Mon, 30 Jun 2025
ဒူးသထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဘီးလင်းမြို့နယ်တွင် အဓမ္မအ လုပ်ခိုင်းစေခြင်းနှင့် SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးခတ်မှုကြောင့် လူသေဆုံး၊ ဒဏ်ရာရှိခြင်း၊ အိုးအိမ်ရပ်ရွာပျက်စီးခြင်းနှင့်နေရပ်စွန့်ခွာရခြင်း (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကာလအတွင်း ဒူး သထူခရိုင်၊ ဘီးလင်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းများကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) လက် အောက်ခံဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၉) တပ်သားများသည် ၎င်းတို့တပ်စခန်းခိုင်မာလာအောင် ခြံ စည်းရိုးခတ်ရန်အတွက် ပရာရောကျေးရွာအုပ်စုရှိ ရွာသားများကို သစ်နှင့်ဝါးများကို အဓမ္မခုတ်ခိုင်း၍ တပ်စခန်းသို့ သယ် ဆောင်လာပေးရန် ခြိမ်းခြောက်ခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှရွာသားများသည် ၎င်းတို့နေထိုင်ရာဒေသအတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်ကြောက်ရွံ့သောကြောင့် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့တွင် (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့) SAC ဂျက်လေ ယာဉ်နှင့်ဒရုန်းများသည် ဘီးလင်းမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရွာသားများသည် ရွာမှပုန်းရှောင်ခဲ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် မယ်ပရီးတပ်စခန်းမှ SAC စစ်သားများနှင့် KNLA တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ ၃ ရက်၊ ၁၂ ရက်၊ ၁၇ ရက်နှင့် ၁၉ ရက်နေ့တို့တွင် SAC စကခ အမှတ် (၈) လက်အောက်ခံဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၅) သည် မယ်ပရီးတပ်စခန်းအနီးပတ်ဝန်း ကျင်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ရွာသားတစ်ဦးထိမှန်ဒဏ်ရာရရှိကာ လူနေအိမ်နှစ်လုံး၊ ဘုန်းကြီးကျောင်း မုဒ်ဝနှင့်နတ်စင်လည်း ပျက်စီးသွားခဲ့သည်။ ထို့အပြင် ရွာသားများ၏တိရိစ္ဆာန်များလည်း ထိမှန်သေဆုံး၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုဒေသအတွင်းရှိ ကျောင်းများလည်းပိတ်ပင်ခဲ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နေ့တွင် စကခ အမှတ် (၈) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၇) သည် ဘီးလင်းမြို့နယ်၊ ရွှေလောင်း အေးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ရွာသားနှစ်ဦးထိမှန်သေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်တစ်လုံးလည်း ပျက်စီး သွားခဲ့သည်။ ဤသို့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ရွာသားများသည် ဒွယ်လိုးမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နှင့် ၃၁ ရက်နေ့တွင် SAC သည် တဂေးလောင်းကျေးရွာအုပ်စုနှင့် တာအူခီးကျေးရွာအုပ်စုအတွင်း ဒရုန်းများဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နှင့် ၉ ရက်နေ့တို့တွင် SAC သည် အစူးချောင်းကျေးရွာအုပ်စု၊ ရွှေလောင်းအေးကျေးရွာအုပ်စုနှင့်တဂေးလောင်းကျေးရွာအုပ်စုများအတွင်းသို့ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြန်သည်။ ဤ လေကြောင်းတိုက်ခိုက်မှုတွင် ဘုန်းကြီးနှစ်ပါးထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ်များ၊ ဘုန်းကြီးကျောင်းတစ်လုံးနှင့်စာသင် ကျောင်းနှစ်ကျောင်းလည်း ပျက်စီးသွားခဲ့သည်။ ရွာသားများသည်လည်း ၎င်းတို့သားသမီးများကို ကျောင်းမပို့ရဲကြတော့ ပေ။ [1]

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ - SAC စစ်သားများသည် ရွာသားများဆီမှ သစ်နှင့်ဝါးများ အဓမ္မတောင်းယူခြင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ပရာရောကျေးရွာအုပ်စု၊ လေးကေကျေး ရွာတွင်အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကွဲအခြေစိုက် (စကခ) အမှတ် (၈) လက် အောက်ခံဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၉) မှ စစ်သားများသည် အအ--- ကျေးရွာတွင် နေထိုင်ကြသော ရွာသားများဆီမှ သစ်နှင့်ဝါးများ အဓမ္မတောင်းယူခဲ့သည်။ အအ---ကျေးရွာရှိ ရွာသားများသည် သစ်နှင့်ဝါးများကို SAC စစ်သားများအတွက် ခုတ်ပေးခဲ့သည်။ သို့သော် ရွာသားများသည် သစ်နှင့်ဝါးများကို SAC စစ်သားများထံသို့ သွားရောက် မပို့ပေးခဲ့ပေ။ အကြောင်းမှာ SAC စစ်သားများတောင်းဆိုသည့်အတိုင်း သစ်၊ဝါးများမပြည့်သေးသဖြင့် သွားရောက်မပို့ခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် SAC စစ်သားများသည် အအ---ကျေးရွာရှိ ရွာသားများထံမှ သစ်တိုင်အလုံး (၃၀၀) နှင့် ဝါးလုံး (၁၀၀) ကျော်ကို ထပ်မံတောင်းယူခဲ့သည်။ SAC စစ်သားများသည် ရွာသားများကို လည်း ခြိမ်းခြောက်ခဲ့သည်။ (SAC စစ်သားများသည် “ငါတို့က ယောင်္ကျားတွေကွ” ဟု ခဏခဏပြောကြသည်။ ဆိုလို သည့်အကြောင်းက သူတို့မှာ သေနတ်ရှိပြီး ရွာသားများကို အချိန်မရွေးပစ်သတ်နိုင်ကြောင်းဖြစ်သည်။ တပ်ရင်းမှူး ထက်လင်းနှင့်တပ်ရင်းမှူးမျိုးမင်းဟိန်းတို့က ခမရ (၄၀၉) ကို ဦးဆောင်အမိန့်ပေးသူဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာအတွင်းတွင် ရွာသားများသည် (၈)ပေလောက်ရှည်သည့်သစ်တိုင်အလုံး (၁၀၀) နှင့် (၁၂) ပေလောက်ရှည်သည့် ဝါးလုံး (၃၀၀) ကို SAC ထံသို့ပို့ဆောင်ခဲ့သည်။ SAC စစ်သားများသည် ဝါးလုံးတစ်လုံး၏အဖိုးကို ကျပ် (၅၀၀) သာ ပေးဆောင်ခဲ့သည်။ သစ်တိုင်၏အဖိုးကို ပေးဆောင်ခြင်းမရှိခဲ့ပေ။ SAC စစ်သားများသည် အဆိုပါသစ်တိုင်များနှင့်ဝါးလုံး များကို ပျက်စီးယိုယွင်းနေသော ၎င်းတို့၏တပ်စခန်းခြံစည်းရိုးကိုပြန်လည်တည်ဆောက်ရန်အတွက် အသုံးပြုကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ - မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှရွာသားများသည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရွှေ့ ပြောင်းနေထိုင်ခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ ထီးဆောမယ်တပ်စခန်းနှင့်တောင်သုံးလုံးတပ် စခန်းတို့မှ SAC စစ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များသည်  ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ အဘ--- ကျေးရွာမှ ရွာသားများနှင့် အနီးကျေးရွာရှိရွာသားများကို လုံခြုံသည့်နေရာသို့ ပြောင်း ရွှေ့နေထိုင်ရန် သတိပေးခဲ့သည်။ အကြောင်းမှာ ကတိုင်တိတပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလာနိုင်ဖွယ်ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွာသားများသည် KNU ၏သတိပေးချက်ကို လက်ခံရရှိပြီးနောက် ၎င်းတို့ရွာမနေရဲတော့ပဲ ပြောင်း ရွှေ့နေထိုင်ခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ခွာ၍ စတင်ပြောင်းရွှေ့ခဲ့သည်။ ဒွယ်လိုး မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ အဆ---၊ အဒ---၊ အဃ---နှင့် အဖ--- ကျေးရွာများတို့မှ စုစုပေါင်းအိမ်ထောင်စု (၁၄၆) စုသည် ဘီးလင်းမြို့နယ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အဆိုပါအိမ်ထောင်စု (၁၄၆) စုတွင် စုစုပေါင်းလူဦးရေ (၇၂၈) ဦးရှိ ပြီး အမျိုးသမီး (၃၉၀) ဦးနှင့် အမျိုးသား (၃၃၈) ဦးရှိသည်။ ရွာသားများရွှေ့ပြောင်းရသည့်အချိန်တွင် စားနပ်ရိက္ခာများ ယူဆောင်သွားနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် စားနပ်ရိက္ခာဖူလှုံမှုပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည်။  

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ - ကရင်နှစ်သစ်ကူးနေ့တွင် SAC မှ ဘီးလင်းမြို့နယ်အတွင်း လေကြောင်းဖြင့်တိုက်ခိုက်ခြင်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဒရုန်းတစ်စီးနှင့်ဂျက်လေယာဉ်တစ်စီးသည် အော်လီဂန်သေနတ်များဖြင့် ဘီးလင်းမြို့နယ်အတွင်း လာရောက်ပစ်ခတ်ခဲ့သည်။ (ဒရုန်းတစ်စီးနှင့်ဂျက်လေယာဉ်တစ်စီးသည် SAC ၏ လေယာဉ် များဖြစ်ကြောင်း ရွာသားများက ယူဆကြသည်။) ရွာသားများ၏ပြောပြချက်အရ ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်မီတွင် ဒရုန်းတစ်စီးသည် ဒေသအတွင်း (၇)ကြိမ် သို့မဟုတ် (၈) ကြိမ်ပျံဝဲ၍ မြေပြင်ထောက်လှမ်းမှုလုပ်ခဲ့ကြောင်းသိရှိရသည်။

မနက်ပိုင်း (၁၁း၅၅) မိနစ်တွင် ဒရုန်းတစ်စီးသည် ဗုံးသုံးလုံးကြဲချခဲ့သည်။ အဆိုပါဗုံးသုံးလုံးသည် ကျေးရွာအပြင်ဘက်ရှိ အဂ---ဒေသတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အဂ---ဒေသသည် ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ အဟ--- ကျေးရွာနှင့် ယိုကလားကျေးရွာအုပ်စု၊ အဧ---ကျေးရွာအကြားတွင် တည်ရှိသည်။ (အဧ--- ကျေးရွာကို အသ--- ကျေးရွာဟုလည်း ခေါ်ဝေါ်ကြသည်။)

နေ့လယ် (၁၂း၀၅) မိနစ်တွင် SAC ဂျက်လေယာဉ်တစ်စီးသည် ဗုံးသုံးလုံးကြဲချခဲ့သည်။ ဗုံးတစ်လုံးသည် နို့ဘားဘော် ကျေးရွာအုပ်စု၊ အက---ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားဗုံးနှစ်လုံးမှာ မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို မသိရှိရပါ။ နေ့လယ် (၁၂း၃၀) မိနစ်တွင် SAC ဂျက်လေယာဉ်သည် ဗုံးသုံးလုံးထပ်မံ ကြဲချခဲ့ပြန်သည်။ အဆိုပါဗုံးသုံးလုံးသည် နို့ဘားဘော်ကျေးရွာအုပ်စု၊ အလ---ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက် ကွဲခဲ့သည်။ ထို့အပြင် SAC ဂျက်လေယာဉ်သည် အက--- ကျေးရွာအပြင်ဖက်တွင် အော်လီဂန်သေနတ်ဖြင့်လည်း ပစ် ခတ်တိုက်ခိုက်ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် မည်သူတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် ရွာသားများသည် ကျေးရွာထဲတွင် ကရင်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ကြသည်။

နို့ဘားဘော်ကျေးရွာအုပ်စုရှိ ရွာသားများအားလုံးသည် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် အက--- ကျေးရွာရှိ ကလေးများသည် ညနေပိုင်းတွင် အတူတကွကစားကြရန် အစီအစဉ်ရှိခဲ့သည်။ သို့သော် ဤသို့လေ ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ရွာသားများအားလုံးသည် ၎င်းတို့ကျေးရွာကို ဗုံးကြဲတိုက်ခိုက် မည်ကိုကြောက်ရွံ့သောကြောင့် ကျေးရွာအပြင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုပြီးဆုံး သွားသည့်အချိန်မှသာ ရွာသားများသည် ၎င်းတို့ရပ်ရွာသို့ ပြန်လာခဲ့သည်။ ရွာသားများသည် နေ့အချိန်တွင် ရွာထဲသို့ပြန် လာပြီး ညအချိန်တွင် ကျေးရွာအပြင်ဖက်တွင် ပုန်းရှောင်၍ အိပ်စက်ခဲ့ရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ -  SAC ခမရ (၄၀၅) နှင့် ခလရ (၂၇) သည် ကျေးရွာအနီးပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ် ခတ်မှု

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတစ်လလုံးတွင် ဘီးလင်းမြို့နယ်၊ မယ်ပရီးကျေးရွာအုပ်စု၊ မယ်ပရီးတပ်စခန်းမှ SAC စစ် သားများနှင့် KNLA စစ်သားများကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ ၃ ရက်၊ ၁၂ ရက်၊ ၁၇ ရက်နှင့် ၁၉ ရက်နေ့တို့မှာ မယ်ပရီးတပ်စခန်းတွင်အခြေစိုက်သော SAC ခမရ (၄၀၅) နှင့် ဘီးလင်းမြို့နယ်၊ ရွှေလောင်းအေးကျေးရွာအုပ်စု၊ နတ်ကြီးကျေးရွာတွင် အခြေစိုက်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၇) တို့သည် တိုက်ပွဲဖြစ်ပွားသည့်နေရာဒေသအနီးတစ်ဝိုက်တွင် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ခမရ (၄၀၅) နှင့် ခလရ (၂၇) သည် စကခ (၈) လက်အောက်တွင်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ (၆) နာရီတွင် စကခ (၈) လက်အောက်ခံဖြစ်သော မယ်ပရီးတပ်စခန်းတွင် အခြေစိုက်သည့် ခမရ (၄၀၅) မှ SAC စစ်သားများသည် လက်နက်ကြီး (၁၂၀) မမ လေးလုံးပစ်ခတ်ခဲ့သည်။ လက်နက် ကြီးတစ်လုံးသည် အစူးချောင်းကျေးရွာအုပ်စု၊ အမ--- ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသားများ ပိုင်ဆိုင်သော ကျွဲနှစ်ကောင်နှင့်ဆိတ်လေးကောင်ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသွားသည့်ဆိတ်နှစ်ကောင်သည် ရွာသား တစ်ဦးဖြစ်သူ စောအ---၏ဆိတ်ဖြစ်သည်။ အခြားဆိတ်နှစ်ကောင်သည် စောဒ---၏ဆိတ်ဖြစ်သည်။ ကျွဲတစ်ကောင်သည် စောဘ---၏ကျွဲဖြစ်သည်။ အခြားကျွဲတစ်ကောင်သည် စောဆ---၏ကျွဲဖြစ်သည်။ အခြားလက်နက် ကြီးသုံးလုံး သည် ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အမ---ကျေးရွာရှိ ရွာသားများသည် ၎င်းတို့ကျေးရွာမှ စတင်ထွက်ခွာ၍ ပုန်းရှောင်ခဲ့ရသည်။ (တစ်ချို့ရွာသားများသည် ၎င်းတို့ဆွေမျိုးရှိရာ အခြားရွာသို့ထွက်ပြေးပုန်းရှောင်ခဲ့ပြီး အချို့ရွာသားများသည် တောတောင်၊ မြစ် ချောင်းကမ်းစပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။)

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ည (၈း၃၅) မိနစ်တွင် ဘီးလင်းမြို့နယ်၊ ရွှေလောင်းအေးကျေးရွာအုပ်စု၊ နတ်ကြီး ကျေးရွာတွင် အခြေစိုက်သော SAC ခလရ (၂၇)သည် ရွှေလောင်းအေးကျေးရွာအုပ်စု၊ အဝ--- ကျေးရွာရှိ အန---ရပ်ကွက် အတွင်းသို့ လက်နက်ကြီး (၆၀) မမ နှစ်လုံးပစ်ခတ်ခဲ့သဖြင့် ရွာသားနှစ်ဦးထိမှန်သေဆုံးပြီး သုံးဦးထိမှန်ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် လူနေအိမ်တစ်လုံးလည်း ပျက်စီးခဲ့သည်။ အိမ်ပိုင်ရှင်ဖြစ်သူ ဦးဃ---၏ဝမ်းဗိုက်ကို လက်နက်ကြီးအစ ထိမှန်၍ သေဆုံးခဲ့သည်။ ၎င်း၏တူမဖြစ်သူ မဖ---၏ဦးခေါင်းကို ထိမှန်၍သေဆုံးခဲ့သည်။ မဖ---သည် အသက် (၂၈)နှစ်ရှိ ပြီးဖြစ်သည်။ ဦးဃ---၏နေအိမ်အနီးရှိ လူနေအိမ်များလည်း လက်နက်ကြီးထိမှန်ခဲ့သည်။ အသက် (၃၅)နှစ်အရွယ် အမျိုးသမီးဖြစ်သူ မဂ---၏ညာဖက်လက်ဖဝါးတွင် ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အသက် (၁၉) နှစ်အရွယ်မိန်း ကလေးတစ်ဦးဖြစ်သူ မဟ---လည်း သူမ၏ဘယ်ဖက်ခြေသလုံးတွင် ကျည်စထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဒဏ်ရာ ရရှိသည့်ရွာသားနှစ်ဦးသည် ၎င်းတို့အိမ်တွင်သာ ဆေးကုသမှုခံယူခဲ့သည်။ အသက် (၅၀) အရွယ်အမျိုးသမီးဖြစ်သူ ဒေါ်ဧ---၏ခြေသလုံးနှစ်ဖက်စလုံးတွင် ကျည်စထိမှန်၍ဒဏ်ရာရခဲ့သည်။ မဂ---၏ဒဏ်ရာသည် အလွန်ပြင်းထန်သော ကြောင့် ရွှေလောင်းအေးကျေးရွာအုပ်စု ရှိ အပ--- ဆေးခန်းသို့သွား၍ ဆေးကုသမှုခံယူခဲ့သည်။ အပ--- ဆေးခန်းသည် SAC စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။ SAC ခလရ (၂၇) တပ်ရင်းကို ဦးဆောင်သူမှာ ဗိုလ်ကြီးအောင်ဖိုးခန့်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် မယ်ပရီးကျေးရွာအုပ်စု၊ ဘဆ--- ကျေးရွာအပြင်ဖက်တွင် စကခ (၈) လက် အောက်ခံဖြစ်သော ခမရ (၄၀၅)နှင့် KNLA တပ်ဖွဲ့တို့နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာ သည် မယ်ပရီးတပ်စခန်းအနီးနားတွင်တည်ရှိသည်။ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် တပ်စခန်းအနီးနားတွင်နေထိုင် သောရွာသားများသည် SAC အနေဖြင့် ကျေးရွာအတွင်းသို့ ဒရုန်းဖြင့်လာရောက်ဗုံးကြဲမှာကို ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင့် ရွာသားများသည် ရွာတွင်မနေရဲတော့ပေ။ တပ်စခန်းအနီးတွင်နေထိုင်သော ရွာသားများသည် ရွာတွင် မနေရဲတော့သည့်အတွက် တောတောင်၊ မြစ်ချောင်းကမ်းနားသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း ၎င်းတို့ မိတ်ဆွေ၊ ဆွေမျိုးရှိရာနေရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မယ်ပရီးကျေးရွာအုပ် စုရှိ အခ---၊ အရ---၊ အစ---၊ အတ---၊ အဌ---၊ ဘဆ---၊ အဏ--- ကျေးရွာများနှင့် အီစူးခီးကျေးရွာအုပ်စုရှိ အထ---၊ အည---နှင့်အယ---ကျေးရွာများတွင် နေထိုင်ကြသောရွာသားများသည် စစ်ပြေးရှောင်ခဲ့ရသည်။ အဆိုပါရွာသားများသည် ၎င်းတို့မိတ်ဆွေများ၊ ဆွေမျိုးများ ရှိသည့်နေရာများတွင် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကောပူကျေး ရွာအုပ်စုရှိ အဗ---ကျေးရွာသို့ တိမ်းရှောင်ခဲ့သည်။ (အဗ---ကျေးရွာသည် ဘအ---ကျေးရွာဟုလည်း ခေါ်ဝေါ်ကြသည်။) တစ်ချို့ရွာသားများသည် ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ ဘဘ---ကျေးရွာသို့တိမ်းရှောင်ခဲ့သည်။ တစ်ချို့ရွာသား များသည် မူတြော်ခရိုင်၊ ဒွယ်လိုး မြို့နယ်သို့တိမ်းရှောင်ခဲ့သည်။ တစ်ချို့လည်း ဒူးပလာယာခရိုင်၊ ကရုတူးမြို့နယ်သို့ တိမ်းရှောင်ခဲ့သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မယ်ပရီးကျေးရွာအုပ်စုနှင့်အစူးချောင်းကျေးရွာအုပ်စုမှ ကျောင်းသား၊ ကျောင်းသူ များသည် ကျောင်းတက်ခွင့်မရရှိကြသည့်အပြင် ရွာသားများလည်း အလုပ်လုပ်နိုင်ခွင့်မရှိတော့ပေ။ ထို့ကြောင့် ရွာသား များသည် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ ရွာသားများသည် စစ်ပြေးရှောင်ရသည့်အခြေအနေတွင် ၎င်းတို့အိုးအိမ်နှင့်ပိုင်ဆိုင်မှုများကို ထားရစ်ခဲ့ရသည်။ ဘဆ---ကျေးရွာမှ ရွာသားများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၎င်းတို့ရွာမှ စတင်ရွှေ့ပြောင်းခဲ့ရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ည (၁၀း၀၆) မိနစ်တွင် မယ်ပရီးကျေးရွာတွင်အခြေစိုက်သည့် ခမရ (၄၀၅) သည် လက်နက်ကြီး (၁၂၀) မမတစ်လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးသည် အစူးချောင်းကျေးရွာအုပ်စု၊ အမ--- ကျေးရွာထဲ တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသားတစ်ဦးအား ထိမှန်၍ဒဏ်ရာရခဲ့ပြီး လူနေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီး ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၌ ဘဆ---ကျေးရွာအပြင်ဖက်တွင် မယ်ပရီးတပ်စခန်းမှ SAC စစ်သားများနှင့် KNLA တပ်ဖွဲ့တို့နှစ်ဖက်ကြား တဖန်တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC သည် တိုက်ပွဲအနီးနား ပတ်ဝန်းကျင်တွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ညနေ (၃း၃၀) မိနစ်တွင် ဂျက်လေယာဉ်တစ်စီးသည် ဗုံးတစ်လုံး ပစ်ချခဲ့သည်။ ညနေ (၃း၂၄) မိနစ်တွင် ဂျက်လေယာဉ်သည် ဗုံးငါးလုံးပစ်ချခဲ့ပြန်သည်။ ထို့အပြင် ဂျက်လေယာဉ် တစ်စီးသည် ညနေ (၃း၂၈) မိနစ်မှစပြီး အော်လီဂန်စက်သေနတ်ဖြင့် တစ်ကြိမ်ပစ်ခတ်ပြီး ညနေ (၃း၃၂) မိနစ်တွင် တစ်ကြိမ်ပစ်ခတ်ခဲ့ပြန်သည်။ ထို့နောက် ညနေ (၃း၃၆) မိနစ်တွင် လေယာဉ်တစ်စီးသည် ဗုံးတစ်လုံးကြဲချခဲ့သည်။ ပစ်ချလိုက်သည့်ဗုံးအားလုံးသည် ဘဆ--- ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့အပြင် ညနေ (၅း၅၆) မိနစ်တွင် မယ်ပရီတပ်စခန်းမှ SAC စစ်သားများသည် လက်နက်ကြီး (၁၂၀) မမတစ်လုံးပစ် ခတ်ခဲ့သည်။ လက်နက်ကြီးသည် ဘီးလင်းမြို့နယ်၊ တာအူနီကျေးရွာအုပ်စု၊ ဘဒ--- ကျေးရွာအပြင်ဖက်တွင် ကျရောက် ပေါက်ကွဲခဲ့သည်။ ထို့အတူ ညနေ (ရး၃၁) မိနစ်တွင် SAC စစ်သားများသည် လက်နက်ကြီး (၁၂၀) မမတစ်လုံး ထပ်မံပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးသည် အစူးချောင်းကျေးရွာအုပ်စု၊ အမ--- ကျေးရွာရှိ ဘုန်းကြီးကျောင်းမုဒ်ဝ အနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးပေါက်ကွဲမှုတွင် ဘုန်းကြီးကျောင်းမုဒ်ဝ၊ ရေကန်၊ နတ်စင်နှင့်လူ နေအိမ်တစ်လုံး၏ခေါင်မိုးနှင့်နံရံပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသည့်အိမ်၏ပိုင်ရှင်မှာ စောသ---ဖြစ်သည်။ ည (၈) နာရီတွင် ဂျက်လေယာဉ်တစ်စီးသည် ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ဗုံးနှစ်လုံးသည် မယ်ပရီးကျေးရွာအုပ်စု၊ အစ--- ကျေးရွာ လမ်းမတွင် ကျရောက်ပေါက်ကွဲသဖြင့် လူနေအိမ်တစ်လုံးပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသောအိမ်သည် အသက် (၆၅)နှစ်အရွယ် ဦးက---၏အိမ်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် (၉း၂၈) မိနစ်တွင် မယ်ပရီးတပ်စခန်းတွင်အခြေစိုက်သော SAC ခမရ (၄၀၅) သည် လက်နက်ကြီး (၁၂၀) မမတစ်လုံးပစ်ခတ်ခဲ့သည်။ မနက် (၁၀း၁၁) မိနစ်တွင် လက်နက်ကြီး (၁၂၀) မမတစ်လုံး ပစ်ခတ်ခဲ့ပြန်သည်။ နေ့လည် (၁၂း၂၂) မိနစ်တွင် လက်နက်ကြီး (၁၂၀) မမတစ်လုံးထပ်မံပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် စောလ---နှင့်ကိုမ---တို့၏တဲအိမ်အနားတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် တဲအိမ်အမိုး ပျက်စီးသွားခဲ့သည်။ စောလ---သည် အသက် (၅၅)နှစ်ရှိပြီး ကိုမ---သည် အသက် (၂၈)နှစ်ရှိပြီးဖြစ်သည်။ ညနေ (၅) နာရီတွင် မယ်ပရီးတပ်စခန်းတွင်အခြေစိုက်သော ခမရ (၄၀၅) သည် အစူးချောင်းကျေးရွာအုပ်စု၊ ဘဃ---ကျေးရွာသို့ လက်နက်ကြီး (၁၂၀) မမသုံးလုံးပစ်ခတ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ - တဂေးလောင်းကျေးရွာအုပ်စုနှင့်တာအူခီးကျေးရွာအုပ်စုတွင် SAC ဒရုန်းတိုက်ခိုက်မှု

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ (၄း၄၀) မိနစ်တွင် SAC အသေခံဒရုန်းတစ်စီးသည် ဘီးလင်းမြို့နယ်၊ တဂေး လောင်းကျေးရွာအုပ်စု၊ ဘဖ--- ကျေးရွာရှိ ဘဖ---စာသင်ကျောင်းနေရာဒေသအတွင်း ထိုးတိုက်၍တိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းပျက်စီးခဲ့ရသည်။ အသေခံဒရုန်းသည် ကာမီကာဇ (kamikaze) ဒရုန်းဟုလည်းသိရှိရသည်။ (စာသင် ကျောင်း၏ခေါင်မိုး၊ မျက်နှာကျက်နှင့်ပြတင်းပေါက်မှန်များပျက်စီးခဲ့သည်။) အဆိုပါဒရုန်းသည် SAC ၏ဒရုန်းဖြစ်ရမည် ဟု ရွာသားများက ယူဆကြသည်။ အကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ထိုကဲ့သို့ဒရုန်းများ မရှိသောကြောင့်ဖြစ်သည်။ ညနေ (၄း၄၂) မိနစ်ဝန်းကျင်တွင် ဒရုန်းတစ်စီးသည် စာသင်ကျောင်းအနီးနားတွင် ဗုံးတစ်လုံး ပစ်ချခဲ့သည်။ ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်သည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဆင်းနေပြီးသည့်အချိန် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောင်းသားများသည် ညနေ (၃) နာရီတွင် ကျောင်းဆင်းကြသည်။ ထို့ကြောင့် ဒရုန်း တိုက်ခိုက်မှုတွင် မည်သူမှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါ။  

ဤသို့ဒရုန်းတိုက်ခိုက်မှုကြောင့် ဘဖ---ကျေးရွာမှ ရွာသားများသည် ရွာထဲတွင် မနေရဲတော့ပဲ တောင်တောင်၊ မြစ် ချောင်းကမ်းနားတွင် အကာအကွယ်ယူ၍ ပြေးပုန်းရှောင်ခဲ့ရသည်။ ဘဖ---ကျေးရွာမှ ကျောင်းသားများသည် ဒရုန်းတိုက် ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျောင်းတက်နိုင်ခြင်းမရှိခဲ့ပါ။ အကြောင်းမှာ ၎င်းတို့ဆရာ၊ ဆရာမများသည် စာသွား သင်ကြားရန် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ ကျောင်းသားမိဘများလည်း ၎င်းတို့သားသမီးများကို ကျောင်းသို့သွားရန် ခွင့်မပြုခဲ့ပါ။ ထို့ကြောင့် ဘဖ---စာသင်ကျောင်းကို ပိတ်ပင်ခဲ့ရသည်။ ဘဖ---စာသင် ကျောင်းသည် (၈)တန်းအထိရှိပြီး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ စီမံခန့်ခွဲသောကျောင်းဖြစ်၍ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ) စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ (ထိုစာသင်ကျောင်း ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပိတ်ပင်ခဲ့ရသည်။)

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် SAC ကာမီကာဇဒရုန်း (၆)စီးသည် ဘီးလင်းမြို့နယ်၊ တာအူခီးကျေးရွာအုပ်စု၊ ဘဟ---ကျေးရွာ၊ ဘဂ---နေရာအတွင်း ထိုးတိုက်၍တိုက်ခိုက်ခဲ့သည်။ ဒရုန်းသုံးစီးသည် ကျေးရွာအတွင်းတွင် ပေါက်ကွဲ သွားခဲ့သည်။ အခြားဒရုန်းသုံးစီးသည် ကျေးရွာအပြင်ဖက်ရှိ လယ်ယာထဲတွင် ထိုးကျခဲ့သည်။ သို့သော်မပေါက်ကွဲဘဲ ရှိနေသည်။

မနက် (၆း၅၃) မိန်စတွင် SAC ကာမီကာဇဒရုန်းတစ်စီးသည် ဘဂ---နေရာရှိ စာသင်ကျောင်းအနီးနားတွင်ရှိသော ဘုန်းကြီးကျောင်းဝင်းထဲတွင် ပေါက်ကွဲသွားခဲ့သည်။ ရွာသားများအလွန်ကြောက်ရွံ့ခဲ့ကြသည်။ ထိုမျှမက မနက် (၆း၅၅) မိနစ်နှင့် (၆း၅၈) မိနစ်တွင် ဘဟ---ကျေးရွာ၊ ဘဂ---နေရာရှိ လူနေအိမ်များနှင့်ဝေးသည့်နေရာတွင် ဒရုန်းနှစ်စီးပေါ က်ကွဲခဲ့သော်လည်း မည်သူမှထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါ။ သို့သော် ရွာသားများသည် အလွန်စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် တစ်ချို့ရွာသားများသည် ညအချိန်တွင် ကျေးရွာအပြင်ဖက်ရှိ ၎င်းတို့တဲအိမ်များသို့ ရှောင်ပုန်း၍ အိပ်စက် ခဲ့ရပြီး မနက်မိုးလင်းမှ ရွာကိုပြန်လာခဲ့ရသည်။ ကျေးရွာအပြင်ဖက်ရှိ ရွာသားများ၏လယ်ယာစိုက်ခင်းထဲတွင် ဒရုန်း နှစ်စီးထိုးကျသွားသည်။ သို့သော်မပေါက်ကွဲဘဲရှိနေသည်။ ညနေ (၄) နာရီတွင် ကျေးရွာအပြင်ဖက်ရှိလယ်ယာထဲတွင် ဒရုန်းတစ်စီးထိုးကျသွားပြန်သည်။ သို့သော်မပေါက်ကွဲဘဲရှိနေသည်။

ဒေသခံများ၏တင်ပြချက်အရ SAC ဒရုန်းများသည် စာသင်ကျောင်းများကို မကြာခဏတိုက်ခိုက်လေ့ရှိသည်။ထို့ကြောင့် ကျောင်းသားမိဘများသည် ဒရုန်းတိုက်ခိုက်မှုများထပ်မံဖြစ်ပွားလာမှာကိုကြောက်ရွံ့ကြ၍ ၎င်းတို့သားသမီးများကို ကျောင်းသို့ မတက်ခိုင်းကြတော့ပေ။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ - အစူးချောင်း၊ တဂေးလောင်းနှင့်ရွှေလောင်းအေးကျေးရွာအုပ်စုများတွင် SAC လေကြောင်း တိုက်ခိုက်မှုများထပ်မံဖြစ်ပွားခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် (၂) နာရီနှင့် (၃)နာရီခွဲကြားတွင် SAC သည် ဘီးလင်းမြို့နယ်၊ အစူးချောင်း ကျေးရွာအုပ်စုနှင့်ရွှေလောင်းအေးကျေးရွာအုပ်စုတွင် ဗုံး (၆)လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးသုံးလုံးသည် ရွှေလောင်းအေး ကျေးရွာအုပ်စု၊ ဘဧ---ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး လူနေအိမ်နှစ်လုံးပျက်စီးခဲ့သည်။ ထိုအိမ်ပိုင်ရှင်များမှာ စောန--- (၄၃နှစ်) နှင့် စောဝ--- (၂၉နှစ်) ဖြစ်သည်။ အိမ်ခေါင်မိုးများ၊ နံရံနှင့်ကြမ်းပြင်များပျက်စီးခဲ့သည်။ မည်သူမှ ဒဏ်ရာရခြင်းမရှိခဲ့ပါ။ အကြောင်းမှာ ရွာသားများသည် လေကြောင်းတိုက်ခိုက်မှုကိုကြောက်ရွံ့ကြသဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက ၎င်းတို့အိမ်ထဲတွင် အိပ်စက်ခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။

အစူးချောင်းကျေးရွာအုပ်စုတွင် ဗုံး (၇)လုံးကျရောက်ပေါက်ကွဲခဲ့သည်။ ဗုံးတစ်လုံးသည် အမ---ကျေးရွာရှိ စာ သင် ကျောင်းအဝင်ဝတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းအဆောက်အဦးတစ်လုံးနှင့်ကျောင်းဆရာအဆောင်ခန်းတစ် လုံးပျက်စီးသွားခဲ့သည်။ ဗုံးနှစ်လုံးသည် အမ---ကျေးရွာဒေသအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော် ထိုနေ ရာတွင် မည်သည့်ရွာသားမှရှိမနေခဲ့ပေ။ ထို့ကြောင့် မည်သူမှထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါ။ ကျန်ရှိသောဗုံးလေးလုံးသည် အစူးချောင်းကျေးရွာအုပ်စု၊ အမ---ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲသော်လည်း ပျက်စီးမှု၊ ဒဏ်ရာရမှုမရှိခဲ့ပါ။    

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် (၁၂း၄၇) မိနစ်တွင် SAC ဂျက်လေယာဉ်တစ်စီးသည် ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာအုပ်စု၊ ဘဖ--- ကျေးရွာတွင်းသို့ ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ဗုံးများသည် ဘုန်းကြီး ကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲ၍ ဘုန်းကြီးကျောင်းအဆောက်အဦးသုံးလုံးနှင့် လူနေအိမ် (၅)လုံးပျက်စီးသွား ခဲ့သည်။ အခြားလူနေအိမ် (၄၃)လုံး၏ခေါင်မိုးများနှင့် နံရံလည်းပျက်စီးခဲ့သည်။ ဗုံးအစအနများသည် ဘုန်းကြီးကျောင်း ဝင်းထဲရှိ အခြားအဆောက်အဦးသုံးလုံးကိုလည်း ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။ ဆရာတော်ဦးဇင်းနှစ်ပါးလည်း ထိမှန်၍ဒဏ်ရာရခဲ့သည်။ ဦးဇင်းတစ်ပါးသည် သူ၏ခြေဖနှောင့်တွင် ဒဏ်ရာရခဲ့ပြီး အခြားဦးဇင်းတစ်ပါးမှာ သူ၏ဝမ်း ဗိုက်တွင် ဒဏ်ရာရခဲ့သည်။ ဦးဇင်းနှစ်ပါးသည် ဘုန်းကြီးကျောင်းထဲတွင် ဆေးကုသမှုခံယူခဲ့သည်။ စိုက်ပျိုးပင်တော် တော်များများလည်း ပျက်စီးခဲ့ရသည်။ (အခြားမည်သူမှ ဒဏ်ရာရခြင်းမရှိခဲ့ပါ။ အကြောင်းမှာ ဘဖ--- ကျေးရွာရှိ ရွာသား များအားလုံးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် SAC သည် ၎င်းတို့ရွာကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်ခဲ့သောကြောင့်ဖြစ်သည်။)

Mon, 30 Jun 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်း သတင်းတိုသည် လက်ခံရရှိသော မြေပြင်အစီရင်ခံစာ (၁၁) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-16-D1၊ 25-44-D1၊ 25-44-D2၊ 25-44-D3၊ 25-44-D4၊ 25-44-D5၊ 25-44-D6၊ 25-44-D7၊ 25-44-D8၊ 25-48-D1 နှင့် 25-53-D1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်