Fri, 26 Jul 2024
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါဖားခိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ SAC မှ ရွာသားများ၏အိမ်များအား မီးရှို့ခြင်း၊ ပိုင်ဆိုင်မှု များအား လုယက်ခြင်းနှင့် UXO ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့ခြင်း (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ဒေါ် ဖားခို (သံတောင်ကြီး)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အဖြစ်အပျက်များကို ဖော်ပြထား သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေးနယ်မြေ၊ အ---ကျေးရွာအနီးနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း နွားနှစ်ကောင်အား ကျည်ဆံ ထိမှန်ပြီး သေဆုံးခဲ့သည်။ ရွာသားများသည်လည်း ဘေးကင်းလုံခြုံသည့်အနီးပတ်ဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် SAC တပ်ဖွဲ့များသည် ရွာထဲဝင်လာပြီး ရွာသားများပိုင်ဆိုင်သော ကား၊ ဆိုင်ကယ်နှင့် အခြားပစ္စည်း ဥစ္စာများကို လုယက်ခိုးယူခဲ့ပြီး လူနေအိမ် (၆၄)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ရွာသားတစ်ဦးသည် လုယက်ခံရသည့်၎င်း၏ကားကို ပြန်လည်ရယူရာတွင် SAC မှ ၎င်းအား ဖမ်းဆီးခဲ့သည်။ အကယ်၍ နောက်တစ်ခါတိုက်ပွဲ ဖြစ်ပွားပါက SAC သည် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ရွာသားများအား ခြိမ်းခြောက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် အ---ကျေးရွာတွင်နေထိုင်သည့်ကလေးနှစ်ဦးသည် မပေါက်ကွဲသေးသောလက်နက်ကြီး (UXO) တစ်လုံးကိုကောက်ယူ၍ ဆော့ကစားရာမှပေါက်ကွဲသွားပြီး ၎င်းတို့နှစ်ဦးကိုထိမှန်ကာ သေဆုံးခဲ့သည်။ အဆိုပါ UXO တစ်လုံးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက် နက်ကြီးတစ်လုံးဖြစ်ပြီး မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည်ဟု ဒေသခံရွာသားများက ယူဆကြသည်။ [1]

 

 

ထီးဒေးနယ်မြေ၊ အ---ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် လူနေအိမ်များ မီးရှို့ခံရခြင်း

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့ ညနေ (၃)နာရီဝန်းကျင်၌ တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်၊ ထီးဒေးနယ်မြေ၊ အ---ကျေးရွာအနီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၉)၊ အခြား SAC တပ်ရင်းများ (တပ်ရင်းအမှတ်မသိ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်သားများ (တပ်ရင်းအမှတ်မသိ)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်ရင်းအမှတ်(၄) ပူးပေါင်းတပ်ဖွဲ့များတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲသည် (၃)နာရီခန့်ကြာမြင့်ခဲ့သည်။ SAC တပ်ဖွဲ့ များသည် (ခလရ - ၄၉နှင့်  တပ်ရင်အမှတ်မသိရသော အခြား SAC တပ်ရင်းများ) နေပြည်တော်ကောင်စီနယ်မြေတွင် အခြေစိုက်သောတပ်ဖွဲ့များဖြစ်သည်။ (နေပြည်တော်ကောင်စီနယ်မြေသည် SAC တိုက်ရိုက်ထိန်းချုပ်ထားသော အုပ် ချုပ်ရေးနယ်မြေတစ်ခုဖြစ်သည်။) တိုက်ပွဲမဖြစ်ပွားခင်တွင် PDF သည် အ---ကျေးရွာအနီးတွင် ယာယီစခန်းချ၍ ရက် အနည်းငယ်နေထိုင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် တပ်မဟာ (၂)၊ တပ်ရင်းအမှတ် (၄)မှ KNLA စစ်သားအချို့ လည်း PDF ၏ယာယီစခန်းတွင် ရှိနေခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရွာသားများပိုင်ဆိုင်သည့်နွားနှစ်ကောင်အား သေနတ်ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့သည်။ အ---ကျေးရွာမှ ရွာသားအချို့သည် အသက်ဘေးမှ လွတ်မြောက်ရန် အတွက် နီးစပ်ရာလယ်ယာ၊ စိုက်ခင်းများနှင့်တောတောင်သို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထိုသို့ထွက်ပြေးတိမ်းရှောင် ရာတွင် ရွာသားများသည် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုကလွဲပြီး ဘာပစ္စည်းမှယူဆောင်သွားနိုင်ခြင်းမရှိခဲ့ပေ။     

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ (၆)နာရီဝန်းကျင်တွင် SAC တပ်ဖွဲ့များသည် ရွာထဲသို့ဝင်ရောက်လာပြီး လူနေအိမ် (၆၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအခြင်းအရာကြောင့် ကျန်ရှိသောတစ်ချို့ရွာသားများသည် ဘေးကင်းလုံခြုံသည့် နီးစပ် ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အ---ကျေးရွာတွင် အိမ်ခြေပေါင်း (၁၀၀)ကျော်ရှိသည်။ SAC တပ်ဖွဲ့များ သည် ရွာသားများ၏နေအိမ်များကို မီးမရှို့ခင်တွင် အိမ်ထဲမှ ၎င်းတို့လိုချင်သည့်ပစ္စည်းဥစ္စာများကို လုယက်ခိုးယူပြီးမှ အိမ်များကိုမီးရှို့လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ရွာသားများ၏ကားနှစ်စီးနှင့် ဆိုင်ကယ်သုံးစီးကိုလည်း လုယက်ခဲ့သည်။ အလုယက်ခံရသည့်ကားတစ်စီး၏ပိုင်ရှင်သည် ဦးဘ---ဖြစ်သည်။ အခြားကားတစ်စီး၏ပိုင်ရှင်နှင့်ဆိုင်ကယ်ပိုင်ရှင်များ၏ အမည်များကို မသိရှိရပါ။ ကားပိုင်ရှင်များအနေဖြင့် ၎င်းတို့ကားကို ပြန်ရွေးယူမည်ဆိုပါက ကားတစ်စီးလျှင် ငွေကျပ် သိန်း (၄၀)ပေးရမည်ဟု SAC မှ တောင်းဆိုခဲ့သည်။ ဦးဘ---သည် ၎င်း၏ကားကို ပြန်ရွေးယူရာတွင် SAC မှ ၎င်းအား ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ (ဦးဘ---သည် ပြန်လည်လွတ်မြောက်လာခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ ၎င်း၏အခြေအနေကို KHRG မှ မသိရှိရပါ။) အကယ်၍(SAC နှင့် PDF ၊ KNLA တို့ကြား)  တိုက်ပွဲနောက်တစ်ခါဖြစ်ပွားလာလျှင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု SAC တပ်ဖွဲ့များမှ ဒေသခံရွာသားများအား ခြိမ်းခြောက်ခဲ့သည်။

ယခုအချိန်တွင် ရွာသားအများစုသည် ၎င်းတို့ရွာသို့ပြန်လာနေထိုင်ကြပြီးဖြစ်သည်။ တစ်ချို့ရွာသားများသည် ရွာသို့ပြန် လာနိုင်ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် မီးရှို့ခံရပြီး ဆုံးရှုံးသွားသည့်၎င်းတို့အိမ်များကို ပြန်လည် တည်ဆောက်ရန်အတွက် ငွေကြေးမတတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အခြားရွာများတွင်ရှိသော ၎င်းတို့၏ ဆွေမျိုးသားချင်းများ သို့မဟုတ် သူငယ်ချင်းများ၏အိမ်တွင်သာ နေထိုင်ကြရသည်။ မီးရှို့ခံရသည့် တစ်ချို့သောအိမ်များ ၏ပိုင်ရှင်များသည် အ---ကျေးရွာထဲတွင် ယာယီတဲအိမ်များဆောက်လုပ်၍ နေထိုင်ကြသည်။ KNLA အနေဖြင့်လည်း ရွာသားများအိမ်ဆောက်လုပ်ရန်အတွက် သစ်၊ ဝါးများရရှိရန် ကူညီပေးခဲ့သည်။ (ဒေါ်ဖားခိုမြို့နယ်အနီးတွင်တည်ရှိသော ပဲခူးတိုင်းဒေသရှိ ရေတာရှည်မြို့မှ)  ရေတာရှည်လူမှုကူညီရေးအဖွဲ့သည် အ---ကျေးရွာမှ ရွာသားများအတွက် ဆန်၊ ဆီအစရှိသောစားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ပေးခဲ့သည်။ ထိုစားနပ်ရိက္ခာသည် ရွာသားများအတွက် (၁) လအထိ သာလုံလောက်မှုရှိခဲ့သည်။ နောက်ပိုင်းတွင် ရွာသားများသည် အခြားကူညီထောက်ပံ့မှုများ မရရှိကြတော့ပါ။ စားနပ်ရိက္ခာ နှင့်အိမ်ဆောက်လုပ်ရန်လိုအပ်သည့်အရာများအတွက် ရွာသားများအနေဖြင့် အခြားမည်သည့်လူသားချင်း စာနာထောက်ထားမှုအဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုမရရှိကြပါ။ ဆုံးရှုံးသွားသည့်နေအိမ်များနှင့် ဘဝကို ပြန်လည်ထူထောင်ရန်အတွက် ကူညီထောက်ပံ့မှုများလိုအပ်နေသေးကြောင်း ရွာသားများက KHRG အား တင်ပြခဲ့ သည်။

လက်ရှိအချိန်တွင် (၂၀၂၄ခုနှစ်၊ ဇူလှိုင်လ) အ---ကျေးရွာအနီးတွင် PDF ယာယီစခန်းများမရှိတော့ပါ။ သို့သော် ကျေးရွာ အနီးတွင် SAC မှ ယာယီစခန်းချ၍ ယခုအချိန်ထိ ဆက်လက်တည်ရှိနေသည်။

ထီးဒေးနယ်မြေ၊ အ---ကျေးရွာတွင် ဖြစ်ပွားခဲ့သော UXO ပေါက်ကွဲမှု

၂၀၂၄ခုနှစ်၊ မတ်လ ၂၁ရက်နေ့တွင် အ---ကျေးရွာတွင်နေထိုင်ကြသည့်ကလေးနှစ်ဦးသည် (ကျေးရွာထဲတွင်) မပေါက်ကွဲ သေးသောလက်နက်ကြီး (UXO) တစ်လုံးကိုတွေ့ရှိခဲ့သည်။ ထိုကလေးနှစ်ဦးသည် ဝေယံလင်း (အသက်ငါးနှစ်)နှင့် ကောင်းခန့်လွင် (အသက်ရှစ်နှစ်)တို့ဖြစ်ကြသည်။ (အဆိုပါ UXO တစ်လုံးသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့၌ SAC နှင့် PDF ၊ KNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်ဖွဲ့မှ ပစ်ခတ်လိုက်သောလက်နက်ကြီးတစ်လုံး ဖြစ်ပြီး မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည်ဟု ဒေသခံရွာသားများက ယူဆကြသည်။) ဝေယံလင်းနှင့်ကောင်းခန့်လွင်သည် UXO တစ်လုံးကိုတွေ့ရှိပြီးနောက် ၎င်းကိုဆော့ကစားရာမှ ပေါက်ကွဲသွားခဲ့သည်။ ထိုပေါက်ကွဲမှုသည် ဝေယံလင်း၏ ဦးခေါင်း၊ ဘယ်ဖက်လက်၊ ဘယ်ဖက်ခြေထောက်၊ ရင်ဘတ်နှင့်ဗိုက်ကိုထိမှန်၍ ထိုနေရာတွင် သေဆုံးသွားခဲ့သည်။ ကောင်းခန့်လွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ သူ၏ဘယ်ဖက်ခြေထောက်တစ်ဖက်လုံးမှာ စုတ်ပြဲသွားခဲ့ပြီး သူ၏ဘယ်ဖက်လက်ရိုး၊ လက်မောင်းနှင့်ရင်ဘတ်တွင်လည်း ဒဏ်ရာရရှိခဲ့သည်။ ရွာသားများသည် ကောင်းခန့်လွင်ကို နေပြည်တော်ကောင်စီနယ်မြေရှိ ဆွာမြို့တွင်ရှိသော ဆေးရုံသို့ပို့ဆောင်ရန်ကြိုးစားခဲ့သည်။ (ဆေးရုံသို့ရောက်ရှိရန် နှစ်နာရီခန့်ကြာမြင့်နိုင်ချေရှိသည်။) သို့သော်လည်း ဆေးရုံသို့ပို့ဆောင်ရန် ကောင်းခန့်လွင်အားရွာအပြင်သို့ သယ်ဆောင် သည့်အချိန်တွင် လမ်းမှာပင် သေဆုံးသွားခဲ့သည်။

ရွာသားများသည် ဝေယံလင်းနှင့်ကောင်းခန့်လွင်တို့၏အသုဘအတွက် ကူညီစီစဉ်ပေးခဲ့သည်။ KHRG လက်ခံရရှိသည့် သတင်းအရ အခင်းဖြစ်ပွားပြီးနှစ်ပတ်ကြာသည့်အထိ ဤသေဆုံးသွားသည့်ကလေးနှစ်ဦး၏မိသားစုကို မည်သူတစ်ဦးမှ ကူညီထောက်ပံ့မှုပေးခြင်းမရှိခဲ့ပေ။ ထိုနောက်ပိုင်းတွင် ဤကလေးနှစ်ဦး၏မိသားစုဝင်များသည် အခြားကူညီထောက်ပံ့ မှုရရှိခြင်းရှိ၊ မရှိစသည့်အခြေအနေနှင့်ပတ်သက်၍ မသိရှိရပါ။

Fri, 26 Jul 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်းတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်