Thu, 13 Oct 2022

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည်ကလေး တစ်သိန်းကျော်ရှိလာပြီ

 

စောဖိုးခွား (ဝါရှင်တန်ဒီစီ)

■ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာရတဲ့စစ်ဘေးဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေ တစ်နေ့တစ်ခြားများလာနေပြီး ဒီနေ့ထိသိန်းနဲ့ချီရှိနေပါတယ်။

တိုက်ပွဲနေ့တိုင်းဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲမှာ ဒုက္ခသည်သုံးသိန်းခွဲကျော်ရှိနေပြီး အဲဒီထဲက တစ်ဝက်ကျော်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ အောက်တိုဘာလ ၁၁ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဲဒီဒုက္ခသည်ကလေးတွေရဲ့ တစ်ဝက်ကျော်ဟာ မိန်းကလေးတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

ကလေးတွေဟာ လူမဖြစ်ခင်မိခင်ရဲ့ဝမ်းဗိုက်ထဲမှာကတည်းက ဒုက္ခတွေကို ခံစားနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးက RFA ကို ပြောပါတယ်။

"ကိုယ်ဝန်နေ့စေ့လစေ့နဲ့ ပြေးနေရတဲ့ အမျိုးသမီးတွေဆိုရင် ဂူထဲမှာတို့ တောထဲမှာတို့ မိုးထဲလေထဲမှာ မွေးဖွားနေရတယ်။ မြစ်ချောင်းကမ်းနံဘေးမှာ မွေးဖွားနေရတယ်။ ပြေးနေရချိန်မှာ မွေးဖွားနေရလို့ သူတို့မှာ မွေးကင်းစကလေးတွေအတွက် လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေ မရှိဘူး။ အနှီးတို့ ဆေးဝါးတို့ နို့မှုန့်တို့ မရှိဘူး။ ကလေးရဲ့ ကျန်းမာရေးရော မွေးမိခင်အတွက်ပါ ကျန်းမာရေးအတွက် အန္တရာယ်များခက်ခဲနေတယ်"

စစ်ကောင်စီက လေကြောင်းကနေ တိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် ကလေးတွေဟာ ထွက်ပြေးရင်းသေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအပြင် စစ်ကောင်စီဟာ ကလေးငယ်တွေကို အဓမ္မအလုပ်ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ လူကုန်ကူးတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိနေတယ်လို့ KHRG က အစီရင်ခံစာမှာ ပြောထားပါတယ်။ အခုလို ဖော်ပြတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတုန့်ပြန်ချက်တော့မရသေးပါဘူး။

ကရင်ပြည်နယ်အပြင်၊ စစ်ပွဲတွေ ပြင်းထန်နေတဲ့ ကယား၊ ရခိုင်နဲ့ စစ်ကိုင်းဒေသတွေမှာလဲ စစ်ပြေးဒုက္ခသည်ဘဝရောက်နေတဲ့ ကလေးတွေ အမြောက်အများ ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့အဆိုအရ လူပေါင်း ၅ သိန်းကျော်ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်းမှာ ကလေးငယ် ဘယ်နှစ်ယောက်ပါနေလဲဆိုတာတွေ မသိရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်လလောက်ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် ထပ်တိုးလာပါတယ်။ ဒါကြောင့် အရင်ကရှိတဲ့အရေအတွက်နဲ့ပေါင်းရင် စစ်ဘေးဒုက္ခသည် ၈၂ဝဝဝ ကျော်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ အဲဒီထဲမှာ ခြောက်လအောက် မွေးကင်းစကလေးငယ် ၂၁ဝဝ ကျော်ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေကို ကူညီနေတဲ့ ကိုဇော်ဇော်ထွန်းကတော့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်နေလို့ ကလေးတွေထွက်ပြေးရတာ ပိုတိုးလာတာလို့ဆိုပါတယ်။

"စကစဘက်ကနေ ဒေသခံတွေနေတဲ့ ရပ်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ချတာရှိတယ်။ ရပ်ရွာတွေထဲ ဝင်ရောက်ဖမ်းဆီးရှာဖွေတာတွေ လုပ်တယ်။ တိုက်ပွဲတွေကြာင့် ထွက်ပြေးရတာထက်စာရင် နယ်မြေမငြိမ်လို့ ထွက်ပြေးရ၊ ပြန်လာရ ဖြစ်နေတယ်။ အဓိက ကလေးတွေအတွက် ပညာရေးဆုံးရှုံးရတယ်။ စားသောက်ပိုင်းမှာလည်း အစားအသောက်မမျှအောင် စားနေရတယ်။ အခုက ဆောင်းရာသီကူးပိုင်းဆိုတော့ ရာသီပေါ်တုပ်ကွေးတွေလည်း ဖြစ်နေတယ်"

ရခိုင့်တပ်တော် AA ရဲ့ စာရင်းတွေအရ ဒုက္ခသည်တွေဟာ နေရာပေါင်း ၁၅ဝ ကျော်မှာ ခိုလှုံနေရပြီး၊ ကျောင်းနေတဲ့အရွယ် ကလေးတစ်သောင်းကျော်ဟာ သူတို့ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေမှာပဲ ပညာသင်နေရပါတယ်။

ကယားပြည်နယ်ဘက်မှာဆိုရင်လည်း ကလေးငယ်သုံးသောင်းကျော်ဟာ ပုန်းခိုတိမ်းရှောင်ရင်း စာသင်နေရတယ်လို့ ပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"လက်နက်ကြီးက ရက်တိုင်းထုနေတယ်၊ ခဏနေရင်တောင် လာဦးမလားမသိ။ ကလေးတွေကလည်း ကိုဗစ်တစ်နှစ်၊ စစ်အာဏာသိမ်းတစ်နှစ်နဲ့ ကျောင်းမတက်ရဘူး။ သင်ကြားရေးက ရပ်ထားလို့မရတော့ ကျမတို့ ဒါကိုလုပ်ရတယ်။ လက်နက်ကြီးကျရင် ပြေးရတယ်။ ဆရာမတွေရော ကလေးတွေရော တခြားနေရာကိုပြောင်းရတယ်။ တခြားနေရာငြိမ်ရင် စာသင်တာပြန်စတယ်။ ပြေးရင်းလွှားရင်းနဲ့ စာပြန်သင်လိုက် ပြေးလိုက်လုပ်နေရတယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုက္ခသည်အရေအတွက်တိုးလာနေပေမယ့် တိတိကျကျစာရင်း ကောက်နိုင်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။ သူတို့ကို ကူညီပေးမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီဘက်က ပိတ်ပင်နေတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူပေါင်း ၂၃၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီအထဲမှာ ၁၄ နှစ်အောက်ကလေး ၉၁ ဦးနဲ့၊ ၁၅ နှစ်ကနေ ၁၉ နှစ်ကြားလူငယ် ၂၀၉ ဦးပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၁ဝ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ်တွေဟာ အသက်အန္တရာယ်စိုးရိမ်နေရပြီး လွတ်လပ်ခွင့်ကန့်သတ်ခံရနေရတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးကျော်မိုးထွန်းကပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းတွေအရ ကမ္ဘာတစ်ဝန်းနေရပ် စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၈၉ သန်းကျော်ရှိပါတယ်။ အဲဒီထဲမှာ ကလေးဒုက္ခသည် ၃၆ သန်းခွဲ ပါပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာမသိမ်းခင်က နိုင်ငံတစ်ဝန်းစစ်ဘေးဒုက္ခသည် သုံးသိန်းလောက်ရှိနေရာက ခုဆိုရင် တစ်နိုင်ငံလုံးမှာ ဒုက္ခသည် ၁ ဒဿမ ၃ သန်းကျော်နေပါပြီ။

ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်တာတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ကြဖို့၊ လက်နက်ခဲယမ်းတွေ၊ လေယာဉ်နဲ့လေယာဉ်ဆီတွေ မရောင်းချဖို့နဲ့၊ လက်နက်ပွဲစားတွေကိုလည်း စီးပွားရေးပိတ်ဆို့အရေးယူပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တောင်းဆိုထားပါတယ်။

ဆက်စပ်ရုပ်သံ