ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းများကို ဖော်ပြထားသည်။ ၂၀၂၄ ခု နှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမြောက်တပ် (၃၁၀) သည် ခရွဲကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး (၆၀) မမ သုံးလုံးပစ်ခတ်ခဲ့၍ ဆယ်ကျော်သက်လူငယ်နှစ်ဦးအား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်မှ SAC စစ်သားများသည် ခရွဲကျေးရွာအုပ်စုရှိ အဘ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍ ဒရုန်းဖြင့်လည်းတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးအား ထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ်သုံးလုံးပျက်စီးသည့်အပြင် တိရိစ္ဆာန်လည်းသေဆုံးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် SAC အမြောက် တပ် (၃၁၀) သည် ဇီးပြောင်းကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍ ရွာသားတစ်ဦး ထိမှန်သေဆုံးခဲ့ သည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတော်တော်များ များသည် အလွန်ကြောက်ရွံ့ထိတ်လန့်၍ ဗုံးခိုကျင်းထဲတွင် အိပ်ခဲ့ရသည်။ ထို့အပြင် SAC မှ ခရွဲကျေးရွာအုပ်စုရှိ မြစ်ချောင်းကမ်းနံဘေးတွင် မြေမြှုပ်မိုင်းများ ထောင်ထားပြီးသည့်အပြင် ခရီးသွားလာခြင်းများနှင့်ငါးဖမ်းခြင်းတို့ကို ပိတ်ပင်တားမြစ်သည့်အတွက်ကြောင့် ရွာသား များအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲစိန်ခေါ်မှု များကြုံတွေ့ခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း SAC စစ်သားများသည် မြစ်ချောင်းထဲတွင် ငါးသွားရှာနေသော ရွာသားနှစ်ဦးကို အဓမ္မဖမ်းဆီးခဲ့သည်။[1]
ဇန်နဝါရီလ - SAC မှ ခရွဲကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ လူငယ်နှစ်ဦးထိမှန်ဒဏ်ရရှိခြင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့ ညနေ (၆း၃၀)မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်မ (၄၄) လက်အောက်ခံဖြစ်သည့်အမြောက်တပ် (၃၁၀) သည် ခရွဲကျေးရွာအုပ်စုရှိ အအ--- ကျေးရွာဒေသသို့ လက်နက်ကြီး (၆၀) မမ သုံးလုံးပစ်ခတ်ခဲ့၍ နှစ်လုံးမှာ ကျေးရွာအထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ (အခြားလက်နက်ကြီးတစ်လုံးမှာ ကျေးရွာအပြင်ဘက် တွင် ကျရောက်ပေါက်ကွဲခဲ့သည်။) ကျေးရွာထဲရှိ ကိုအ--- ၏နေအိမ်ခြံဝန်းထဲတွင် လက်နက်ကြီးတစ်လုံးကျ ရောက်ပေါက်ကွဲပြီး ဆယ်တန်းကျောင်းသား တစ်ဦးဖြစ်သူ မောင်ဘ--- (၁၇ နှစ်)၏ဘယ်ဖက်ပေါင်ကို ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး မောင်ဆ--- (၁၉ နှစ်) ၏ ကျောကုန်းတွင် ကျည်စထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် ပခုံးဖက်၍ ၎င်းတို့နေအိမ်သို့ လမ်းလျှောက်ပြီးပြန်လာနေစဉ် လက်နက်ကြီးကျည်စထိမှန်၍ ဒဏ် ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုလူငယ်နှစ်ဦး ကို နီးစပ်ရာဆေးခန်းသို့ပို့ဆောင်၍ ၎င်းတို့အား အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကျန်းမာရေး လုပ်သားတစ်ဦးက ဆေးကုသမှုပေးခဲ့သည်။ (နောက်တစ်နေ့တွင် အဆိုပါလူငယ်နှစ်ဦးကို သိမ်ဇရပ်မြို့ရှိ SAC စီမံခန့်ခွဲ သောပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ သည်။) ဒဏ်ရာရရှိသည့်လူငယ်နှစ်ဦးသည် စားဝတ်နေရေးအခက် အခဲရှိပြီး ဆေးကုသမှုစရိတ်အတွက် ငွေကြေးမတတ်နိုင်ခဲ့ပါ။ (အသေးစိတ်ကိုမသိရှိရပါ။) အခြားလက်နက်ကြီးတစ်လုံး မှာ ကျေးရွာထဲတွင်ကျရောက်ပေါက်ကွဲမှုတွင် အပျက်အစီးများမရှိပါ။
ဖေဖော်ဝါရီလ - SAC မှ ခရွဲကျေးရွာအုပ်စုသို့လက်နက်ကြီးနှင့်ဒရုန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားများ ဒဏ်ရာရရှိ၍ လူနေအိမ်များပျက်စီးခြင်း
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့ ညသန်းခေါင် (၁၂)နာရီဝန်းကျင်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အဒ---ကျေးရွာတွင်အခြေစိုက်သော SAC စစ်သားများသည် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ အဘ--- ကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးနှစ်လုံးသည် ရွာသားများဖြစ်သည့်ဒေါ်ဒ---နှင့်ကိုဖ---တို့ ၏နေအိမ်သို့ ကျရောက် ပေါက်ကွဲခဲ့သည်။ ဗုံးအစအနများသည် ဒေါ်ဒ---၏သမီးဖြစ်သူ မဃ--- (၁၈နှစ်) ၏ဦး ခေါင်းနှင့်မေးစေ့ကိုထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၎င်းတို့နေအိမ်ခေါင်းမိုးနှင့်အိမ်ပရိဘောဂများ ပျက်စီးသွားခဲ့သည်။
ညသန်းခေါင် (၁၂း၄၀) မိနစ်တွင် ဒရုန်းဖြင့်ပစ်ချလိုက်သည့်ပထမဗုံးတစ်လုံးသည် ဒေါ်ဒ---၏နေအိမ်သို့ ကျ ရောက်ပေါက်ကွဲပြီး သူမ၏သမီးဖြစ်သူ မဃ---အား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ မိနစ်ပိုင်းအနည်းငယ်တွင် အဒ--- ကျေးရွာတွင်အခြေစိုက်သည့် SAC စစ်သားများသည် လက်နက်ကြီး (၁၂၀)မမများ ပစ်ခတ်ခဲ့သည်။ တစ်ချိန်ထဲတွင် ဒရုန်းဖြင့်ပစ်ချလိုက်သည့်အခြားဗုံးတစ်လုံးသည် ဒေါ်ဒ---၏နေအိမ်သို့ ထပ်မံကျရောက်ပေါက်ကွဲခဲ့သည်။ (ရွာသားများ အနေဖြင့် SAC သည် ဒေါ်ဒ---၏နေအိမ်ကို ဘာကြောင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ကို မသိရှိရပါ။)
ဒဏ်ရာရရှိသည့်မဃ---ကို နီးစပ်ရာဆေးခန်းသို့ပို့ဆောင်၍ ဒေသခံ ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးမှ ဆေး ကုသမှုပေးခဲ့သည်။ မဃ--- သည် ဆေးကုသမှုသုံးရက်ကြာ ခံယူပြီးနောက် ဒဏ်ရာပျောက်ကင်းသွားခဲ့သည်။ မဃ---သည် ဆေးကုသမှုသုံးရက်ကြာခံယူပြီး နောက်တစ်နေ့တွင် သူမ၏အိမ်သို့ပြန်လာခဲ့သည်။
ခရွဲကျေးရွာအုပ်စုအတွင်းရှိ အဒ---ကျေးရွာနှင့် အဘ---ကျေးရွာအကြားတွင် ညအ---မြစ်ချောင်းတစ်ချောင်း သာခြားနားသည်။ ထို့ကြောင့် SAC သည် အဘ---ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ် ခတ်လေ့ရှိ သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မနက် (၉)နာရီတွင် ဝေါမြို့နယ်၊ အဒ---ကျေးရွာတွင် အခြေစိုက်သော SAC စစ်သားများသည် လက်နက်ကြီးများပစ်ခတ်၍ လက်နက်ကြီးတစ်လုံးသည် အဘ--- ကျေးရွာရှိ ကိုဖ---၏ညီမဖြစ် သူ ဒေါ်ဟ--- ၏နေအိမ်ခြံဝန်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ဟ--- ၏နေအိမ်နံ ရံနှင့်ပြတင်းပေါက်မှန်များ ပျက်စီးသွားခဲ့သည်။
လက်နက်ကြီး (၆၀) မမတစ်လုံးသည်လည်း ကိုဖ---၏နေအိမ်ဘေးရှိ ကိုဂ---၏နေအိမ်ခြံဝန်းထဲတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်သုံးလုံးသည် ကျည်စများထိမှန်၍ အနည်း ငယ်ပျက်စီးသွားပြီး ကြက်တစ်ကောင်လည်း ထိမှန်သေသွားခဲ့သည်။ အဆိုပါပျက်စီးသွားသည့်နေအိမ်သုံးလုံး၏ ပိုင်ရှင်များမှာ ဒေါ်ဟ---၊ ဦးဧ--- နှင့်ကိုဖ---တို့ဖြစ်ကြသည်။
မေလ - SAC မှ ဇီးပြောင်းကျေးရွာသို့လက်နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦးထိမှန်သေဆုံးခြင်း
၂၀၂၄ ခုနှစ်၊ မေလ ၆ရက်နေ့ မနက်စောစောတွင် SAC အမြောက်တပ် (၃၁၀) သည် ဇီးပြောင်းကျေးရွာအုပ်စု၊ အဆ---ကျေးရွာသို့ ဟောင်ဝစ်ရှာလက်နက်ကြီး (၁၂၂) မမသုံးလုံးပစ်ခတ်ခဲ့သည်။ မေလ ၆ ရက်နေ့ မနက် (၄း၂၀) မိနစ်တွင် SAC သည် အဆ--- ကျေးရွာသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ပြီး ကျေးရွာတွင်းရှိရော်ဘာခြံထဲတွင်ကျရောက်ပေါက်ကွဲ ခဲ့သည်။ ရွာသားတစ်ဦးဖြစ်သူ စောသ--- (၄၅ နှစ်) သည် ရော်ဘာခြစ်နေစဉ်အ တွင်း လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားခဲ့သည်။ စောသ---သည် ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကျေး ရွာအုပ်စု၊ အဖ---ရွာသားတစ်ဦးဖြစ်သည်။ သို့သော် သူသည် မိသားစုစားဝတ်နေရေးအတွက် အဆ---ကျေးရွာသို့လာရောက်နေထိုင်၍ရော်ဘာခြံထဲတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
ပုံမှန်ဆိုလျှင် ရော်ဘာခြံအလုပ်သမားများသည် မနက်အစောကြီးထ၍ ရော်ဘာခြစ်လေ့ရှိသည်။ ဟောင်ဝီရှာ လက်နက်ကြီးတစ်လုံးသည် စောသ---နှင့် ပေ (၂၀)ခန့်အကွာမှာ ကျရောက်ပေါက်ကွဲပြီး ကျည်စများသည် စောသ---၏ဘယ်ဖက်ခြေထောက်၊ ခြေသလုံးနှင့်ခြေမျက်စိကို ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကျည်စသည် စောသ---၏ဗိုက်ကိုလည်း ထိမှန်၍ဆိုးဆိုးရွားရွာဒဏ်ရာရရှိခဲ့သည်။ သူ၏ခြေသလုံးလည်း ကြေမွ၍အသားများ ပဲ့ထွက်သွားပြီး အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ကျေးရွာအုပ်စုခေါင်းဆောင်များက စောသ---ကို ဇီးပြောင်း ကျေးရွာအုပ်စုအတွင်းရှိ ကရင်ကျန်းမာရေးနှင့်လူမှုကယ်ဆယ်ရေးဌာန (KDHW) မှ စီမံခန့်ခွဲသော နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ စောသ---သည် သွေးအလွန်ထွက်၍ ထိုဆေးခန်းတွင် ၎င်း အား သွေးမသွင်းပေးနိုင်ခဲ့ပေ။ SAC သည် မနက် (၆)နာရီမတိုင်မီ အပြင်သို့ခရီးသွားလာခြင်းများပိတ်ပင်သည့် အတွက်ကြောင့် ရွာသားများသည် စောသ---အား သိမ်ဇရပ်မြို့ရှိ နီးစပ်ရာဆေးခန်းသို့ မပို့ဆောင်နိုင်ခဲ့ပေ။ (ထို့ ကြောင့် စောသ---ကို ကျိုက်ထိုမြို့နယ်ရှိ ကျေက်ဖြာ ကျေးရွာအုပ်စုရှိ ကျန်းမာရေးစေတနာ့ဝန်ထမ်းများ စီမံခန့်ခွဲ သော အခြားဆေးခန်းတစ်လုံးသို့ ပို့ဆောင်ခဲ့သည်။) ထို့နောက် စောသ---ကို ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဟိုင်တရောကျေးရွာအုပ်စု၊ အဃ--- ကျေးရွာရှိ အခြားသော KDHW ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြန်သည်။ စောသ--- သည် အဃ---ကျေးရွာရှိ ဆေးခန်းသို့ရောက်သောအခါ မွန်းလွဲ (၂)နာရီထိုးပြီးဖြစ်ပြီး ထိုဆေးခန်းတွင် ဆေး ကုသမှုခံယူခဲ့သည်။ စောသ---၏ဗိုက်ဒဏ်ရာသည် အလွန်ပြင်းထန်သည်။ သူ၏အူမကြီးကိုထိမှန်ပြီး ပြတ်ထွက် လုနီးပါးရှိသည်။ သွေးအထွက်လွန်ပြီး ပြင်းထန်းသည့်ဒဏ်ရာများကြောင့် စောသ---သည် ထိုဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။
စောသ---၏အလောင်းကို ပျဉ်းကတိုးကျေးရွာအုပ်စု၊ အဖ---ကျေးရွာရှိ ၎င်း၏အိမ်သို့ပြန်လာသယ်ခဲ့ပြီး မီးရှို့ သဂြိုၤလ်ပေးခဲ့သည်။ စောသ---မှာ မိသားစုဝင်လေးဦးရှိပြီး စားဝတ်နေရေးအတွက် ၎င်းအား မှီခိုနေရသည်။ စောသ---သေဆုံးပြီးနောက် ၎င်း၏မိသားစုသည် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ (အခင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်) SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသည် ရော်ဘာခြစ်ရန်အတွက် လုံခြုံမှုမရှိဟုခံစားရ သည်။ ထို့ကြောင့် (အဆ--- ကျေးရွာရှိ) ရွာသားများသည် ရော်ဘာမခြစ်ကြတော့ပေ။ ကုန်ဈေးနှုန်းများလည်း မြင့်တက်လာသည့် အတွက်ကြောင့် စောသ---၏မိသားစုသည် အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ရသည်။ အကြောင်းမှာ ၎င်းတို့မှာ ပုံမှန်ဝင်ငွေမရှိသောကြောင့်ဖြစ်သည်။ စောသ--- သည် ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့ မနက် (၄း၅၂) မိနစ်တွင် လက်နက်ကြီးထိမှန်၍ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့ မနက် (၈း၀၅) မိနစ်တွင် ကွယ်လွန်ခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း SAC သည် မကြာခဏလက်နက်ကြီးပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့် ရွာသားများသည် ၎င်း တို့နေအိမ်တွင် မအိပ်ရဲတော့ပဲ ဗုံးခိုကျင်းထဲတွင် သွားအိပ်ခဲ့ရသည်။ SAC သည် လက်နက်ကြီးနှင့်လက်နက် ငယ်များပစ် ခတ်ကြကြောင်း ရွာသားများက ကြားသိရှိ၍ တင်ပြခဲ့သည်။ ထို့ကြောင့် ရွာသားများသည် ညပိုင်းတွင် ကျေးရွာအပြင်ရှိ လုံခြုံသည့်နေရာများသို့သွားပုန်းရှောင်ရပြီး အိပ်စက်ခဲ့ရသည်။
SAC မှ ခရီးသွားလာခြင်းနှင့်ငါးဖမ်းရှာခြင်းကို ပိတ်ပင်ကန့်သတ်သောကြောင့် ရွာသားများစားဝတ်နေရေးအခက်အခဲ များကြုံတွေ့ရခြင်း
ဟိုင်းတရောကျေးရွာအုပ်စု၊ အဘ--- ကျေးရွာမှ ရွာသားအများစုသည် ညအ---မြစ်ချောင်းထဲတွင် ငါးဖမ်းရှာပြီး အသက်မွေးဝမ်းကျောင်းပြုကျသည်။ ပုံမှန်အားဖြင့် ရွာသားများသည် ညအချိန်တွင် ငါးဖမ်းရှာလေ့ရှိသည်။ ထို ဒေသအ တွင်း SAC စစ်သားများနှင့်ပျူစောထီးအဖွဲ့သားများက ခရီးသွားလာခြင်းနှင့်ငါးဖမ်းရှာခြင်းအား ပိတ်ပင် ကန့်သတ်ထား ခြင်းကြောင့် ရွာသားများအနေဖြင့် စားဝတ်နေရေးအတွက်အခက်အခဲ၊ အတားအဆီးတစ်ခုဖြစ်လာသည်။ SAC စစ်သားများနှင့်ပျူစောထီးအဖွဲ့သားများသည် ညအချိန်တွင် မည်သည့်လှေတစ်စီးကိုမှ မြစ် ချောင်းထဲတွင် ခရီးသွားလာ ခြင်းမပြုပေ။ ၎င်းတို့သည် ညအချိန်တွင် လှေတစ်စီးဖြတ်သန်းသွားလာသည်ကို တွေ့ရှိလျှင် လှေပေါ်တွင်ရှိသည့် ရွာသားများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိ သည်။ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း SAC စစ်သားများနှင့်ပျူစောထီးအဖွဲ့သားများသည် ငါးဖမ်းရှာသည့်ရွာသား နှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ထို့အပြင် SAC စစ်သားများသည် ညအ---ဖြစ်ချောင်းနံဘေးတွင် မြေမြှုပ်မိုင်းများထောင်ထားလေ့ရှိသည်။ ထို့ ကြောင့် ရွာသားများသည် ခရီးသွားလာခြင်းမပြုရဲတော့သည့်အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရ သည်။ ရွာသားများသည် ဘဝရှင်သန်မှုအတွက် အခက်အခဲများစွာရင်ဆိုင်နေရသည်။ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများလည်း (လုံခြုံရေးအခြေအနေကြောင့်) ထိုနေရာဒေသသို့ သွားရောက်ကူ ညီပေးနိုင်ခြင်းမရှိပေ။
ယခုအချိန်သည် နွေရာသီဖြစ်သည့်အတွက် (ဟိုင်းတရောကျေးရွာအုပ်စုရှိ) ရွာသားများသည် ဗုံးခိုကျင်းထဲတွင် အိပ်စက်ရန်အဆင်ပြေသည်။ သို့သော်လည်း မိုးရာသီရောက်လျှင် (ဇွန်လမှ အောက်တိုဘာလအထိ) ဗုံးခိုကျင်း ထဲတွင် မိုးရေများဝင်ပြီးစိုစွတ်သွားသည့်အတွက် ဗုံးခိုကျင်းထဲတွင်အိပ်စက်ရန်အဆင်ပြေမည်မဟုတ်ပါ။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြား ပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။
