Sun, 01 Jan 2023

၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်ကလေး သန်းတစ်ဝက်ကျော်ရှိ

၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်ကလေး သန်းတစ်ဝက်ကျော်ရှိ

~~~

ခက်မာ (ဝါရှင်တန်ဒီစီ)

■ ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ဖြစ်ပွားတဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသူက ၁.၁ သန်းရှိပြီး အဲဒီအထဲမှာတော့ ကလေးငယ် လေးသိန်း ခုနစ်ထောင်ကျော်ပါဝင်တယ်လို့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်တဲ့ Save the Children က နိုဝင်ဘာ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။

အာဏာမသိမ်းခင်ကတည်းက အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ကလေးတွေနဲ့ ပေါင်းလိုက်ရင် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်ကလေးပေါင်း ငါးသိန်း နှစ်သောင်းကျော်ရှိနေပါပြီ။

တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲမှာတော့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်သုံးသိန်းခွဲကျော် ရှိလာနေပြီး အဲဒီအထဲက ထက်ဝက်ဟာ အသက် ၁၈ နှစ်အောက်ကလေးတွေဖြစ်တယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG က အောက်တိုဘာလ ၁၁ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီထဲက ကလေးအများအပြားဟာ တောတောင်တွေထဲမှာ ဒုက္ခသည်အဖြစ်မွေးဖွားလာကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးက ပြောပါတယ်။

"ကိုယ်ဝန်နေ့စေ့လစေ့နဲ့ ပြေးနေရတဲ့ အမျိုးသမီးတွေဆိုရင် ဂူထဲမှာတို့ တောထဲမှာတို့ မိုးထဲလေထဲမှာ မွေးဖွားနေရတယ်။ မြစ်ချောင်း ကမ်းနံဘေးမှာ မွေးဖွားနေရတယ်။ ပြေးနေရချိန်မှာ မွေးဖွားနေရလို့ သူတို့မှာ မွေးကင်းစ ကလေးတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာအထောက်အကူပစ္စည်းတွေ မရှိဘူး။ အနှီးတို့ ဆေးဝါးတို့ နို့မှုန့်တို့ မရှိဘူး။ ကလေးရဲ့ ကျန်းမာရေးရော မွေးမိခင်အတွက်ပါ ကျန်းမာရေးအတွက် အန္တရာယ်များခက်ခဲနေတယ်"

ဒုက္ခသည်အဖြစ် မွေးဖွားလာသူတွေရှိနေသလို လူ့လောကကိုရောက်ပြီး နာရီပိုင်း၊ မိနစ်ပိုင်း အတွင်းမှာပဲ စစ်ဘေးဒုက္ခသည်အဖြစ် အိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကလေးငယ်တွေလည်းအများအပြားရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကုလားလူးရွာ မိခင်တစ်ဦးဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ ကလေးမီးဖွားနေရင်းက စစ်ကောင်စီတပ်သားတွေက သူ့အိမ်ကို မီးရှို့လို့ ထွက်ပြေးခဲ့ရပါတယ်။

“ရွာမြောက်ဘက်က အိမ်လေးပေါ်မှာ။ အစ်မတို့ မီးဖွားနေတာ အိမ်ပေါ်မှာပဲရှိသေးတယ်။ တဒုန်းဒုန်း တဒိုင်းဒိုင်း နဲ့။ အဲဒီမယ် သေနတ်တွေပစ်ပြီးတော့ မီးတွေရှို့နေတာ။ အစ်မ ဘယ်လိုလွတ်ခဲ့တုန်းဆိုတော့ ကျွန်မတို့ကို ဆင်းခွင့်လေးပြုပါဦးလို့ အစ်မတစ်ယောက်ကနေပြီးတော့ တောင်းပန်တာပါ။ အဲဒီကနေ သရက်ပင်ကြီးအောက် သွားသွား ဆိုပြီးတော့ လွှတ်တာ။ လူကို ဖယ်ခိုင်းတာ မီးရှို့မှာတဲ့။

တချို့ပြည်နယ်က ကလေးတွေကတော့ နယ်စပ်တွေကတစ်ဆင့် နီးစပ်ရာအိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးရပါတယ်။ ချင်းပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါးဟာ အိန္ဒိယနိုင်ငံထဲကိုထွက်ပြေးလာပြီးပြီး အဲဒီထဲက ကလေးငယ် ခြောက်ထောင်ကျော်ဟာ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားနေတယ်လို့ မီဇိုရမ်အစိုးရက The Hindu သတင်းဌာနကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က ပြောဆိုထားပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ကျောင်းတက်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်က ကိုးတန်းကျောင်းသား မောင်ဟုန်း အောင်ဟုန်းကတော့ ဇာတိမြေက လူသတ်ပွဲတွေကြောင့် အသက်စွန့်ထွက်ပြေးခဲ့ရပေမယ့် မြန်မာပြည်မှာပဲ ကျောင်းပြန်တက်ချင်တယ်လို့ပြောပါတယ်။

“ဘာသာစကားအခက်အခဲတွေ ရှိတာပေါ့။ ဒီမှာက မီဇိုစကားနဲ့ စာတွေရှင်းပြတဲ့ခါကျတော့ နားမလည်လိုက်တဲ့ဟာ အများကြီးရှိတယ်။ ချင်းပြည်က ဆွေမျိုးတွေကို လွမ်းတယ်၊ မြန်မာပြည်က ကျောင်းနေဘက် သူငယ်ချင်းတွေရော လွမ်းတယ်။ မြန်မာနိုင်ငံမှာပဲ အရင်လို ကျောင်းပြန်တက်ချင်တယ်"

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက နေအိမ်အလုံးပေါင်း သုံးသောင်း ရှစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်သုံးသောင်းနီးပါး၊ မကွေးတိုင်းထဲမှာ အိမ်အလုံးပေါင်း ၈ဝဝဝ နီးပါးနဲ့ ချင်းပြည်နယ်ဘက်မှာ ၁၅ဝဝ နီးပါး မီးရှို့ခံရတာဖြစ်ပါတယ်။

နေစရာအိမ်ရော၊ တက်စရာကျောင်းပါမရှိတော့ဘဲ စစ်ဘေးဒုက္ခသည်ဖြစ်လာရတဲ့ ကလေးတွေထဲမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်က မမိုးဖြူ လည်း ပါဝင်ပါတယ်။

“သမီးတို့မှာ ပြန်စရာအိမ် မရှိတော့ပါဘူး။ အဖေက တစ်နေရာမှာ၊ ကိုကိုက တစ်နေရာ မှာပါ။ မိသားစုအတူတူ နေချင်ပါတယ်။ ဗုံးတွေကျမှာလည်း ကြောက်ပါတယ်။ စာမတတ်မှာလည်း အရမ်းကြောက်ပါတယ်။ သမီးတို့ အိမ်ပြန်မဆောက်နိုင်မှာလည်း ကြောက်ပါတယ်။ သေရမှာလည်း ကြောက်ပါတယ်”

ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေက ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိပြီး၊ မကွေးတိုင်းမှာတော့ နှစ်သိန်းဝန်းကျင် ရှိနေပါတယ်။

စစ်တပ်ရဲ့လေကြောင်းက တိုက်ခိုက်မှု၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်သတ်ဖြတ်မှု၊ တွေ့မြင်သမျှ ဖမ်းဆီးညှဉ်းပန်းနေမှုတွေ ကြားမှာ အဲဒီဒေသတွေက စစ်ဘေးဒုက္ခသည်ကလေးအရေအတွက်ကို တွက်ချက်နိုင်ဖို့ ခက်ခဲနေတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကပြောပါတယ်။

ကယားပြည်နယ်ထဲမှာတော့ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းခွဲကျော်ရှိပြီး အဲဒီထဲက ၃၅ ရာခိုင်နှုန်းဖြစ်တဲ့ လေးသောင်းနှစ်ထောင်ကျော်ဟာ ၁၈ နှစ်အောက်ကလေးတွေ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က စာရင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်ကလေးတစ်ယောက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု တွေကြားမှာ မအိပ်ရဲ၊ မစားရဲဖြစ်နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

“ကျောင်းတက်နေတဲ့အခါ လက်နက်ကြီး ထုလာပြီး သမီးတို့ပုန်းနေရတယ်။ လေယာဉ်တွေလည်း ခဏခဏ လာတယ်။ ညအိပ်နေတဲ့အချိန်မှာလည်း သေနတ်သံ ခဏခဏကြားရတယ်။ ကျောင်းလည်း ကောင်းကောင်း မတက်ရဘူး”

ရခိုင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၄၁ ခုမှာ အခြေခံပညာကျောင်းသူ၊ ကျောင်းသား သုံးသောင်း ကျော်ရှိပြီး အဲဒီထဲက တစ်သောင်းကျော်က ကျောင်းမတက်နိုင်ဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိလာပြီး အဲ့ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်များစွာ ပါဝင်တဲ့အတွက် ဒီအခြေအနေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် သူတို့တွေဟာ လူကုန်ကူးမှုရဲ့ အဓိကသားကောင်တွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီပျက်စီးယိုယွင်းနေတဲ့ အခြေအနေအတွက် ထုတ်ပြန်ချက်ထုတ်ပေးရုံနဲ့ မလုံလောက်တော့ဘဲ ထိရောက်တဲ့ လက်တွေ့ဆောင်ရွက်ချက်တွေနဲ့ အကာအကွယ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

နေရပ်စွန့်ခွာသူတွေ နေရပ်ကို ပြန်နိုင်ဖို့နဲ့ လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေ ပေးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေပေးဖို့အတွက်လည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြံပြုပေးဖို့ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။