ရွာသားများ မိမိလုံခြုံရေးအတွက် မြေမြှုပ်မိုင်းများ အသုံးပြု

Wed, 10 Apr 2013

     

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်နဲ့ တောင်ငူခရိုင်တွေမှာ မြေမြှုပ်မိုင်းတွေ အသုံးပြုနေဆဲဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေ အသုံးပြုသလို ရွာသားတွေကလည်း သူတို့ လုံခြုံရေးအတွက် အသုံးပြုနေကြတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည််းက ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ဆက်သွယ်ရေး တာဝန်ခံ နော်ခူးခူကြူးက “အရင်တုန်းကဆို သူတို့နယ်မြေဧရိယာအတွင်းမှာ လုံခြုံစိတ်ချရမှု မရှိဘူး။ အဲတုန်းက အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေ မဟုတ်တဲ့အတွက် သူတို့က သတိပေးချက်တခုအနေနဲ့ သူတို့ ရွာလုံခြုံရေးအတွက် ပြန်ပြီး သုံးတာ ရှိတယ်။ သူတို့ကိုယ်သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ဒီမြေမြှုပ်မိုင်းကိုသုံးတယ်။ အခုလို ပြောင်းလဲနေတဲ့အချိန်ကာလမှာ သူတို့ရဲ့ စိုးရိမ် ပူပန်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကြားမှာ နေထိုင်နေရတဲ့ သူတို့ရဲ လုပ်ဆောင်မှုတွေကို တိုင်ပင် ညှိနှိုင်းပြီးတော့ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်သွားဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။”

အပစ်အခတ်ရပ်စဲရေးကာလမှာ လူသားချင်း စာနာထောက်ထားတဲ့ မြေမြှုပ်မိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို ကရင်ပြည်နယ်အရှေ့ပိုင်းဒေသမှာ လာရောက်လုပ်ဆောင်ဖို့လည်း  ဧပြီ ၈ ရက်နေ့ထုတ် အစီရင်ခံစာမှာ တိုက်တွန်းတောင်းဆိုထားတယ်လို့ ပြောပါတယ်။ 

ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဩဂုတ်လကနေ ၂၀၁၃ ခုနှစ်အထိ လေ့လာ တွေ့ရှိချက်တွေအရ  ကရင်ပြည်နယ် ဘားအံ၊ ဖာပွန်ခရိုင်နဲ့ ညောင်လေးပင် ခရိုင်ထဲမှာ   မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၆ ဦး၊ လူဦးရေ ၉ ဦး သေဆုံးပြီး၊ ကျွဲနွားတိရစ္ဆာန် ၆ ကောင် သေကျေခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတွေဟာ စစ်တပ်ရဲ့ လမ်းပြအဖြစ် အသုံးချခံရတာတွေနဲ့ လယ်ယာလုပ်ငန်းခွင် သွားရင်း မိုင်းနင်းမိလို့ ထိခိုက်ရတာ ဖြစ်တယ်လို့ နော်ခူးခူးကြူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဘားအံခရိုင် တနေးရှားမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းကြောင့် လူ ၅ ဦး သေဆုံးပြီး ကျွဲနွားတိရိစ္ဆာန် ၃၁ ကောင် သေကျေတဲ့အတွက် သူတို့ဒေသမှာ မိုင်းရှင်းလင်းရေး လာရောက်ဆောင်ရွက်ပေးဖို့ ရွာသားပေါင်း ၃၇ ဦးက လက်မှတ်ရေးထိုးပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ဆီ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ထုတ်ပြန်ချက်ထဲမှာလည်း ထိုင်း-မြန်မာနယ်စပ်ဟာ ဒေသတွင်းမှာ မြေမြှုပ်မိုင်းအများဆုံး ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအများဆုံးဟာ ကရင်ပြည်နယ်ကလို့ ရေးသားထားပါတယ်။

အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပါ မြေမြှုပ်မိုင်းကို အသုံးပြုကြပြီး ၁၉၉၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃၂၄၂ ဦး ရှိပြီး ၂၀၁၁ ခုနှစ်ထဲမှာ ထိခိုက်သေဆုံးတာ ၃၈၁ မှု ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related Readings