တိုးချဲ့ဖောက်လုပ်ရန် တပ်မတော်အား ခွင့်မပြုချက်မပေးခဲ့ပေ။   

သို့သော်ငြားလည်း တပ်မတော်သည် KNLA ၏တားမြစ်ချက်ကို လေးစားလိုက်နာရမည့်အစား တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်များရှိ ၎င်းတို့တည်ရှိနေသည့်နေရာများကို တပ်အင်အားများ ပို၍ ထပ်ဖြည့်လာသည့်အပြင် လူသောမြို့နယ်ရှိ KNU ကန့်သတ်ထားသည့်နယ်မြေများတွင်လည်း ကျုးကျော်ဝင်ရောက်ခဲ့သည်။ ခရိုင်သုံးခု အတွင်းမှ တပ်မတော်တပ်အင်အား စုစုပေါင်းဦးရေ ၈၀၀ သည် စုပေါင်းဖွဲ့စည်းပြီး ၎င်းတို့အသုံးပြုမည့်လမ်းကို တိုးချဲ့ဖောက်လုပ်ခဲ့သည်။ ၎င်းလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် မြောက်များစွာသော တပ်မတော်စစ်သား များသည် KNU ကန့်သတ်ထားသည့်နယ်မြေများတွင် ဝင်ရောက်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် မတ်လမှစ၍ KNLA နှင့် တပ်မတော်ကြားရှိ တင်းမှုမှုများ ပို၍မြင့်မားလာခဲ့သည်။ ဤတင်းမာမှုများသည် ၂၀၁၈ ခုနှစ် မတ်လ ကတည်းကပင်စတင်ခဲ့ပြီး KNLA နှင့် တပ်မတော်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။[6] 

ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်းပြုစုတစ်ဦး၏ တင်ပြချက်အရ ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် တပ်မတော်စစ်သားများနှင့် KNLA နှင့်ပူးတွဲအဖွဲ့ဖြစ်သည့် ဒေသခံရွာလုံခြုံရေးအဖွဲ့တို့ကြားတွင် တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဖြစ်ပွားခဲ့ရသည့်အကြောင်းရင်းများမှာ မြောက်များစွာသော တပ်မတော် တပ်သားများသည် KNU ကန့်သတ်ထားသောနယ်မြေတွင် ဝင်ရောက်လာပြီး KNLA တပ်မဟာ (၅)၏ အုပ်ချုပ် ရေးနယ်မြေထဲမှာရှိသော ၎င်းတို့၏တပ်စခန်းများဖြစ်သည့် ဆားလော်ကျိုးတပ်စခန်းမှ ထော်မုပလဲ့မဲတပ်စခန်း သို့ ခြေလျှင်နှင့်သွားရသောလမ်းကို ကားလမ်းအဖြစ်အသုံးပြုရန် ထိုလမ်းကို တိုးချဲ့ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကစပြီး လူသောမြို့နယ်၊ လယ်မူးပလောနှင့် ခေးပူကျေးရွာအုပ်စုများတွင် ၂၀၁၈ ခုနှစ် မတ်လ ၅ရက် နေ့၌ တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး မတ်လ ၆ရက်နေ့တွင်  နှစ်ကြိမ်ဖြစ်ပွားခဲ့ပြန်သည်။ ထို့အပြင် မတ်လ ရရက် နေ့တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြန်သည်။     

တပ်မတော်သည် ဤလမ်းကို စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန်အတွက် အသုံးပြုခြင်းကြောင့် ထိုလမ်းသည် တပ်မတော်အတွက်သာ အသုံးဝင်အကျိုးပြုသည်ဟု တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရသော ရွာသားများက ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးကို တင်ပြခဲ့သည်။ အဆိုပါလမ်းသည် ရွာသားများ အတွက် အကျိုးဖြစ်ထွန်းမှု တစ်စုံတစ်ရာ ယူဆောင်လာခြင်းမရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းသည် စောမူပလော၊ လယ်မူပလောနှင့် ခေးပူကျေးရွာအုပ်စုဒေသများရှိ ရွာသားများ၏ လယ်ယာများ၊ တောင်ယာများနှင့် အများပိုင်သစ်တောများကို ဖြတ်ပြီး ဖောက်လုပ်ရသည့်လမ်းဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ဤလမ်းသည် ဒေသခံရွာသားများ၏အကျိုးအတွက် ရည်ရွယ်ပြီးဖောက်လုပ်မည်ဆိုလျှင် တပ်မတော်က စားစရာသွားဝယ်ရန် အတွက် ဤလမ်းကို ဖြတ်သွားခဲ့သည့် ရွာသားနှစ်ယောက်ကို အဘယ့် ကြောင့် ပစ်ခတ်ခဲ့ရသနည်းဟု ဒေသခံများက မေးခွန်းများထုတ်နေကြသည်။ 

နောက်တဖန်၂၀၁၈ ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ခေးပူကျေးရွာအုပ်စုတွင်လှုပ်ရှားနေသည့် တပ်မတော်တပ်ရင်း လေးရင်းထဲက တပ်ရင်းတစ်ရင်းနှင့် KNLA တို့သည် ဝေးဒေးဆိုသည့်နေရာဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ 

ဒွယ်လိုးမြို့နယ်ရှိ ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်းပြုစုသူတစ်ဦး၏ တင်ပြချက်အရ ၂၀၁၈ ခုနှစ် အစောပိုင်းကာလတွင် တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၂၀၃)သည် မယ်ပရီ၊ လေးဖိုးထနှင့် ထီးသဒေါထ ကျေးရွာအုပ်စုများရှိ အရပ်သားများနေထိုင်သောဒေသများတွင် လှည့်လည်သွားလာနေ၍ ၎င်းတို့၏ စစ်ရေး လှုပ်ရှားမှုများကို ပိုမိုပြုလုပ်လာခဲ့သည့်အပြင် KNU ကန့်သတ်ထားသောနယ်မြေများတွင်လည်း မကြာခဏ ကျုးကျော်ဝင်ရောက်လာသည်။ တပ်မတော်သည် ကန့်သတ်ထားသည့်နယ်မြေအတွင်း မကြခဏ ကျူးကျော် ဝင်ရောက်လာသည့်အတွက်ကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၁၅ရက်တွင် တပ်မတော် ခြေမြန်တပ်မ အမှတ် (၂၂) လက်အောက်ခံ ခြေမြန််တပ်ရင်း အမှတ် (၂၀၃) နှင့် KNLA တပ်ရင်းအမှတ် (၁၀၂) လက်အောက်ခံ KNLA တပ်ခွဲအမှတ် (၃) ကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ကျည့်ခီး (မီးဇိုင်း)၊ လေးဖိုးထကျေးရွာအုပ်စုများနှင့် ဝါ့သိုးခို့ကျေးရွာအုပ်စုကြားတွင် ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲများဖြစ်ပွားနေစဉ် တပ်မတော်စစ်သားနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု င--- ရွာသားများက ကရင်လူ့အခွင့်အရေးအဖွဲ့မှ သတင်းမှတ်တမ်းပြုစုသူတစ်ဦးကို တင်ပြခဲ့သည်။ တပ်မတော်သည် ဝါ့သိုးခို့ ကျေးရွာနားရှိ KNLA စစ်ဆေးရေးဂိတ်ကိုလည်း မီးရှုံ့ဖျက်ဆီးခဲ့သည်။[7]  

တပ်မတော် မြေမြန်တပ်ရင်း အမှတ် (၂၀၃) သည် ၎င်းတို့၏တပ်အင်အားအယောက် ၅၀ ကျော်ကို ဦးဆောင်ပြီး KNLA တပ်ခွဲအမှတ်(၃)၏ခွင့်ပြုချက်မရရှိဘဲ လင--- ရွာသို့ ဝင်ရောက်လာသည့်အတွက်ကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ခြေမြန်တပ်ရင်း အမှတ် (၂၀၃) သည် ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ယူ၍ သူတို့ကိုယ်စား KNLA တပ်ခွဲအမှတ် (၃) ကို သွားတွေ့ဆုံရန် အမိန့်ပေးခိုင်းစေခဲ့သည်။ င--- ရွာကို သွား ရောက်လိုရန်အတွက် ခွင့်ပြုချက်ရရှိရန် တပ်မတော်က KNLA ကို တွေ့ဆုံချင်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး က KNLA ကို အကြောင်းကြားခဲ့ရသည်။

သို့သော်ငြားလည်း KNLA အာဏာပိုင်များသည် တပ်မတော်အား တွေ့ဆုံရန် ငြင်းဆိုခဲ့သည်။ KNLA အာဏာပိုင်များ၏ ပြောပြချက်အရ 

“အရင်တုန်းကဆိုရင် ကျွန်တော်တို့ဟာ သူတို့ [တပ်မတော်] နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ရတယ်။ သူတို့နဲ့တွေ့ဆုံ တဲ့အခါတိုင်းမှာ သူတို့က ကျွန်တော်တို့ကို ကျေးရွာဒေသတွေမှာ သွားရောက်ဖို့ တွေ့ဆုံခွင့်တောင်းကြတယ်။ ဒါပေမဲ့ အဲဒီကျေးရွာဒေသတွင်ဆီမှာ သူတို့မသွားသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာတွေဟာ KNLA ရဲ့ တားမြစ်ကန့်သတ်ထားတဲ့ နေရာတွေဖြစ်တယ်။ သူတို့ဟာ KNLA တားမြစ်ကန့်သတ်ထားတဲ့နေရာတွေကို သွားဖို့အတွက် အကြိမ်ပေါင်းများစွာ တွေ့ဆိုခွင့်တောင်းခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ကျွန် တော်တို့တွေ သူတို့ကို သွားတွေ့လိမ့်မယ်မဟုတ်ဘူး။ သူတို့ရဲ့တောင်းဆိုမှုတွေကိုလည်း လက်မခံတော့ဘူး။ အပစ်အခတ်ရပ်စဲရေးကာလမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုနယ်မြေအတွင်းမှာပဲ သွားလာနေ ထိုင်သင့်တယ်။”[8]  

မည်သို့ပင်ဖြစ်စေ တပ်မတော်သည် KNLA ၏ခွင့်ပြုချက်ကို လက်ခံရရှိခြင်းမရှိခဲ့သော်လည်း င--- ရွာကို သွားရောက်ခဲ့သည်။ တပ်မတော်သည် င--- ရွာသို့ သွားနေစဉ်အတွင်း KNLA စစ်ဆေးရေးဂိတ်နား ရောက်ခါနီး အချိန်တွင် KNLA စစ်သားများက သူတို့အား စတင်ပစ်ခတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် KNLA တားမြစ်ကန့်သတ်ထားသည့်နေရာများတွင် ဝင်ရောက်ကျူးကျော်သောကြောင့်ဖြစ်ပါသည်။  

ထိုမျှမက တောင်ငူခရိုင်ရှိ တပ်မတော်သည် ၂၀၁၈ ခုနှစ် အစောပိုင်းကာလမှစ၍ ၎င်းတို့၏ စစ်လှုပ်ရှားမှုများကို လည်း ပိုမို၍ပြုလုပ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တပ်မတော်မှဖောက်လုပ်ခဲ့သော သံတောင်မြို့နှင့် လိပ်သိုမြို့ကြားရှိ လမ်းကို ပို၍ကောင်းမွန်အောင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် ၎င်းတို့က စတင်၍ ချဲ့ထွင်းပြုပြင်ခဲ့သည်။ ၎င်းလမ်းကို ပြုပြင်ချဲ့ထွင်းနေစဉ်ကာလအတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက် နိုင်ရန်အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) လက်အောက်ခံဖြစ်သော ခြေလျင်တပ်ရင်း အမှတ် (၂၆) နှင့် စစ်ကွပ်ကဲအခြေစိုက် အမှတ် (၆) လက်အောက်ခံဖြစ်သည့် ခြေမြန်တပ်ရင်း အမှတ် (၆၀၇) သည် တပ်အင်အားများ ပို၍ဖြည့်ဆည်းလာခဲ့သည်။ သံတောင်ကြီးမြို့နယ်မှ ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်း မှတ်တမ်းပြုစုသူတစ်ဦး၏ တင်ပြချက်အရ တပ်မတော်သည် စစ်လှုပ်ရှားမှုများအသုံးပြုရန်အတွက် ၎င်းလမ်းကို ပြုပြင်ဖောက်လုပ်ခြင်းမစတင်မီ ၎င်းတို့သည် KNLA အား ကြိုတင်အကြောင်းကြားခြင်း မရှိခဲ့ပေ။ ၎င်းလမ်းကို ပြုပြင်ဖောက်လုပ်နေစဉ်ကာလအတွင်း တပ်မတော်သည် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် စစ်သားဦးရေများ ပို၍ချထားခဲ့သည်ဟု ဆိုသည်။ သို့စေကာမူ တပ်မတော်သည် KNLA ထိန်းချုပ်သည့်နေရာဒေသများနှင့် အရပ်သားများနေ ထိုင်သောနေရာများတွင် လှည့်လည်လှုပ်ရှားရန်အတွက် ၎င်းတို့၏တပ်အင်အားများကို ပိုမို၍ချထားခဲ့သည်ဟု ရွာသားများက တင်ပြခဲ့သည်။   

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဗိုလ်မှူးစောလေးယာမူး ဦးဆောင်သော KNLA တပ်ရင်းအမှတ် (၅) လက်အောက်ခံ KNLA တပ်ခွဲအမှတ် (၁) နှင့် KNU သစ်တောအရာရှိမှူးများသည်  သစ်ထုတ်လုပ်မှုတွင် စီးပွား ရှင်တစ်ဦးဖြစ်သည့် ဝင်းအောင်သည် ၎င်းသစ်ထုတ်ခဲ့သော သစ်တောဒေသတွင် သွားရောက်ခဲ့သည်ကို ဗိုလ်မှူး ပိုင်စိုးသိန်း ဦးဆောင်သော ခြေမြန်တပ်ရင်း အမှတ် (၆၀၇) က သိရှိခဲ့ရသည်။ အဆိုပါဝင်းအောင်သည် ၂၀၁၆ ခုနှစ်တွင် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရယူခဲ့ပြီး ထိုသစ်တောများကို သစ်ထုတ်လှုပ်မှုများပြုလုပ်ခဲ့သည်။ KNLA နှင့် KNU သစ်တောအရာရှိမှူးများသည် ဝင်းအောင်ပြုလုပ်သည့်သစ်ထုတ်လုပ်မှုကို တားမြစ်ရန်အတွက် ထိုဒေသတွင် သွားရောက်ခဲ့သည်။ ဤလုပ်ရပ်သည် သစ်ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများကို တားဆီးရန်အတွက် သစ်တောများပြန်လည်ထိန်းသိမ်းရန် များစွာ အထောက်အကူဖြစ်စေသည်။ မည်သို့ပင်ဖြစ် စေကာမူ ခြေမြန်တပ်ရင်း အမှတ် (၆၀၇)သည် ထိုအခြင်းအရာကို သိရှိပြီးသည့်နောက်ပိုင်းတွင် ၎င်းတို့သည် သံတောင်ကြီးမြို့နယ်၊ စ--- ရွာနှင့် ဆ--- ရွာကြားတွင်တည်ရှိသော ကမ်းနီချေင်းဒေသတွင် ချီတက်ရောက်ရှိ လာပြီး ညနေခင်း လေးနာရီအချိန်တွင် KNLA စစ်သားများကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။[9]   

ထို့အပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ခြေမြန်တပ်ရင်း အမှတ် (၆၀၇) မှ တပ်မတော်စစ်သားများ သည် ၎င်းတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ပြန်လာခဲ့ပြီး ရှောက်ပင်ချောင်းကျေးရွာအုပ်စုရှိ ဇ---ရွာသားနှစ်ဦး အား လမ်းပြအဖြစ် ဆောင်ရွက်ပေးရန် အတင်းအကြပ်ခိုင်းစေခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်း မှတ်တမ်းပြုစုတစ်ဦးက လမ်းပြအဖြစ် ဆောင်ရွက်ပေးရန် အတင်းအဓမ္မခိုင်းစေခံခဲ့ရသော ရွာသားများနှင့် သွားရောက်တွေ့ဆုံမေးမြန်းသည့်အခါတွင် တပ်မတော်သည် ၎င်းတို့အား တစ်ရက်တာအတွက် မည်သည့်စားစ ရာများ ပေးကမ်းခြင်းမရှိခဲ့သည်ဟု အဆိုပါရွာသားများက ပြောပြခဲ့သည်။ တောင်ငူခရိုင်ရှိ ကရင်လူ့အခွင့်အရေး အဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ ရေသားတင်ပြခဲ့သော အစီရင်ခံစာအရ-

“သူတို့ဟာ တပ်မတော် အဖွဲ့နှစ်ဖွဲ့ကြားမှာ အဆက်အသွယ်လုပ်ပေးခဲ့ရတယ်။ သူတို့နှစ်ယောက်ဟာ တပ်မ တော်စစ်သားအယောက် ၂ဝရဲ့အရှေ့မှာ  လမ်းပြအဖြစ် သွားခဲ့ရတယ်။ သူတို့ဟာ လမ်းပြအဖြစ်ဆောင်ရွက်ပေး ပေမဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းတွေ ဘာမှမသိခဲ့ဘူး။ ညဖက်ရောက်တော့ သူတို့ပြန်လာခဲ့တယ်။ ဗိုလ်မှူး ပိုင်စိုးသိန်းက သူတို့နှစ်ယောက်ကို ပိုက်ဆံ ၂၀၀၀ ကျပ်စီ ပေးခဲ့ပြီး အဲဒီဗိုလ်မှူးက သူတို့ကိုပြောတယ်။ ဒီပိုက်ဆံက အရက်ဖိုးအတွက်ပဲဖြစ်တယ်။”[10]  

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ပစ်ခတ်ရပ်စဲရေးကာလအတွင်း (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။ သို့သော် တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ သည် NCA သဘောတူစာချုပ်တွင်၏ အခန်း(၃)၊ အပိုင်း(၅)၊ အမှတ်စဉ်(က)တွင် ပါဝင်သော စောင့် ထိန်းရမည့် စည်းကမ်းချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပေ။ ၎င်းအခန်း(၃)၊ အပိုင်း(၅)၊ အမှတ်စဉ်(က) တွင် ဖော်ပြထားသည်မှာ “အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက် ခိုက်မှုများ၊ ရုပ်ဝတ္တုပစ္စည်းများဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်”  ဖြစ်ပါသည်။[11]   

တပ်မတော်သည် KNU ကန့်သတ်နယ်မြေအတွင်း ကျုးကျော်ဝင်ရောက်ခြင်းနှင့် အပစ်ခတ်ရပ်စဲရန် သတ်မှတ် ထားသည့်နယ်မြေများတွင် ၎င်းတို့၏တပ်အင်အားများကို ပို၍တိုးချဲ့လုပ်ဆောင်ခြင်းအပါအဝင် NCA ၏ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းချက်များကို ချိုးဖောက်နေသည့် သတင်းအစီရင်ခံစာများကို ကရင်လူ့အခွင့် အရေးအဖွဲ့မှ မကြာခဏ လက်ခံရရှိခဲ့သည်။ အဆိုပါ NCA ကို ချိုးဖောက်သည့်လုပ်ရပ်များမှာ လူသောမြို့နယ်ရှိ ဒေသခံရွာသား ၂၂၉၅ ဦးသည် ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာ၍ ရွှေ့ပြောင်းစေသည့် ဖြစ်ရပ်များဖြစ်သည်။      

လူသောမြို့နယ်ရှိ ရွာသားများ နေရပ်ရွှေ့ပြောင်းခံရခြင်း

တပ်မတော်သည် အရပ်သားပြည်သူများအား အကြမ်းဖက်ခြင်း စသည့်လုပ်ရပ်များသည် အောက်တွင်ဖော်ပြ ထားသည့် NCA ၏ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းချက်ကို ချိုးဖောက်စေသည်။ ၎င်းမှာ-

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အရပ်သားများကို အကာအကွယ်ပေးခြင်း နှင့် စပ်လျဉ်းသည့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန်သဘောတူထားသည်မှာ- “ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သောပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊ အရပ်သားများကို သတ်ဖြတ်ခြင်း မပြုလုပ်ရန်နှင့် ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြလုပ်ရန်” တို့ဖြစ်သည်။[12]  

ဤအကြောင်းအရာတစ်ပိုဒ်သည် တပ်မတော်မှ NCA သဘောတူညီချက်တွင် လိုက်နာဆောင်ရွက်ရမည့် စည်း ကမ်းချက်များအား မည်သို့ချိုးဖောက်ခဲ့သည်ကို ဖော်ပြလိမ့်မည်ဖြစ်သည်။ 

၁၉၇၅ ခုနှစ်တွင် လူသောမြို့နယ်ရှိ  ရွှေ့ပြောင်းခံခဲ့ရသော ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များသည် ယနေ့အ ချိန်ထိ ၎င်းတို့၏မူလရပ်ရွာများတွင် ပြန်လာနေထိုင်နိုင်ခြင်း မရှိသေးပေ။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ သည် ၎င်းတို့နေထိုင်သည့်ဒေသများတွင် လှုပ်ရှားနေသော တပ်မတော်စစ်သားများကို ကြောက်ရွံ့ကြပြီး အခြေအနေများသည် ၎င်းတို့အတွက် နေရပ်ပြန်လည်နေထိုင်ရန် လုံခြုံစိတ်ချမှုမရှိဟု ယုံကြည်ကြသည်။ ဒေသခံရွာသားများသည် ၎င်းတို့မူလရပ်ရွာများအနားနှင့်နီးသော တပ်မတော်စစ်တပ်စခန်းများကို ၎င်းတို့ရွာများနားမှ ဆုတ်ခွာဖယ်ရှားပေးရန် တပ်မတော်အား တောင်းဆိုဆန္ဒပြပွဲများသော်လည်းကောင်း ဆုတောင်းပွဲများသော် လည်းကောင်း ပြုလုပ်ကျင်းပခဲ့သည်။[13] မည်သို့ပင်ဖြစ်စေ တပ်မတော်သည် ၎င်းတို့၏စစ်တပ်စခန်းများကို ဖယ်ရှားခြင်းများ မပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့၏တပ်အင်အားများကို ပိုမို၍ ချထားခဲ့သည်။ လူသောမြို့နယ်ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်အများစုသည် ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း တွင် ၎င်းတို့၏မူလရပ်ရွာများသို့ ပြန်လည်အခြေချနေထိုင်ခဲ့ချင်ကြသည်။[14]  သို့သော်ငြားလည်း ၎င်းတို့၏ မူလ ရပ်ရွာများတွင် ပြန်လာနေထိုင်နိုင်မည့်အစား ၂၀၁၈ ခုနှစ် မတ်လတွင် ရွာသားများ ၂၂၉၅ ဦးသည် ရာစုနှစ်ဝက် အတွင်း ဒုတိယအကြိမ် နေရပ်ရွှေ့ပြောင်းခဲ့ရပြန်သည်။ 

လူသောမြို့နယ်ရှိ တပ်မတော်မှ ဖောက်လုပ်ထားသော လမ်းဧရိယာများအနီးနားတွင် နေထိုင်ကြသော ရွာသား များသည် တပ်မတော်စစ်သားများမှ ၎င်းတို့အား တစ်စုံတစ်ရာပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ အိုးအိမ်များကို စွန့်ခွာ၍ ရွှေ့ပြောင်းခဲ့ရသည်။ လူသောမြို့နယ် အရှေ့ပိုင်းဒေသရှိ ရွာသားများ နေရပ်ရွှေ့ပြောင်း နေထိုင်ရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ ၎င်းတို့သည် တပ်မတော်စစ်သားများအား အလွန်တရာ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က ရွာသားများသည် တပ်မတော်၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ အဘယ်ကြောင့်ဆို သော် ၎င်းတို့သည် တပ်မတော်မှ ပြုလုပ်ခဲ့သော ဆိုးရွားသည့်လုပ်ရပ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်အခါတွင် ရွာသားများသည် တပ်မတော်စစ်တပ်များမှ ၎င်းတို့နေထိုင်သည့် ဒေသဧရိယာ အတွင်း ဝင်ရောက်လာနေသည်ကို ကြားသိရှိရလျှင် ချက်ချင်းထွက်ပြေးရွှေ့ပြောင်းရွှေ့ကြရသည်။   

အဆိုပါနေရပ်ရွှေ့ပြောင်းခံရမှုများ ဖြစ်ပွားခြင်းသည် ၂၀၁၈ ခုနှစ် မတ်လအတွင်း တပ်မတော်နှင့် ရပ်ရွာလုံခြုံ ရေးတပ်ဖွဲ့၊ KNLA စစ်သားများအကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်လည်း ဖြစ်ပါသည်။ ၎င်းဖြစ်ပွားခဲ့သော တိုက်ပွဲများသည် လူသောမြို့နယ်ရှိ ခေးပူ၊ စောမူပလောနှင့် လယ်မူပလောကျေးရွာအုပ်စုများတွင်  နေထိုင်ကြသော ရွာသားများကို နေ ရပ်ရွှေ့ပြောင်းခံရမှုများ ဖြစ်စေပါသည်။ လူသောမြို့နယ်ရှိ အဆိုပါ ကျေးရွာအုပ်စုများမှ ရွာသားများအားလုံးပေါင်း ၂၂၉၅ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ ရွှေ့ပြောင်းခြင်းခံခဲ့ရသော ရွာသားများ၏ ရွာများမှာ ဖာပွန်ခရိုင်၊ လူသောမြို့ နယ်၊ ခေးပူ ကျေးရွာအုပ်စုရှိ ဈ---၊ ည---၊ တ---၊ ထ---နှင့် ဒ--- ရွာများ၊ စောမူးပလောကျေးရွာအုပ်စုမှ ဓ---၊ န--- နှင့် လ--- ရွာများအပါအဝင် လယ်မူးပလောကျေးရွာအုပ်စုမှ ဝ---၊ ဃ--- နှင့် ဘ--- ရွာများဖြစ်ကြသည်။ ရွှေ့ပြောင်းခဲ့ရသော ရွာသားပေါင်း ၂၂၉၅ ဦးတွင် ၁၁၃၃ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၁၁၆၂ ဦးမှာ အမျိုးသားများ ဖြစ်ကြသည်။ ခေးပူကျေးရွာအုပ်စုမှ ရွှေ့ပြောင်းခံရသည့် ရွာသားဦးရေစုစုပေါင်း ၁၁၇၄ဦး နှင့် စောမူးပလောကျေးရွာအုပ်စုမှ ၃၆၈ ဦးရှိပြီး လယ်မူးပလောကျေးရွာအုပ်စုမှ ၇၅၃ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ အထက်ဖော်ပြသော ရွာပေါင်း ၁၂ရွာမှ ရွှေ့ပြောင်းခံရသော ရွာသားများ၏ အရေအတွက်သည် ၎င်းတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများဖြစ်ပွားခြင်းသော်လည်းကောင်း တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခြင်းကြောင့်သော်လည်း ကောင်း နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူများဖြစ်သည်။[15]   

ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် အခြားသော ကရင်လူထုအဖွဲ့အစည်းများ၏ တင်ပြချက်အရ ကျောင်းသားများ အပါအဝင် ရွာသားများသည် ၂၀၁၈ခုနှစ် မတ်လ ၃ရက်နေ့မှစ၍ ၎င်းတို့၏ အိုးအိမ်များကိုစွန့်ခွာ၍ ထွက်ပြေးခဲ့ရ ပြီး ၂၀၁၈ခုနှစ် မတ်လ ၁၆ရက်နေ့အထိ ၎င်းတို့သည် တောင်ကြားများရှိနေရာများနှင့် လူနေဝေးသော တော ထဲများတွင် နေစရာအမိုးအကာများကို ရှာဖွေပြုလုပ်နေရဆဲဖြစ်သည်။ ၎င်းတို့သည် အဝတ်အစားတစ်ချို့နှင့် ဆန်အနည်းငယ်ကိုသာ ယူဆောင်နိုင်ခဲ့သည်။ အချို့ရွာသားများသည် ၎င်းတို့၏ကျွှဲများကိုလည်း ယူဆောင်သွား ခဲ့သည်။  လယ်မူပလောကျေးရွာအုပ်စုမှ ရွှေ့ပြောင်းခံရသောရွာသားများသည် မမ---၊ ဗဗ---၊ အအ---၊ ကက---၊ လန---နှင့် ထထ--- ဒေသများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ခေးပူကျေးရွာအုပ်စုမှ ရွာသားများသည်လည်း လလ---၊ ဌ---၊ ပပ---၊ ဇဇ---နှင့် ဏ---ဒေသများတွင် ရွှေ့ပြောင်းခဲ့ရသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်း ပြုစုသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လတွင် ရွာသားများ ရွှေ့ပြောင်းနေခဲ့ရကတည်းက ဒေသခံကျောင်းများအားလုံး ပိတ်ပင်ခဲ့ရသည်။ ၎င်းကျေးရွာအုပ်စုသုံးစုမှ ကျောင်းသားများအားလုံးသည် သူတို့၏ မိဘများနှင့်အတူ နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ ထို့အတွက်ကြောင့် လယ်မူပလောကျေးရွာအုပ်စုရှိ ဘဘ---၊ နန---၊ ဃဃ---နှင့် ဥ--- ရွာများမှ ကျောင်းသားများသည် ၎င်းတို့၏ အတန်းတင်စာမေးပွဲများ ဖြေဆိုရန် မပြီးနိုင်သည့်အတွက်ကြောင့် ၂၀၁၇-၂၀၁၈ ကျောင်းပညာရေးနှစ်ကို ပြီးဆုံးအောင် သင်ယူနိုင်ခြင်း မရှိခဲ့ပေ။ ကျောင်းသားမိဘများသည်လည်း အကယ်၍ ၎င်းတို့နေရပ်ပြန်လာနိုင် ခြင်းမရှိပါက ၎င်းတို့၏ သားသမီးများ လာမည့်ပညာသင်နှစ်တွင် ပညာသင်ကြားနိုင်ခြင်းရှိလိမ့်မည်မဟုတ်ဟု စိုးရိမ်ပူပန်နေရပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ရက်နေ့၌ ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်းပြုစုသူတစ်ဦး၏ နောက်ဆုံးတင် ပြချက်အရ ရွှေ့ပြောင်းရွာသားများသည် သက်တောင့်သက်သာမှုမရှိသည့် တဲအိမ်များတွင် နေထိုင်ကြရပြီး အစာရေစာမလောက်ငှမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ အချို့သောသူများသည် ငှက်ဖျားနှင့်ချောင်းဆိုး ခြင်းစသည့် ဖျားနာမှုများကို ရရှိခံစားနေရပါသည်။ ၎င်းအခြေအနေသည် ပို၍ ဆိုးလာပါသည်။ အဘယ်ကြောင့် ဆိုသော် ရွာသားများသည် ရွှေ့ပြောင်းနေရသည့်အချိန်ကာလအတောအတွင်းတွင် ကျန်းမာရေးကုသမှုနှင့် စားနပ်ရိက္ခာများ လုံလုံလောက်လောက် ရရှိမှုမရှိခြင်းကြောင့်ဖြစ်သည်။ သို့သော် ရွာသားများသည် ၂၀၁၇ ခုနှစ်တွင် ၎င်းတို့လယ်ယာ၊ တောင်ယာများမှ စိုက်ပျိုးထားခဲ့သည့်ဆန်၊စပါးများကို ၎င်းတို့ရပ်ရွာများတွင် သိုလှောင်သိမ်းဆည်းခဲ့ပြီး ထိုဆန်စပါးများကို သွားရောက်သယ်ဆောင်လာနိုင်ရန်အတွက် ၎င်းတို့လုံခြုံရေးကို တာဝန်ယူပေးရန် KNLA နှင့် ရပ်ရွာလုံခြုံရေးတပ်ဖွဲ့များအား  အကူအညီတောင်းခံမှုများ စသည့်နည်းလမ်းများကို အသုံးပြုခဲ့သည်။ ရွာသားများသည် ၎င်းတို့သိုလှောင်ထားသည့် ဆန်စပါးများကို ၎င်းတို့နေထိုင်သည့် ရွှေ့ပြောင်း ဒုက္ခသည်စခန်းများသို့ သယ်ဆောင်လာနိုင်ရန်အတွက် ၎င်းတို့ရပ်ရွာများတွင် လျှို့ဝှက်စွာ ပြန်လာခဲ့ရပြီး တောထဲတွင် ၎င်းတို့သိုလှောင်ဝှက်ထားသည့် ဆန်စပါးများကိုလည်း သယ်ဆောင်လာခဲ့သည်။ သို့သော် တချို့သော ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များသည် ၎င်းတို့ဆန်၊စပါးများကို သယ်ယူနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့စပါးအုံများသည် တပ်မတော်စစ်တပ်များနှင့် နီးစပ်သောကြောင့် သွားရောက်သယ်ဆောင်လာရန် ၎င်းတို့အတွက် အခက်အခဲဖြစ်စေပါသည်။ ဤအခြအနေတွင် ရွာသား များသည် တစ်ဦးပေါ်တစ်ဦး အချင်းချင်း အပြန်အလှန် ဆန်၊စပါးများနှင့် အခြားသော လိုအပ်သည့်ပစ္စည်းများကို ချေးယူနေရပါသည်။

ရွာသားများသည် ၎င်းတို့သိမ်းဆည်းထားသည့် ဆန်၊စပါးများ ကုန်သွားမည်ဆိုပါက နောက်လာမည့်ရက်၊လများ တွင် မည်သို့အသက်ရှင်သန်ရမည်ကို အထူးစိုးရိမ်နေမိပါသည်။ ရွာသားများအသက်ရှင်နေထိုင်နိုင်ရန်အတွက် ၎င်းတို့၏အခက်အခဲများသည် ၎င်းတို့ကို စိုးရိမ်ကြောင့်ကြမှုများဖြစ်စေသည်။ ထို့အပြင် ရွှေ့ပြောင်းခဲ့ရသော ရွာသားများသည် ၎င်းတို့လယ်ယာမြေများ၊ တောင်ယာများနှင့် မွေးမြူထားသည့် တိရိစ္ဆာန်များကို ထားခဲ့ရသည်။ ဤအခြေအနေများတွင် ရွာသားများသည် ၎င်းတို့မွေးမြူထားသည့် တိရိစ္ဆာန်များ အသတ်ခံရမည်ကို စိုးရိမ်နေရ သည့်အပြင်် ၎င်းတို့သည် မြေမြှုပ်မိုင်းများကို နင်းမိမည်ကိုလည်း စိုးရိမ်နေရပါသည်။ ထို့ပြင် တပ်မတော်မှလည်း ၎င်းတို့၏ ဆန်စပါးအုံများကို မီးရှုံ့ပစ်မည်ကိုလည်း စိုးရိမ်နေရသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ရွာသားများသည် ရာသီဥတုအပြောင်းအလဲကြောင့် ၎င်းတို့ဆောက်လုပ် ထားသည့် ယာယီတဲများတွင် နေထိုင်ရန် အခက်အခဲများဖြစ်စေသည့် သတင်းအကြောင်းအရာများကို ကရင်လူ့ အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးက အစီရင်ခံစာတင်ပြခဲ့သည်။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခ သည်များသည် ၎င်းတို့၏တဲအိမ်များကို ပလက်စတစ်၊ သစ်ကိုင်းများနှင့် မိုးရေဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိသည့် အခြားသော ကိရိယာများတို့ဖြင့်သာ တည်ဆောက်ခဲ့ရသည်။ ထို့ကြောင့် Free Burma Ranger (FBR) အဖွဲ့ နှင့်  ပြည်တွင်းရွှေ့ပြောင်းကရင်ဒုက္ခသည်များကော်မတီ (CIDKP) တို့သည် တာလာပတ်များကို ဖြန့်ဝေ၍ အရေးပေါ်လိုအပ်ချက်များကို ကူညီထောက်ပံ့ခဲ့သည်။ ၎င်းလိုအပ်သည့်ကိရိယာတန်ဆာပလာများကို ဌဌ--- ရွာရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းသို့ ပေးပို့ရန် လမ်းတစ်ဝက်တွင်သာ ရောက်ရှိနေခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်းပြုစုသူများသည် ၂၀၁၈ ခုနှစ် မတ်လအကုန်တွင် ၎င်းပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာနေစဉ် အမည်မသိအလှူရှင်များမှ ထောက်ပံ့သည့် ဆေးဝါးအိတ် ဆယ်အိတ်ကို KNLA ကျန်းမာရေးလုပ်သားများက ပြည်တွင်းဒုက္ခသည်စခန်းသို့ သယ်ယူပို့ဆောင် ခဲ့သည်။ 

ထို့အပြင် တတိယနိုင်ငံများသို့ သွားရောက်အခြေချသည့် ကရင်လူမျိုးများသည် လူသောမြို့နယ်ရှိ ပြည်တွင်း ဒုက္ခသည်များကို ငွေကြေးအားဖြင့် ကူညီလှူဒါန်းခဲ့သည်။ ၎င်းငွေကြေးထောက်ပံ့မှုများသည် ဖာပွန်ခရိုင်အာဏာ ပိုင်များထံ ရောက်ရှိသော် ၎င်းတို့သည် အခြေအနေကို အကဲဖြတ်ဆန်းစစ်ရန် စောင့်ဆိုင်းနေရသောကြောင့် ၎င်းငွေကြေးထောက်ပံ့မှုကို ပြည်တွင်းဒုက္ခသည်စခန်းသို့ ဝေငှလှူဒါန်းပေးခြင်း မရှိသေးပေ။ အာဏာပိုင်များ သည် ရွှေ့ပြောင်းဒုက္ခသည်များအား ငွေကြေးများပေးမည့်အစား ၎င်းတို့အတွက် စားနပ်ရိက္ခာများ ဝယ်ယူရန် သင့်မသင့် ဆုံးဖြတ်နေရခြင်းဖြစ်သည်။ ရွှေ့ပြောင်းရွာသားများသည် ၂၀၁၈ ခုနှစ် မတ်လမှစ၍ ၎င်းတို့အိမ်များ သို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပေ။ အကြောင်းမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ရွာသား များသည် ရပ်ရွာတွင် ပြန်လည်အခြေချရန် ဘေးကင်းလုံခြုံမှုများမရှိဟု ခံစားနေရခြင်းကြောင့်ဖြစ်သည်။ 

နိဂုံးချုပ်

တောင်ငူရိုင်နှင့်ဖာပွန်ခရိုင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းသည် မြန်မာပြည်အရှေ့တောင်ပိုုင်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်အား အဟန့်အတားတစ်ခုဖြစ်စေသည်။ တပ်မတော်သည် မြောက်များစွာ သော တပ်အင်အားများနှင့် နယ်မြေများကို ထိန်းချုပ်နိုင်ရန် ဖိအားပေးမှုများပြုလုပ်ခြင်းဖြင့် NCA ၏ စောင့်ထိန်း လိုက်နာရမည့် ကတိကဝတ်များနှင့် စည်းကမ်းချက်များကို မကြာခဏ ချိုးဖောက်ခြင်းကြောင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းကို များစွာထိခိုက်စေသည်။ ဤအဓိကအကြောင်းတရားများသည် ရွာသားပေါင်း ၂၂၉၅ ဦးကို အတင်းအဓမ္မရွှေ့ပြောင်းစေမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ၎င်းနိုင်ငံရေးအခြေအနေသည်လည်း လူငယ် များ၏ ပညာရေးလေ့လာဆည်းပူးခြင်းကို ပိတ််ပင်တားမြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်များ သည် ၎င်းတို့အိုးအိမ်များ၊ ကျောင်းများနှင့် ရပ်ရွာများကို စွန့်ခွာ၍ ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် NCA ၏ လိုက်နာရမည့် ကတိကဝတ်များကို ချိုးဖောက်ခဲ့သည်သာမက ၂၀၁၈ ခုနှစ် အစောပိုင်းကာလတွင် အပြစ်မဲ့ရွာသားများအား တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ရွာသားများကို ၎င်းတို့၏လမ်းပြများအဖြစ် အတင်းအဓမ္မခိုင်း စေခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို KNLA စစ်သားများနှင့် အတင်းအဓမ္မဆက်သွယ်ခိုင်းစေခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကျူးလွန်ခဲ့သည်။ ဤကိစ္စအမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပူးတွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် JMC နှင့် မြန်မာအစိုးရတို့သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန်၊ ပြည်သူလူထုများကို ကာကွယ်နိုင်ရန်နှင့် လူ့အခွင့်အရေးအခြေအနေများကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဆန့်ကျင်၍ NCA၏ လိုက်နာရမည့်ကတိကဝတ်များကို ချိုးဖောက်ခဲ့သောလုပ်ရပ်များကို တာဝန်ယူဖြေရှင်းပေးရန်နှင့် NCA၏ စောင့်ထိန်းရမည့်ကတိကဝတ်များနှှင့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်စေရန်အတွက် တပ်မတော်အား နီးကပ်စွာ လေ့လာစောင့်ကြည့်ရ မည်ဖြစ်သည်။ 

Fri, 18 May 2018

Footnotes: 

[1] ဒေသခံ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဖာပွန်ခရိုင်နှင့် တောင်ငူခရိုင်ရှိ ဒေသခံအဖွဲ့ဝင်ထံမှ ရရှိသောသတင်းအချက်အလက်များအပေါ် အခြေခံကာ သတင်းအကျဉ်းချုပ်အား KHRG ရုံးဝန် ထမ်းများမှ စုဆောင်းတင်ပြထားပါသည်။ KHRG ၏ သတင်းမှတ်တမ်းပြုစုခြင်း နည်းလမ်းစနစ်အား ပွင့်လင်းမြင်သာမှု တိုးပွားလာရန်၊ မြန်မာပြည် အရှေ့ပိုင်းရှိ ရွာသူရွာသားများ၏ အမြင်ရှုထောင့်နှင့် အတွေ့အကြုံများအား ပိုမို၍ တိုက်ရိုက် ထိတွေ့ ပြောဆိုနိုင်ရန်အတွက် ကွင်းဆင်းလေ့လာသူများ ထံမှာ ရရှိလာသည့် သတင်းအချက်အလက်များအားလုံးကို KHRG ၏ လုပ်ငန်းစဉ်များအတိုင်း ဘာသာ ပြန်လုပ်ဆောင်ပြီးနောက် ပြစ်မှု ကျူးလွန်ခြင်း ခံရသူများ၏ လုံခြုံရေးပိုင်းဆိုင်ရာအား စီစစ်ပြီး ဝက်ဘ်ဆိုဒ်တွင် တင်ပြထုတ်လွင့်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် အစီရင်ခံစာများအား နေရာဒေသ၊ ခုနှစ်၊ အကြောင်းအရာ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး ဤသတင်းနှင့်ပတ်သက်၍ အခြားသောအကြောင်းအရာများနှင့် အစီရင်ခံစာတစ်ခုချင်းစီအား KHRG ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖတ် ရှုနိုင်ပါသည်။

[2] ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ရက်နေ့တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၅)ဖွဲ့များမှ နိုင်ငံရေးစားပွဲဆွေးနွေးပွဲသို့ တက်ရောက်လာသော KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့နှင့် Nationwide Ceasefire Agreement (NCA) တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ ၎င်းလက်မှတ်ထိုးသည့်အခမ်းအနားနှင့် ပတ်သက်၍ Reuters မှ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ရက်နေ့တွင် ရေသားထုတ်ဝေခဲ့သည့် “Myanmar signs ceasefire with eight armed groups,” ကို ဖတ်ရှုပါ။ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ၊ ၁၂ရက်နေ့တွင် KNU နှင့် မြန်မာအစိုးရတို့မှ ပဏာမအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို ဘားအံမြို့တွင် လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်းတွင် ၎င်း NCA ကို အကောင်အထည်ဖော်ဆောင်ခဲ့သည်။  ကရင်လူထုများနှင့် KNU သည် အပစ်အခတ်ရပ်စဲရေးမှ စစ်မှန်သော နိုင်ငံရေးဆွေးနွေးဝိုင်းသို့ အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်ပြောင်းလဲမှုများ သိပ်မရှိဟု ၎င်းတို့၏စိုးရိမ်မှုများကို တင်ပြခဲ့သည်။ ဤအကြာင်းအရာများကို  Karen News မှ ၂၀၁ရခုနှစ် အောက်တိုဘာလတွင် ရေးသား ထုတ်ဝေခဲ့သည့် “KNU Chair Highlights Weaknesses In The NCA During Anniversary Celebrations” နှင့် DVB မှ ၂၀၁ရခုနှစ် အောက်တိုဘာတွင် ရေးသားထုတ်ဝေခဲ့သည့် “NCA signatories urge govt to reboot peace process” တို့ကို ဖတ်ရှုပါ။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၂)ဖွဲ့မှ NCA ကို မြန်မာအစိုးရ၏ဖိအားပေးမှုအောက်မှာ လက်မှတ်ထိုးချုပ်ဆိုခဲ့သည်။ 

[3] မြန်မာအစိုးရနှင့် KNU တို့ ၂၀၁၂ခုနှစ် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးသဘောတူထားသည်မှာ တပ်မ တော်သည် KNLA အုပ်ချုပ်ရေးနယ်မြေများတွင်ရှိသော KNLA  စစ်တပ်စခန်းများနှင့် ဆက်သွယ်ထားသော လမ်းမများ၏ တစ်ဖက်တစ် ချက်စီတွင် ကိုက် (၅၀)အတွင်းသာ သွားလာခွင့်ရှိသည်။ ၎င်းတို့စစ်စခန်းများနှင့်ဝေးသော ကိုက် (၁၅၀) အလယ်ဗဟိုတွင်းသာ သွားလာလှုပ်ရှားရမည်။ 

[4] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[5] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[6] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[7] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[8] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[9] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[10] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

[11] NCA ၏ လိုက်နာစောင့်ထိန်းရမည့် ကတိကဝတ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Myanmar Peace Monitor Organisation ၏ ၂၀၁၅ခုနှစ် ထုတ်ဝေသော “THE NATIONWIOE CEASEFIRE AGREEMENT BETWEEN THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR AND THE ETHNIC ARMED ORGANIZATIONS” ကို ကြည့်ပါ။

[12] NCA ၏ လိုက်နာစောင့်ထိန်းရမည့် ကတိကဝတ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Myanmar Peace Monitor Organisation ၏ ၂၀၁၅ခုနှစ် ထုတ်ဝေသော “THE NATIONWIOE CEASEFIRE AGREEMENT BETWEEN THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR AND THE ETHNIC ARMED ORGANIZATIONS” ကို ကြည့်ပါ။

[13] ဤသတင်းအချက်အလက်များနှင့်ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့၏ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့ သည့် “IDPs in Lu Thaw Township, Hpapun District urge Tatmadaw to withdraw army camps (May 2017)” အစီရင်ခံစာတွင် ဖတ်ရှုနိုင်ပါသည်။ 

[14] ၂၀၁၂ ခုနှစ၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် KNU နှင့် မြန်မာအစိုးရတို့မှ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဖားအံမြို့တွင် လက်မှတ်ထိုးခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်သည့်လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို Myanmar Peace Monitor မှ ထုတ်ဝေသော “KNU Stakeholder webpage” ဝက်ဆိုဒ်တွင် ဖတ်ရှုပါ။  အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးကတည်းက လူ့အခွင့်အရေး အခြေအနေပြောင်းလဲမှုများကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ လေ့လာဆန်းစစ်ချက်များကို ဖတ်ရှုလိုပါက ၂၀၁၄ ခုနှစ် မေလတွင် ရေးသား ထုတ်ဝေခဲ့သော Truce or Transition? Trends in human rights abuse and local response since the 2012 ceasefire, ကို ကြည့်ပါ။ ၂၀၁၅ ခုနှစ် မတ်လတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကိုပြုလုပ်ရန်အတွက် ရန်ကုန်မြို့တွင် ခုနှစ်ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်ပြုလုပ်ခဲ့သည်။ ၎င်းအကြောင်းအရာများကို Karen National Union Headquarters မှ ၂၀၁၅ ခုနှစ် မတ်လ ၁၈ရက်နေ့တွင် ထုတ်ဝေသော “Seventh Round of Nationwide Ceasefire Negotiations,” ကိုကြည့်ပါ။ KNU သည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ Karen News မှ ၂၀၁၅ ခုနှစ် ဧပြီလ ၂၂ရက်တွင် ထုတ်ဝေသော “KNU: Emergency Meeting Called To Discuss Nationwide Ceasefire Agreement And Ethnic Leaders’ Summit,” ကို ကြည့်ပါ။

[15] ဤသတင်းအချက်အလက်များကို မထုတ်ဝေရသေးသည့် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်